အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား အပစ်အခတ်ရပ်စဲမှုအသက်ဝင်

တဲအဗစ်၊ စစ်ရေး

အစ္စရေးနှင့်  ပါလက်စတိုင်းတို့ကြားဖြစ်ပွားနေသည့် အပစ်အခတ်ရပ်စဲမှုသည် မေ ၂၁ ရက်အစောပိုင်းမှစ၍  အသက် ဝင်လာပြီဖြစ်ကြောင်းသိရသည်။

အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ယခုတစ်ကြိမ်ဖြစ်ပွားသည့်ပစ်ခတ်တိုက်ခိုက်မှုများသည် မေ ၁၀ ရက်တွင် စတင်ဖြစ်ပွားခြင်းဖြစ်သည့်အတွက် ၁၁ ရက်ကြာစစ်ပွဲမှာ ယခုအခါရပ်စဲသွားပြီဖြစ်သည်။ အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် သေဆုံးသူအယောက် ၂၅၀ ကျော်ရှိပြီး အများစုမှာ ဂါဇာကမ်းမြောင်ဒေသ မှဖြစ်သည်။ သို့သော် ယခုစစ်ပွဲတွင် ၎င်းတို့အနိုင်ရကြောင်း နှစ်ဖက်စလုံးက အခိုင်အမာပြောထားသည်။

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသရှိဟားမက်တို့က အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးအစင်းပေါင်း ၄၃၀၀ ကျော် ပစ်ခတ်ကြောင်းနှင့်  အစ္စရေးဘက်က  ဒုံးအစင်းပေါင်း ၁၀၀၀ ကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အစ္စရေး စစ်ဘက်ကပြောသည်။

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲမှုနှင့်ပတ်သက်၍ အစ္စရေးတို့ဘက်က ၎င်းတို့၏ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုအပေါ် မကျေနပ်သည့်အသံများထွက်လာသည်။ အထူးသဖြင့် ဂါဇာမှပစ်ခတ်လိုက်သော ဒုံးကျည် ထိမှန်ခြင်းခံရသည့် ဒဲရော့နှင့်အက်ရှကလွန်မြို့တို့မှ မြို့တော်ဝန်များက ဝန်ကြီးချုပ်အနေဖြင့် တိုက်ပွဲကို စောစောစီးစီးရပ်လိုက်ကြောင်း၊ ဟားမက်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသင့်ကြောင်း ပြောသည်။

သို့သော် ယခုစစ်ပွဲတွင် ဟားမက်တို့ထံမှ အကျိုးအမြတ်ကြီးကြီးမားမားရလိုက်ကြောင်း၊ လက်ရှိတွင် ထုတ်ဖော် ပြောမည်မဟုတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သိလာမည်ဖြစ်ကြောင်း  ဝန်ကြီးချုပ်က  မေ ၂၁ ရက်တွင် ပြောထားသည်ဟု သိရသည်။

Ref: TST