အထဲမှာကိုဗစ်နဲ့ အပြင်မှာမုန်တိုင်းကြောင့် အကူအညီလိုနေမယ့် အိန္ဒိယ

ကိုဗစ်-၁၉ ရောဂါ ဒုတိယအကျော့ ကူးစက်မှုကို ခါးစည်းရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံဟာ နောက်ထပ် သဘာဝဘေးဆိုးတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ ဘယ်လိုသဘာဝဘေးဆိုးလဲဆိုတော့ မုတ်သုံရာသီအကြို ရာသီရောက်လာပြီဖြစ်တဲ့အတွက်  မုန်တိုင်းဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ သာမန်အားဖြင့်တော့ မုန်တိုင်းတွေကြောင့် မိုးရာသီစတင်လာရတယ်လို့ ဆိုနိုင်ပေမယ့်လည်း အခုတိုက်ခတ်နေတဲ့ နောင်တိုက်ခတ် လာမယ့် မုန်တိုင်းတွေကတော့ ယခင်မုန်တိုင်းတွေထက် ပိုဆိုးပါလိမ့်မယ်။ ဒီနေရာမှာ သဘာဝဘေးလို့ ဆိုနေရပေမယ့်လည်း တကယ်တမ်းအရင်းစစ်ကြည့်ရင်တော့ လူသားတွေရဲ့ပြုမူ လုပ်ဆောင်မှုကြောင့် မုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာရတာပါ။

အရင်ဆုံး ဒေသတွင်းမှာတိုက်ခတ်တဲ့ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းတွေဖြစ်ပေါ်လာရတဲ့ ပုံစံကိုရှင်းပြ ချင်ပါတယ်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဆိုတာကတော့ အီကွေတာအနီးမှာရှိတဲ့ သမုဒ္ဒရာရေပြင်တွေ ပူနွေးမှုတစ်ခုတည်းကြောင့်သာ ဖြစ်ပေါ်လာတာပါ။ရေမျက်နှာပြင်ပေါ်မှာရှိတဲ့ ပူနွေးပြီးစိုစွတ်တဲ့လေတွေက အထက်ကိုတက်သွားပါတယ်။ အဲဒီလေတွေက အထက်ကို ရောက်လေလေ ရေမျက်နှာပြင်နဲ့ သူတို့ကြားမှာ   လေပူတွေဝင်ရောက်နေရာယူလေလေပါပဲ။ ဒီအချိန်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပါတယ်။

လေဖိအားနည်းရပ်ဝန်းအနီးမှာရှိတဲ့ လေတွေက အဲဒီထဲကိုအရှိန်နဲ့ဝင်ရောက်လာပါတယ်။ ဝင်လာတဲ့လေ အေးများသည်လည်း  ပူနွေးပြီးစိုစွတ်တဲ့လေတွေအဖြစ် ပြောင်းသွားပြီး အထက်ကိုတက်သွားပြန်ပါတယ်။ ဒီလိုဖြစ်စဉ်ဟာ စဉ်ဆက်မပြတ်ဖြစ်ပေါ်ပါတယ်။ အထက်ကိုတက်သွားတဲ့ ပူနွေးစိုစွတ်တဲ့လေတွေက အထက် လေထုထဲမှာရှိတဲ့ရေကိုအေးမြစေပြီး တိမ်ထုတွေဖြစ်ပေါ်လာပါတယ်။ ဒီလိုမျိုး တိမ်ထုဖြစ်ပေါ်မှု၊ လေလှည့် ပတ်တိုက်ခတ်မှုကြီးမားလာခြင်းဟာ သမုဒ္ဒရာရဲ့အပူချိန်နဲ့ ရေပြင်ကနေတက် လာတဲ့ရေငွေ့တွေကြောင့်ဖြစ် ပါတယ်။

ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပေါ်လာရာကနေ လေလှည့်ပတ်တိုက်ခတ်မှုက ပိုမိုကြီးမားလာပြီး မုန်တိုင်းရဲ့ ဗဟိုချက်ကို ဖြစ်ပေါ်လာစေပါတယ်။လှည့်ပတ်နေတဲ့မုန်တိုင်းစနစ်ရှိလေတိုက်နှုန်းက တစ်နာရီကို ၃၉ မိုင်နှုန်းအထိရောက်တယ်ဆိုရင်   အဲဒါကို   အပူပိုင်းမုန်တိုင်းလို့ခေါ်ပြီး တစ်နာရီကို ၇၄ မိုင်နှုန်းနဲ့ဆိုရင်တော့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း လို့ခေါ်ပါတယ်။ ဒီမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကိုဝင်ရောက်မှသာ အားပျော ့ပျက်ပြယ်သွားပါတယ်။ ဒါပေမဲ့ မုန်တိုင်းရဲ့အရှိန်ကြောင့် ကုန်းတွင်းပိုင်းရှိ လူတွေ၊ အိုးအိမ်အဆောက်အအုံ တွေ ပျက်စီးဆုံးရှုံးရပါတယ်။

ကမ္ဘာ့သမုဒ္ဒရာရေပြင်တွေဟာ လူသားတွေစွန့်ထုတ်လိုက်တဲ့ အပူ ၉၀ ရာခိုင်နှုန်းကိုစုပ်ယူပါတယ်။ ဒါပေမဲ့ လည်း လူသားတွေက ဖန်လုံအိမ်ဓာတ်ငွေ့တွေထုတ်လွှတ်မှုကြောင့် မြင့်တက်လာတဲ့အပူချိန်တွေက သမုဒ္ဒရာ တွေအနေနဲ့ ပိုမိုအားကောင်းတဲ့ မုန်တိုင်းတွေကိုဖြစ်ပေါ်လာစေတာပါ။

ကမ္ဘာပေါ်မှာအကြီးဆုံး ပင်လယ်အော်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်က ဆိုင်ကလုန်းမုန်တိုင်းပေါင်းများစွာကို  နှစ်စဉ်မွေးဖွားပေးနေတဲ့နေရာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသူပျက်စီးဆုံးရှုံးမှုအများဆုံး အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း ၃၅ လုံးထဲမှာ ၂၆ လုံးက ဘင်္ဂလားပင်လယ်အော်ထဲမှာအစပြုတာပါ။ လက်ရှိအချိန်မှာ   အိန္ဒိယနိုင်ငံ ဟာ အာရေဗီးယားပင်လယ်ထဲမှာဖြစ်ပေါ်တဲ့ တောက်တဲ့လို့ခေါ်တဲ့ မုန်တိုင်းတိုက်ခတ်မှုကိုခံစားနေရပါတယ်။

တောက်တဲ့မုန်တိုင်းဟာ မေ ၁၆ ရက်မှာ အိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းကိုဝင်ရောက်ပြီး မေ ၁၉ ရက်အထိ စာရင်းတွေအရ သေဆုံးသူ ၂၅ ဦးနဲ့ ကီရာလာ၊ ကာနာတာကာ၊ ဂူဂျာရက်နဲ့ မဟာရက် ရှထရာပြည်နယ်တို့မှာ ပျက်စီးဆုံးရှုံးမှုတွေများစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံ အတွက်တော့ ဒီနှစ်အတွက် ပထမဆုံးမုန်တိုင်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိန္ဒိယနိုင်ငံဟာ နောက်ထပ်မုန်တိုင်းတစ်လုံးကိုရင်ဆိုင်ဖို့လည်း အသင့်ပြင်ဆင်ထားရပါပြီ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ မုန်တိုင်းက ဘင်္ဂလားပင်လယ်အော်ထဲကလာမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့   အရှေ့ဘက် ကမ်းရိုးတန်းကို ဝင်ရောက်မှာပါ။ အချိန်အားဖြင့်တော့ မေ ၂၃ ရက်ဝန်းကျင်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ချန်နိုင်းပြည်နယ်ဆိုင်ရာ ညွှန်ကြားရေးမှူးက လက်ရှိ ဘင်္ဂလားပင်လယ်အော်ရဲ့ ရေမျက်နှာပြင် အပူချိန်ဟာ သာမန်အပူချိန်ဖြစ်တဲ့ ၁ ဒီဂရီစင်တီဂရိတ်နဲ့ ၂ ဒီဂရီစင်တီဂရိတ်ကြားထက်  ပိုမိုမြင့်တက်နေတဲ့အတွက် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းက မေ ၂၂ ရက်ကျရင် ကပ္ပလီကျွန်းစုများအနီးမှာဖြစ်ပေါ်မှာဖြစ်တဲ့အတွက် အဲဒီ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီးမှသာ မုန်တိုင်းရဲ့ပြင်းထန်မှုအနေအထားကို အတည်ပြုနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း အိန္ဒိယနိုင်ငံဟာ အမ်ဖန်မုန်တိုင်းရဲ့ တိုက်ခတ်မှုဒဏ်ကိုခံခဲ့ရပါတယ်။ အဲဒီ အချိန်တုန်းက လေတိုက်နှုန်း တစ်နာရီကို ၁၃၆ မိုင်နှုန်းရှိပါတယ်။ ဒီအတွက်ကြောင့် မေလရောက်တိုင်း မုန်တိုင်းအတိုက်ခံရတာဟာ အိန္ဒိယနိုင်ငံအတွက်တော့ ပုံမှန်အခြေအနေလို့ဆိုနိုင်ပေမယ့် အခုလိုမျိုး ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါဖိစီးနေချိန်မှာတော့ ဘယ်လိုဘေးဆိုးတွေကိုမှ ထပ်ပြီးမကြုံချင်မှာအမှန်ပါပဲ။

ယေဘုယျအားဖြင့်ကြည့်မယ်ဆိုရင် မုန်တိုင်းကြောင့်မိုးရွာမယ်။ မိုးရွာတော့ရေကြီး၊ မြေပြိုမယ်။ ပြည်သူ တွေဘေးလွတ် ရာကိုထွက်ပြေးရမယ်။ နေရာကျဉ်းကျဉ်းလေးမှာ လူတွေစုစုရုံးရုံးဖြစ်တဲ့အခါကျတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်လာမယ်။ အခုလည်း အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးမျိုးသော ဒုက္ခတွေကို ရင်ဆိုင်ခံစားနေရပါတယ်။ ဒီအချိန်မှာ အားပြင်းမုန်တိုင်းတွေ ဝင်ရောက်တဲ့အတွက် ဒုက္ခပင်လယ်ဝေရဦးမှာပါ။

ဒါကြောင့် နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ရောဂါမွှေနှောက်ပြီး နိုင်ငံပြင်ပမှာတော့ မုန်တိုင်းများဝိုင်းနေတဲ့ အိန္ဒိယနိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အကူအညီလိုအပ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

ထက်မြတ်