အဓမ္မပြုကျင့်ရန် ကြံစည်သည့် အိန္ဒိယအမျိုးသား တစ်ရွာလုံးရှိ အမျိုးသမီးအဝတ်များကို ခြောက်လတိုင်တိုင် လျှော်ဖွပ် မီးပူတိုက်ရမည်ဟုဆို

အဓမ္မပြုကျင့်ရန် ကြံစည်သည့် အိန္ဒိယအမျိုးသား တစ်ရွာလုံးရှိ အမျိုးသမီးအဝတ်များကို ခြောက်လတိုင်တိုင် လျှော်ဖွပ် မီးပူတိုက်ရမည်ဟုဆို

အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့်  တရားစွဲခံရသည့် အိန္ဒိယ အမျိုးသားတစ်ဦးကို တရားရုံးက သတ်မှတ်ချက်ရှိသော ခံဝန်ဖြင့်  လွှတ်ပေးထားပြီး တစ်ရွာလုံးရှိ အမျိုးသမီးများ၏ အဝတ်များကို ခြောက်လတိုင်တိုင် လျှော်ဖွပ်မီးပူတိုက်ပေးရန် အမိန့်ချမှတ်ထားသည်။

အဆိုပါအမျိုးသား အနေဖြင့် ဘီဟာပြည်နယ် မက်ဟိုးကျေးရွာရှိ အမျိုးသမီး အယောက် ၂ဝဝဝ ခန့်၏ အဝတ်များကို လျှော်ဖွပ်ပေးရန် လိုအပ်သော ဆပ်ပြာမှုန့်များနှင့်   အခြားသော ပစ္စည်းများကို ကိုယ့်ငွေနှင့်ကိုယ် ဝယ်ရမည်ဟု တရားရုံး၏ စက်တင်ဘာ ၂၃ ရက်တွင်  ချမှတ်သည့် အမိန့်၌ဖော်ပြထားသည်။

အသက် ၂ဝ ရှိ  လာလန်ကူးမားဆိုသူ အမျိုးသားသည်  ခဝါသည်အလုပ်ဖြင့် အသက်မွေးသူဖြစ်ပြီး ဧပြီလတွင် အဓမ္မပြု ကျင့်ရန် ကြံစည်သည် ဟူသော စွပ်စွဲချက်အပါအဝင် အခြားသော ပြစ်မှုများဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဘီဟာပြည်နယ် မဒူဘာနီခရိုင်မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့ပြင်  တရားရုံး၏ ယခုကဲ့သို့အမိန့်ချမှတ်မှုကို တစ်ရွာလုံးရှိ အမျိုးသမီးများက ကျေနပ်ဝမ်းသာနေကြောင်း  ကျေးရွာ ကောင်စီဥက္ကဋ္ဌ နာဆီမာခါတွန်းက ပြောသည်။

အလားတူ  ယခုအမိန့်ချမှတ်မှုသည် သမိုင်းဝင် သွားပြီဖြစ်ကြောင်း၊ ထိုသို့အမိန့် ချမှတ်ခြင်းကြောင့် အမျိုးသမီးများအပေါ် လေးစားမှု မြင့်တက်လာစေနိုင်ကြောင်းနှင့်အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရေးအတွက်  အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း ကျေးရွာကောင်စီဥက္ကဋ္ဌ နာဆီမာခါတွန်းက ဆက်ပြောသည်။

တရားရုံး၏ အမိန့်သည် အမျိုးသမီးများ အပေါ် ကျူးလွန်သည့်ပြစ်မှုများနှင့် ပတ်သက်၍ အပြုသဘောဆောင်သော သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း ကျေးရွာမှ အမျိုးသမီးများက ပြောသည်။

အိန္ဒိယနိုင်ငံ၏ အဓမ္မပြုကျင့်မှုဆိုင်ရာ ဥပဒေများကို ၂ဝ၁၂ ခုနှစ်တွင် အလုံးစုံ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ထားသော်လည်း  ထိုကဲ့သို့ ပြစ်မှု ကျူးလွန်မှုများ မြင့်တက်လျက် ရှိနေဆဲဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်အတွင်း တစ်နိုင်ငံလုံး၌ အဓမ္မပြုကျင့်မှု စုစုပေါင်း ၂၈ဝဝဝ ကျော်ရှိသည်။

ထိုကဲ့သို့သောပြစ်မှုများ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍  ကာကွယ် တားဆီးရေးကို ထိရောက်စွာ   လုပ်ဆောင်မှု မရှိခြင်းနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို တရားရုံး မတင်နိုင်ခြင်းတို့အတွက်  ရဲတပ်ဖွဲ့က ဝေဖန်ခံနေရကြောင်း သိရသည်။

Ref: TST