အနာဂတ်အတွက် ကြိုတင်မပြောနိုင်သောကြောင့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် လီဗာပူး အသင်းမှထွက်ခွာနိုင်ကြောင်း ဆာလက်ချ်ပြော

လီဗာပူး၊ ဘောလုံး

လီဗာပူးအသင်းတိုက်စစ်မှူး ဆာလက်ချ်က မိမိ၏အနာဂတ်အတွက် ကြိုတင်မပြောနိုင်သည့်အတွက် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာရနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင်  ရီးယဲလ်မက်ဒရစ်အသင်း၊ ဘာစီလိုနာအသင်းတို့နှင့် သတင်းများထွက်ပေါ်နေသည့် ဆာလက်ချ် သည် လီဗာပူးအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေပြီး ယခုဘောလုံးရာသီတွင် လီဗာပူးအသင်း ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့ပါက အသင်းမှ မဖြစ်မနေထွက်ခွာဖွယ်ရှိနေသည်။

ထို့အတူ အီဂျစ်လက်ရွေးစင်အသင်းနှင့် လီဗာပူး အသင်းတို့ကြား ပြဿနာများဖြစ်ပွားရာတွင် အဓိက   တရားခံအဖြစ်ရှိနေသည့် ဆာလက်ချ်နှင့် လီဗာပူးအသင်းတို့ဆက်ဆံရေးမှာလည်း အေးစက်လာခဲ့သည့် အတွက် လီဗာပူးအသင်းက  အပြောင်းအရွှေ့ကာလတွင်   ကစားသမားသစ်များခေါ်ယူ အင်အားဖြည့်တင်းရန်   မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ဆာလက်ချ်ကို လက်လွှတ်ဖွယ်ရှိနေသည်။

ဆာလက်ချ်က “ကျွန်တော် အသင်းမှာ ဆက် ရှိ၊ မရှိက  ကျွန်တော့်အပေါ်မှာ  မူတည်မနေပါဘူး။ အနာဂတ် ဘာဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။ လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ အပြောင်းအရွှေ့အတွက် မှတ်ချက် တစ်စုံတစ်ရာ မပြောပြနိုင်သေးပါဘူး။ ကျွန်တော်နဲ့ နည်းပြရော၊ အသင်းက ကစား သမားတွေနဲ့ရော ဆက်ဆံရေး ကောင်းမွန်ပါတယ်” ဟု ပြောသည်။

ဆာလက်ချ်သည် ယခုဘောလုံးရာသီတွင်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁၇ ဂိုးအထိသွင်းယူကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်နေကြောင်း သိရသည်။

Ref;The Sun