အနီရောင်အသားများမှ ပေးသော နာမကျန်းမှု

ကျွန်မတို့သည် သက်ရှည်ကျန်းမာဖို့ အစာအာဟာရများ မှီဝဲသုံးဆောင်ကြရသည်။ အစာအာဟာရများ မှီဝဲသုံးဆောင်ခြင်းဆိုရာတွင် အသားငါး၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ မုန့်ပဲသရေစာများကို မျှတစွာ သုံးဆောင်ကြရသည်။ ယခုနှစ်များ အတွင်းတွင်မူ မြန်မာနိုင်ငံတွင် အသားစားသုံးမှုနှုန်းသည် မြင့်တက်လျက်ရှိသည်ကို လေ့လာမှုများအရ သိရသည်။

အသားစားခြင်းသည် ကျွန်မတို့ ခန္ဓာကိုယ်အတွက် အရေးကြီးသော ပရိုတိန်းဓာတ်ရရှိရန် အတွက် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ထို့အတူ ဗီတာမင်ဘီတွဲနှင့်သံဓာတ်လိုမျိုး မရှိမဖြစ် လိုအပ်သော ဓာတ်များကိုလည်း ရရှိနိုင်ပါသေးသည်။ သို့သော် တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အနီရောင်ရှိသောအသားများကိုမူ အလွန်အကျွံ မစားသုံးသင့်ပါ။

အနီရောင်ရှိသော အသားများဆိုရာတွင် အမဲသား၊ ဝက်သား၊ ဆိတ်သားတို့ အပါအဝင်ဖြစ်သည်။ ယနေ့ခေတ်ရေစီးကြောင်းအရ အသင့်စားသုံးနိုင်သော အသားကင်၊ အသားပြားများ  ရောင်းချနေသော ဟော့ပေါ့ဆိုင်များသည်လည်း ပေါများနေပြီဖြစ်သည်။

လူတစ်ယောက်သည် တစ်နေ့လျှင် အသား ၇၅ ဂရမ်သာ စားသုံးသင့်သည်။ အသားစားများသူများ အနေဖြင့် အထူးသတိချပ်စေလိုသည်။

ကျွန်မတို့သက်ရှည်ကျန်းမာစေဖို့ အနီရောင်အသားများ စားခြင်းထက် အဖြူရောင်အသားများကို ရွေးချယ်စားသုံးသင့်သည်။ သို့သော် အများစုက အဖြူရောင်အသားများကို အရောင်က ဖျော့တော့ကြီးဆိုသော အကြောင်းပြချက်ဖြင့် စားသုံးမှု နည်းပါးလျက်ရှိသည်။

စင်စစ်အားဖြင့် ကျွန်မတို့ ချက်လိုက်သော အသားသည် အဖြူရောင်ဖြစ်မည်ဆိုလျှင်  ကျန်းမာရေးအတွက် ပိုမိုအကျိုးပြုနိုင်မည်ဖြစ်သည်။

အနီရောင်ရှိသော အသားဆိုသည်ထက် အသားများကို ချက်ပြုတ်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ စားသုံးရာတွင်  ပထမဦးစွာ  မိမိတို့စားသုံးမည့် အသားသည် လတ်ဆတ်မှုရှိ၊မရှိ ဦးစွာစစ်ဆေးရန် လိုသည်။ လတ်ဆတ်သည်ရှိသော် အသားများကို ရေစင်အောင်ဆေးကြောပြီးမှ ကျက်အောင်ချက်ပြုတ်ခြင်း၊ ကင်ခြင်းများ ပြုလုပ်ပြီးမှ စားသောက်ဖို့ လိုအပ်လှသည်။ အသားများကို ၁၄၅ ဒီဂရီဖာရင်ဟိုက်အပူချိန်နှင့် ကျက်အောင်ချက်ပြုတ်ရန် လိုကြောင်းကိုလည်း သတိချပ်စေလိုသည်။

ထိုသို့မပြုလုပ်ဘဲ မကျက်သောအသား သို့မဟုတ် အသားစိမ်းများကို စားသုံးမိမည်ဆိုလျှင် နောက်ဆက်တွဲ အနေဖြင့် အစာအဆိပ်သင့်ခြင်း၊ အစာမကြေခြင်း၊ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့ ခံစားရနိုင်သည်။

အနီရောင်အသားများသည်လည်း   ခန္ဓာကိုယ် အတွက် အာဟာရ ဖြည့်တင်းပေးနိုင်သော အရာဖြစ်သည့်အတွက် အနည်းငယ်တော့ စားပေးသင့်သည်။

အနီရောင်အသားများသည် သံဓာတ်ကြွယ်ဝသည်။

သွေးအားလည်းကောင်းစေသည်။ အမေရိကန်ကင်ဆာ သုတေသနအဖွဲ့ကလည်း  တစ်လလျှင် အနီရောင် အသားများ ၁၈ အောင်စထက် ပိုမစားသင့်ဟု ညွှန်ကြားထားသည်။ အနီရောင်အသားများ အလွန်အကျွံစားခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ၊ ကျောက်ကပ်ရောဂါများ ဖြစ်ပွားနိုင်သည်ကို တွေ့ရသည်။

အနီရောင်အသားများမှ တစ်ဆင့်   တာရှည်ခံ အသားခြောက်များအဖြစ် အသွင်ပြောင်း ပြုလုပ်လာကြပြီဖြစ်သည်။ တာရှည်ခံအသားများသည် လတ်လတ်ဆတ်ဆတ် အနီရောင်အသားများထက် အူမကြီးကင်ဆာ ပိုမိုဖြစ်စေနိုင်သည်ဟု လေ့လာချက်များအရ သိရသည်။

ပြုပြင်ဖန်တီးထားသော တာရှည်ခံအသားများ လွန်စွာ စားသုံးမိလျှင် အဆစ်ရောင်ခြင်း ဆိုသောဝေဒနာလည်း ခံစားရနိုင်သည်။  အဆစ်ရောင် ဝေဒနာသည်များ အနေဖြင့်   အနီရောင်အသားများ၊    တာရှည်ခံ အသားများ စားသုံးခြင်းထက် ငါးနှင့်ကြက်သား၊ ဟင်းသီးဟင်းရွက်တို့ကိုသာ ဦးစားပေး စားသုံးသင့်သည်။

အသားများ ထားသိုရာတွင်လည်း စနစ်တကျ ထားသိုတတ်ဖို့ လိုအပ်သည်။ ရေခဲသေတ္တာထဲ ထည့်ထားသည်ဆိုပြီး အသားတွေ မပုပ်ဘူးဆိုသော အယူအဆသည်ကား မှန်ကန်ခြင်းမရှိသည်ကို သတိချပ်စေလိုသည်။ တစ်ဆက်တည်း  အသားမစားသူများ အနေဖြင့် စားသုံးပေးသင့်သော   အစာအာဟာရ အကြောင်း ဝေမျှပေးလိုသည်။

အသားမစားသူများသည် ပဲအမျိုးမျိုးကို စားသုံးသင့်သည်။ ပဲနှင့်ပတ်သက်၍ ပဲပြား၊ တိုဟူး၊ ပဲနီလေး၊ ပဲဝါလေးတို့ကို စားပေးနိုင်သည်။ အမျှင်ဓာတ်ပါသော ကုလားပဲ၊ မြေပဲတို့ကိုလည်း စားသုံးပေးရမည်။ ဗီတာမင် ဘီတွဲ၊ သံဓာတ်တို့ပါသော  ကောက်နှံများကိုလည်း စားသုံးပေးရမည်။ ဇင့်ဓာတ်၊ အိုမီဂါတို့ပါသော အခွံမာသီးများဖြစ်သည့် မြေပဲ၊ ဗာဒံစေ့တို့ကို စားသုံးပေးသင့်သည်။

အသားမစားသူများသည် အသားမစားသည့် အတွက် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ဦးစားပေး စားသုံးရမည်။ အသီးအရွက်များတွင် ကင်ဆာကာကွယ်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတို့များစွာ ပါဝင်သည်။ သို့ဖြစ်ပါ၍ ကျွန်မတို့သည် သက်ရှည်ကျန်းမာစေဖို့ အနီရောင်အသားများကို စားသုံးပေးသင့်သကဲ့သို့ အလွန်အမင်း စားသုံးခြင်း မဖြစ်ရန်လည်း ဂရုပြုပေးဖို့ လိုအပ်လှသည်။   ။

မုဒိတာ(တောင်သာ)