အနောက်အုပ်စုက လက်နက်ထောက်ပံ့မှုရပ်မှ ယူကရိန်းပဋိပက္ခ အဆုံးသတ်မည်ဟု ဥရောပသမဂ္ဂဝန်ခံ

အနောက်အုပ်စုက လက်နက်ထောက်ပံ့မှုရပ်မှ ယူကရိန်းပဋိပက္ခ အဆုံးသတ်မည်ဟု ဥရောပသမဂ္ဂဝန်ခံ

အနောက်အုပ်စုက ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှု ရပ်ဆိုင်းမှသာ ယူကရိန်းပဋိပက္ခက အဆုံးသတ်မည်ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဆပ်ဘော်ရဲက ဝန်ခံလိုက်ကြောင်းသိရသည်။

အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသမျှ ကာလပတ်လုံး  ပဋိပက္ခသည်လည်း ရှည်ကြာမည်ဖြစ်ကြောင်း ရုရှားအစိုးရက အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သည်။

ဇွန် ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပနေသော  ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးဖြစ်သည့် ရှန်ဂရီလာဒိုင်ယာလော့၌ ဂျိုးဆပ်ဘော်ရဲက ၎င်းအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခကို မည်ကဲ့သို့ အဆုံးသတ်ရမည်နှင့် ပတ်သက်၍ သိရှိထားသည်ဟု ပြောသည်။

ဒီကိစ္စကလွယ်လွယ်လေးပါ။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ မထောက်ပံ့ ပေးတော့ဘူးဆိုရင် ယူကရိန်းပဋိပက္ခကလည်း သီတင်းပတ် အနည်းငယ်အတွင်းမှာ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်ဟု ဂျိုးဆပ်ဘော်ရဲကပြောသည်။

သို့သော် ၎င်းတို့အနေဖြင့် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို မရပ်တန့်နိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် လက်နက်ချအညံ့ခံသည့် ငြိမ်းချမ်းရေးကို  မရလိုခြင်းကြောင့်ဖြစ်ကြောင်း ဂျိုးဆပ်ဘော်ရဲကဆက်ပြောသည်။

လက်ရှိအချိန်တွင် ဥရောပကောင်စီက ယူရို ၁ ဘီလီယံတန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများကို ယူကရိန်းသို့ ထောက်ပံ့ပေးရန် သဘောတူထားပြီး အဆိုပါစစ်လက်နက်ပစ္စည်းများတွင် ၁၅၅ မီလီမီတာအမြောက်များလည်း ပါဝင်သည်။

ထို့ကြောင့် ယခုအခါ ဥရောပသမဂ္ဂက ယူကရိန်းသို့  ထောက်ပံ့ပေးနေသည့် စစ်လက်နက်ပစ္စည်းတန်ဖိုးမှာ ယူရို ၄ ဒသမ ၆ ဘီလီယံအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

Ref:Sputnik