အပြည်ပြည်ဆိုင်ရာ  အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ  အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၈

          ၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ( MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နာယက များဖြစ်ကြသော ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဇနီး ဒေါ်ဥမ္မာမြင့်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသီတာဦး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ် များ ဘဝမြှင့်တင်ရေးအသင်းနှင့်  မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က  Video Message  ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ အခွင့်အရေးမြှင့်တင် ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့ လာသည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍  မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေးက  မြန်မာနိုင်ငံ အမျိုးသမီး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှ  ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့ထံ အမျိုးသမီး ကဏ္ဍ ထူးချွန်ဆုများကိုလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် နာယက ဒေါ်သန်းသန်းနွယ်က မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်းနှင့် အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ အမျိုးသမီး ကဏ္ဍထူးချွန်ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ  ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် က လူမှုဝန်ထမ်းဦးစီးဌာနက ရေးဆွဲပြုစုထားသည့် အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လုံခြုံမှု ပေးနိုင်သော  ယာယီနားခိုရာ စင်တာ စီမံခန့်ခွဲမှု လုပ်ငန်းလမ်းညွှန် စာအုပ်ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုယ်စား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသမီး ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် နာယကများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အဖွဲ့ဝင်များ၏ ဇနီးတို့သည်  တက်ရောက်လာကြသူများနှင့်အတူ  စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသထားသည့် ပြခန်းများကို  လှည့်လည်ကြည့်ရှုကြသည်။