အပြောင်းအရွှေ့ကာလပြီးဆုံးရန်နာရီပိုင်းအလိုတွင် အက်သလက်တီကိုအသင်းမှ ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ်ကို ချယ်လ်ဆီးအသင်း အငှားစာချုပ်ဖြင့်ခေါ်ယူ

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းသည် ကစားသမားအပြောင်းအရွှေ့ကာလပြီးဆုံးရန် နာရီပိုင်းအလိုတွင် အက်သလက်တီကိုအသင်းမှ    ကွင်းလယ် ကစားသမား ဆောနီဂွက်ဇ်ကို   ကနဦးတစ်နှစ်အငှားစာချုပ်ဖြင့်   ယူရို ငါးသန်းပေးချေကာ ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အသက်  ၂၆  နှစ်အရွယ် ဆောနီဂွက်ဇ်သည် အက်သလက်တီကိုအသင်းအကယ်ဒမီမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မတ်လမှစ၍  ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ အသင်းနှင့် စတင်ပူးပေါင်းခဲ့သူဖြစ်သည်။ ဆောနီဂွက်ဇ်သည် ၂၀၁၃ ခုနှစ်က ဗယ်လ်ကာနိုအသင်းသို့  တစ်နှစ်အငှားစာချုပ်ဖြင့်  ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှစ၍ အက်သလက်တီ ကိုအသင်းနှင့် ပြန်လည်လက်တွဲခဲ့ပြီးနောက်ပိုင်း အဓိကကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်း ပြနိုင်ခဲ့သူဖြစ်သည်။

သို့သော်   ပြီးခဲ့သည့်ဘောလုံးရာသီက  အက်သလက်တီကိုအသင်းနှင့်   စပိန်လာလီဂါဆုဖလားဆွတ်ခူးနိုင်ခဲ့သော်လည်း အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရရှိခဲ့သည့်အတွက် ယခုနှစ်ကစားသမား အပြောင်းအရွှေ့ကာလ အစပိုင်းကတည်းက အသင်းမှ ထွက်ခွာခွင့်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆောနီဂွက်ဇ်သည် အစောပိုင်းကတည်းက ပရီးမီးယားလိဂ်ကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့ပြီး အစောပိုင်းက မန်ယူ၊ လီဗာပူး၊ ချယ်လ်ဆီးအသင်းတို့နှင့် ချိတ်ဆက်ခဲ့သော်လည်း နောက်ဆုံးတွင် ချယ်လ်ဆီးအသင်းသို့သာ ပြောင်းရွှေ့ ကစားရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဆောနီဂွက်ဇ်ကိုခေါ်ယူရန် အစောပိုင်းကတည်းက ကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အက်သလက်တီကိုအသင်းနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည့်အတွက် အပြောင်းအရွှေ့ကြန့်ကြာနေကာ ချယ်လ်ဆီးအသင်းက အပြောင်းအရွှေ့မပြီးဆုံးမီ နာရီပိုင်းအလိုထိ ဆွေးနွေးခဲ့ပြီးနောက် ကနဦး တစ်နှစ်အငှားစာချုပ်ဖြင့်သာ ခေါ်ယူမည်ဖြစ်ပြီး ယခုဘောလုံးရာသီကုန်ဆုံးချိန် အငှားစာချုပ်ပြီးဆုံးမှ အပြီးသတ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယခုနှစ်ကစားသမားအပြောင်းအရွှေ့ကာလတွင် အစောပိုင်းက အင်တာမီလန်အသင်းမှ တိုက်စစ်မှူး လူကာကူကို  စတာလင်ပေါင် ၉၇ ဒသမ ၅ သန်း ဖြင့်ခေါ်ယူခဲ့ပြီးနောက် ယခုအခါ  ဆောနီဂွက်ဇ်ကို  ဒုတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ယူရို ငါးသန်းဖြင့်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

Ref;90Min