အဖျက်သမားတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်

အဖျက်သမားတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်

ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်အတွက် ယနေ့အချိန်အခါသည် ကမ္ဘာ့လူသား တို့အခက်အခဲပေါင်းများစွာ ကြုံနေရချိန်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း မြင့်မားမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများပြားခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည်များပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရေးအတွက် Quarantine Center များကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြင်ဆင်ထားရှိပြီး လူနာများကို စနစ်တကျလက်ခံလျက်ရှိသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများဖြစ်သည့် Oxygen Plant နှင့် Oxygen Concentrator များကို လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းပေးလျက်ရှိသည်။ တပ်မတော်နှင့် အလှူရှင်များကလှူဒါန်းသော အောက်ဆီဂျင်အိုးများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ပြည်သူ့ဆေးရုံ များ၊  တပ်မတော်ဆေးရုံများ၊  ကျန်းမာရေးဌာနများနှင့်  ကိုဗစ်စင်တာများသို့ ပေးပို့လှူဒါန်း လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ(တတိယလှိုင်း) စတင် ကူးစက်ပြန့်ပွားမှု မရှိသေးမီကပင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို အလေးထား ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်မှုကို သေချာလေ့လာဆန်းစစ် သိမြင်ခြင်း မရှိဘဲ ကိုယ်စီစိတ်ခံစားမှုဖြင့် ကျန်းမာရေးဝန်ထမ်းအချို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်ကာ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ ဆေးရုံများပိတ်ကာ ဆေးကုသမှု မရှိသည့်အတွက် လူနာများမသေသင့်ဘဲ သေဆုံးခဲ့ကြသည်။ CDM ပြုလုပ်သော ဆရာဝန်သူနာပြုတို့သည် လူသတ်သမားဖြစ်မှန်းမသိ ဖြစ်သွားကြသည်။ စစ်မှန်သော ဆရာဝန်၊ သူနာပြုစိတ်ထားကောင်းရှိသူများနှင့် တပ်မတော်မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ၏ ပြုစုကုသ ပေးမှုကြောင့်သာ ပြည်သူအများအသက်ဘေး ကင်းဝေးခဲ့ကြရသည်။

ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို လိုလေသေးမရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးနေချိန်တွင် NLD ပါတီအနွယ်ဝင် NUG၊ CRPH စသော အကြမ်းဖက် အဖွဲ့အစည်းများနှင့် ၎င်းတို့ကိုထောက်ခံသော မသမာသူအချို့အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ် ထိခိုက်စေရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။ လူသားအချင်းချင်း ကိုယ်ချင်းစာနာမှုလုံးဝမရှိဘဲ ကိုဗစ်-၁၉ အတည်ပြုလူနာများကိုပင် သေကျေသည်အထိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်။ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၏ ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်တွင် လူနာများကို ၁၀ တန်ဆံ့ Liquid Oxygen သိုလှောင်ကန်မှထွက်ရှိသော Medical Oxygen များကို ပိုက်လိုင်းများဖြင့် အောက်ဆီဂျင်ဖြန့်ဝေ၍ ဆောင်ရွက်ပေး လျက်ရှိသည်။ မသမာသူများက ၎င်းပိုက်လိုင်းများအနက် အထူးကြပ်မတ်ကုသဆောင် သို့ ပေးအပ်ထားသော ၁ ဒသမ ၂၅ လက်မရှိ အောက်ဆီဂျင်ပိုက်လိုင်းအား ကာရံထားသည့် အင်္ဂတေအုတ်ခုံ နှင့် ပိုက်လိုင်းတို့ကို ဇူလိုင် ၁၉ ရက်နေ့က ထုရိုက်ဖျက်ဆီးခဲ့ကြသည်။

အကြမ်းဖက်အဖျက်သမားတို့ ထုရိုက်ဖျက်ဆီးခဲ့မှုကြောင့် လူနာများအား အောက်ဆီဂျင် ပေးဝေမှုကို ၂၅ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူအချို့ အသက်ဆုံးရှုံး သွားခဲ့သည်။ လူနာများထပ်မံ ဆုံးရှုံးမှုမရှိစေရေးအတွက် ပိုက်လိုင်းအသစ်အား အချိန်နှင့် တစ်ပြေးညီ ထပ်မံပြုလုပ်၍ အောက်ဆီဂျင်ပေးဝေခြင်းကို ဆက်လက် ဆောင်ရွက်ပေး ခဲ့သည်။ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းမှစတင်၍ မူလအတိုင်း ရာခိုင်နှုန်းပြည့် ပြန်လည် ပေးနိုင်ပြီးဖြစ်သည်။

NUG၊ CRPH အပါအဝင် အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကိုထောက်ခံသော မသမာသူ အချို့၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်ကြောင့် ပြည်သူလူထု၏အသက်များဆုံးရှုံးသည်။ ကမ္ဘာတွင် မည်သည့်နိုင်ငံ၊ မည်သည့်ဘာသာတရားကမျှ လက်ခံနိုင်ဖွယ်မရှိသော အကြမ်းဖက် လုပ်ရပ်များကိုလုပ်နေခြင်းဖြစ်သည်။ အထူးသဖြင့် မည်သည့်အခြေအနေ တွင် ဖြစ်စေ စာသင်ကျောင်းများ၊ ဆေးရုံများသည် ဘေးကင်းလုံခြုံနေရ မည်ဖြစ်သည်။ စစ်ဖြစ်သော်မှ ထိုနေရာမျိုးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုးမပြုလုပ်ကြပေ။ ယခုမူ NUG၊ CRPH အကြမ်းဖက်အဖွဲ့ဝင်များ၊ ထောက်ခံသူများ၏လုပ်ရပ်သည် လွန်စွာ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်သည်။ အပြစ်မဲ့ပြည်သူများ သေကျေအောင် လုပ်ဆောင်နေသော အကြမ်းဖက်သမားတို့၏ စက်ဆုပ်ရွံရှာဖွယ် ကောင်းသော လုပ်ရပ်သည် လူ့လောကတွင် မရှိသင့်သောလုပ်ရပ် ဖြစ်ပေရာ ပြည်သူများအနေဖြင့် အဖျက်သမားများကို ဖမ်းဆီးဖော်ထုတ်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။