အမေရိကန်က ရုရှား၏ လုံခြုံရေး အာမခံချက်များကို တုံ့ပြန်မည်ဟု ကတိပြု

အမေရိကန်က ရုရှား၏ လုံခြုံရေး အာမခံချက်များကို တုံ့ပြန်မည်ဟု ကတိပြု

အမေရိကန်အစိုးရအနေဖြင့် ရုရှားနိုင်ငံ ကတောင်းဆိုထားသော လုံခြုံရေး အာမခံချက်များကို စာရေးသား၍ တုံ့ပြန်မည်ဟု ကတိပြုကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆာဂျီလက်ရော့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ဆွေးနွေးပြီးနောက် ထုတ်ဖော်ပြောသည်။

ထို့ပြင် အမေရိကန်အစိုးရသည် ရုရှားအစိုးရက ရေးဆွဲထားသည့် သဘောတူညီ ချက်မူကြမ်း နှစ်ခုကို ကနဦးလေ့လာမှု စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသော အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ဆာဂျီလက်ရော့က သတင်းထောက်များကို ပြောသည်။

အလားတူ   ယခုလုပ်ဆောင်သော ဆွေးနွေးမှုအပေါ် စိတ်ကျေနပ်မှုရကြောင်းနှင့်   ထိုဆွေးနွေးမှုသည်  တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း အန်တိုနီဘလင်ကန်က ၎င်းကိုပြောသည်ဟု ဆာဂျီလက်ရော့က ဆိုသည်။

ယင်းနောက် ယူကရိန်းနိုင်ငံကို NATO  တပ်ဖွဲ့ဝင်နိုင်ငံ မဖြစ်စေရေး တောင်းဆိုမှုများသည် ရုရှားနိုင်ငံက လွှမ်းမိုးမှု ရှိစေရေးအတွက်    လုပ်ဆောင်ခြင်း မဟုတ်ဘဲ ထိုတပ်ဖွဲ့အနေဖြင့် အရှေ့ဥရောပဒေသတွင် ပဋိပက္ခမျိုးစေ့ချခြင်းမှ ကာကွယ်ခြင်းသာ ဖြစ်ကြောင်း ဆာဂျီလက်ရော့က ဆက်ပြောသည်။

အဆိုပါနိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် ရုရှား-ယူကရိန်း အရေး   တင်းမာမှုများ လျော့ကျစေရေး အတွက်  လက်ရှိကာလတွင် နောက်ဆုံးလုပ်ဆောင်သည့် သံတမန်ရေး ဆွေးနွေးမှု ဖြစ်ကြောင်း သိရသည်။