အမေရိကန်၌ ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေး ထိုးပြီးသေဆုံးသွားသော ဆရာဝန်အမှုကို တာဝန်ရှိသူ များစစ်ဆေးနေ

 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ဖိုင်ဇာကုမ္ပဏီထုတ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှု ခံယူပြီးနောက် ၁၆ ရက်အကြာတွင်သေဆုံးသွားသည့် ဆရာဝန်တစ်ဦး၏အမှုကို ကျန်းမာရေးတာဝန်ရှိ သူများကစစ်ဆေးနေကြောင်းသိရသည်။

မိုင်ယာမီကမ်းခြေမှ အသက် ၅၆ နှစ်ရှိ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာဂရီဂိုရီမိုက်ကယ်သည်  ဒီဇင်ဘာ ၁၈ ရက်တွင် ဆိုင်းနိုင်းတောင်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှု ခံယူကြောင်းနှင့် ၁၆ ရက်အကြာတွင် ဦးနှောက်သွေးကြောပေါက်ပြီး  သေဆုံးသွားကြောင်း ၎င်း၏ ဇနီးက လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဂရီဂိုရီမိုက်ကယ်သည် ကာကွယ်ဆေးထိုးပြီးနောက်  ပြင်းထန်သောအရေပြားအတွင်း သွေးကြော ပေါက်ခြင်းဝေဒနာကို ခံစားရကြောင်းသိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တက်တက်ကြွကြွပါဝင် စုံစမ်းနေကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါဖြစ်စဉ်သည် ကာကွယ်ဆေးနှင့်တိုက်ရိုက်ဆက်စပ် မှုရှိမည်ဟုမယုံကြည်ကြောင်း ဖိုင်ဇာကုမ္ပဏီကပြောသည်။

ဂရီဂိုရီမိုက်ကယ်သေဆုံးမှုဖြစ်စဉ်သည် ပုံမှန်အားဖြင့်ဖြစ်လေ့ဖြစ်ထမရှိသော အလွန်ရှားပါးသည့် ဖြစ်စဉ်ဖြစ်သော်လည်း ကာကွယ်ဆေးအပေါ် ဆိုးဆိုးဝါးဝါးတုံ့ပြန်မှုကြောင့်ဖြစ်နိုင်ကြောင်း  ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များကပြောသည်။

အမေရိကန်နိုင်ငံ၌ အသုံးပြုခွင့်ရရှိထားပြီးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်မျိုးဖြစ်သော  ဖိုင်ဇာနှင့်  မိုဒါနာကုမ္ပဏီထုတ်ကာကွယ်ဆေးများကို တစ်ကြိမ်ထိုးနှံပြီးသူ ကိုးသန်းနီးပါးရှိသည်။ ၎င်းတို့ အနက် ၂၉ ဦးကသာ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် သွေးလန့်ခြင်း လက္ခဏာများဖြစ်ပွားကာ သေဆုံးသူမရှိကြောင်းနှင့်အများစုမှာ ကာကွယ်ဆေးထိုးပြီးနောက်ဖြစ်လေ့ရှိသော လက်မောင်းနာခြင်း၊ ပင်ပန်းခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ဖျားခြင်းသာဖြစ်ကြောင်းသိရသည်။