အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော်  စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ

အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော်  စစ်မှော်အောင်သော စစ်ချန်ပီယံ ဗိုလ်ချုပ်ကြီး ထွန်းရီ

 ယမန်နေ့မှအဆက်

ဆရာသမားအသံက ခြောက်သွေ့နေသည်။

ကြေကွဲနေပုံရသည်။

ပြီးမှဆက်ပြောသည်။

''ကျုပ်ကြာကြာ မလုပ်ပါဘူး''ဟူ၍

ဥက္ကဋ္ဌတာဝန်

၂ဝဝ၅ ခုနှစ် မေလ ၉ ရက်နေ့တွင် တစညပါတီ ဥက္ကဋ္ဌကြီး ဦးသာကျော် ကွယ်လွန်သည်။

မေလ ၁ဝ ရက်နေ့တွင် ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းရီက ဥက္ကဋ္ဌတာဝန်  လက်ခံလိုက်ရသည်။

တစ်ညနေမှာ ထုံးစံအတိုင်း ဆရာတပည့်နှစ်ယောက်ထဲ ဧည့်ခန်းမှာထိုင်ဖြစ်သည်။

ဆရာသမားကြီးကိုကြည့်ရတာ နိုင်ငံရေးတာဝန်စယူခါက ၁၉၈၈ ခုနှစ်နှင့်စာလျှင် စစ်သားပုံစံမှ နည်းနည်းပြောင်းလာပုံရသည်။

''ဆရာသမား အခု ပါတီဥက္ကဋ္ဌ ယူလိုက်ရတော့ တာဝန်တွေ ပိုပိလာမှာပေါ့နော်။''ဟု စကားစလိုက် ရသည်။

''ကျုပ်က လာမယ့်နှစ်ပတ်လည် ညီလာခံကျရင် နားပါရစေတော့လို့ CEC ကို အရင်တင်ပြဖို့ ကြံထားတာဗျ။''

စကားပြောရင်း ခေတ္တရပ်ထားသည်။

တွေတွေလေးငေးနေသည်။

''အရေးထဲမှာ ကိုသာကျော်ကလည်းလာပြီး သေရသေးတယ်ဗျာ။''ဟုညည်းညူလိုက်ပုံက တကယ့်အညာ လေသံဖြစ်သည်။

လွတ်လပ်ရေးအတွက် လုပ်ခဲ့ကြတဲ့ BIA. BDA  သမားတွေလည်း လျော့လျော့လာပြီ။

''လမ်းစဉ်ပါတီခေတ်က တက်တက်ကြွကြွနဲ့ အားကိုးခဲ့ရတဲ့လူတွေလည်း လျော့လျော့လာပြီ။ ကျန်းမာရေးကိစ္စ၊ မိသားစုကိစ္စတွေနဲ့ အသက်ကြီးလာတာနဲ့ ဘာနဲ့ညာနဲ့ နားပါရစေ ပြောတဲ့လူတွေ တစ်ယောက်ပြီး တစ်ယောက်ဆိုတော့ ကျုပ် ဒုက္ခရောက်နေတာပေါ့ဗျာ။''

စကားပြောရင်း ကြိုးစားပြီး ရယ်လိုက်သည်ကို သတိပြုမိလိုက်ပါသည်။

''ခင်ဗျားစဉ်းစားကြည့် ဥက္ကဋ္ဌကြီးကစ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီးသောင်းကြည်၊ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်ကြီးအေးကို လျော့လျော့သွားတော့ ကျုပ်ပဲ ကျန်တာပေါ့ဗျ။''

''လမ်းစဉ်ပါတီဖွဲ့စက ဝင်လာတဲ့ ကိုဟန်ရွှေတို့၊ ကိုသိန်းထွန်းတို့၊ သရက်သား ကိုထွန်းရီတို့က တကယ့်အမာခံတွေဗျ။ သူတို့လည်း မငယ်ကြတော့ဘူး''

သည်လိုနှင့် အဖြေမသိ အဆုံးမရှိသော စကားဝိုင်းကိုဖြတ်ပြီး ပြန်လာခဲ့ရပါတော့သည်။

မချမ်းသာသော စစ်သား

၁၉၅၇ ခုနှစ် အမှတ်(၁ဝ၅) ခြေမြန်တပ်ရင်းမှာ ကျွန်တော်တို့ စတွေ့ကြသည်။ ဆရာကောင်း တပည့်အဖြစ် စစ်သားဘဝ စရောက်ခဲ့ရသည်။

၂ဝ၁၄ ခုနှစ်အထိ အဆက်အသွယ်မပြတ်ခဲ့သောဆရာသမားကြီး တပ်မတော်တစ်ရပ်လုံးမှာ တွေ့ခဲ့ဆုံခဲ့  လက်တွဲခဲ့ကြဖူးသူအားလုံးက လူရိုးကြီးဟု လက်ခံထားခဲ့ကြသော အညာသားကြီး ဦးထွန်းရီ၊တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးထွန်းရီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သော နိုင်ငံတော်ကောင်စီဝင်ကြီး ဦးထွန်းရီသည် ငွေမချမ်းသာသော လူချမ်းသာကြီးဟု ကျွန်တော်က မှတ်တမ်းတင်လိုပါသည်။

''လူချမ်းသာကြီး''ဟု တင်စားရခြင်းမှာ သူ့တွင် မောင်ဇော်ထွန်း၊ မောင်ကျော်သူ၊ မောင်အောင်သူ ဟူသော သားသုံးယောက်၊ မခင်အေးရီ၊ မအေးမြင့်ရီ၊ မဥမ္မာထွန်းရီဟူသော သမီးသုံးယောက်၊ မြေး ၁၈ ယောက်နှင့် ၄-၄-၂ဝ၁၄ ကွယ်လွန်ချိန်တွင် မြစ် ၁၃ ယောက် ရှိခဲ့ပါသောကြောင့်ဖြစ်သည်။

''ငွေမချမ်းသာသော စစ်သားကြီး''ဟု အာမခံရဲ သော ဦးထွန်းရီသည် အထက်အညာဒေသ   မြင်းမူမြို့နယ် ဝန်းပြည့်ရွာတွင် သစ်သားအိမ်လေးမှာ မွေးဖွားခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ဆောက် လုပ်ရေးဝန်ကြီး ဦးစိန်ဝင်း(နောင်ဝန်ကြီးချုပ်) အစီအစဉ်ဖြင့် ရန်ကုန်မြို့သစ်တွေ တည်ခဲ့သည်။

တပ်မတော်အပါအဝင်    အစိုးရဝန်ထမ်းများ အငြိမ်းစားယူချိန် နေရေးထိုင်ရေး အဆင်ပြေစေရန် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့သည်။

ကျပ်သောင်းဂဏန်းမျှ တန်ဖိုးဖြစ်သည်။

သုဝဏ္ဏမြို့သစ်ဖော်ထုတ်လျက် နှစ်ခန်းတွဲအိမ်ရာများ ဆောက်လုပ်ပေးသည်။ အရစ်ကျ ပေးဆပ်ကြရသည်။ အရပ်သူ အရပ်သားများကလည်း ကျေးဇူးတင်ကြသည်။

ထိုစဉ်က V.I.P စာရင်းဝင် ပုဂ္ဂိုလ်များအတွက်လည်း လုံးချင်းအိမ်ရာစီစဉ်ပေးခဲ့သည်။

ထိုအချိန်က တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းရီသည် အများသူငါလို အိမ်တစ်လုံး အရစ်ကျ ဝယ်ယူစနစ်ဖြင့်   ပိုင်ဆိုင်ခွင့်ရခဲ့သည်။ သုဝဏ္ဏမြို့ ကျွန်းရွှေမြိုင်လမ်းတွင် ဖြစ်ပါ၏။ တစ်ထပ်တိုက်လေး တစ်လုံး ကျပ်ငါးသောင်းငါးထောင်ကျသည်။ ပထမ အရစ် ငါးထောင်ကျပ်ပေးသွင်းပြီး ကျန်ငွေကို လစဉ်ရာဂဏန်းမျှ ပေးသွင်းရသောစနစ်ဖြစ်သည်။

ထိုမြေစိုက်တိုက်တစ်လုံးကို    တိုင်းမှူး ဒေသပါတီ ကော်မတီ ဥက္ကဋ္ဌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်ကြီး ပိုင်ဆိုင်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။