အရပ်သား ဆရာဝန်များနှင့် သူနာပြုများမရှိ၍ ဆေးကုသရန် အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည့် သာစည်မြို့နယ် ပြည်သူ့ဆေးရုံသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ နယ်ပြည်သူ့ဆေးရုံ၌ ဆရာဝန်များနှင့် သူနာပြုများက  ၎င်းတို့၏လုပ်ငန်းများ ပျက်ကွက်လျက်ရှိသဖြင့် ဒေသခံပြည်သူများ အနေဖြင့် ဆေးကုသမှု ခံယူရန်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဆေးရုံတွင်အလုပ် ဆင်းပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသည့်   ဝန်ထမ်းများနှင့်   လူနာရှင်များကနယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံလာခဲ့သည်။

အဆိုပါ အကူအညီတောင်းခံလာမှုကြောင့် မိတ္ထီလာမြို့ တပ်မတော်ဆေးရုံမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေး အဖွဲ့အား ချက်ချင်းစေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများအား သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား   ခွဲစိတ်ပေးခြင်း   စသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် အမျိုးသား ၆၈ ဦးနှင့်အမျိုးသမီး ၉၄ ဦး၊ စုစုပေါင်း ၁၆၂ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံမှ တာဝန်ရှိသူတစ်ဦး၏ စကားသံများအား ယခုလို ကြားသိရပါသည်-

''သာစည်မြို့နယ်ကပါ။  ကြုံခဲ့ရတယ်။ အမေအခုလိုရင်ကျပ်နေတာကြာပြီ။ ရှစ်ရက် လောက်ရှိနေပြီ။ ဘယ်ဆေးရုံမှလည်း မဖွင့်ဘူးလေ။ ဘယ်ဆေးခန်းမှ သွားပြမရဘူးလေ။ မရတော့ အပြင်ကနေပဲ သွားပြီးတော့ ရင်ကျပ်ပျောက်ဆေးလေးဝယ်ပြီးတော့ ကုခဲ့ရတယ်။   အခုလို  ကျွန်မတို့အမေရဲ့ အသက်တစ်ချောင်းကိုတင် မဟုတ်ပါဘူး။

ခုနစ်ရက်သားသမီးအားလုံး၊ ပြည်သူအားလုံးကို   ဒီလိုမျိုးအသက်ကို  လာကယ်ပေးတဲ့  တပ်မတော်ကို ကျေးဇူးတင်ပါတယ်။

ပြီးတော့လည်း  အမေတော်တော်လေး ခံစားနေရတဲ့ ရင်ကျပ်ဝေဒနာကို သက်သာအောင်ကုသပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်''  ဟု လူနာစောင့် အမျိုးသမီးတစ်ဦးကပြောသည်။

''အခက်အခဲကတော့ ဆေးရုံဆေးခန်း ပိတ်ထားတော့ အခက်အခဲဖြစ်တာပေါ့။ အမေက သွေးတိုးလည်း ရှိတယ်။ အစာအိမ်လည်း ရှိတယ်။ အမေက အမြဲတမ်းလိုလို  ဆေးထိုးရတယ်ဆိုတော့ အဆင်မပြေဘူးပေါ့။ အခုလို တပ်မတော်ကလာဖွင့်ပေးတယ်ဆို တော့ ကျွန်မတို့ဝမ်းသာရတာပေါ့။ ပီတိဖြစ် ရတာပေါ့။ တပ်မတော်က ဒီလိုမျိုးဦးဆောင် ပြီး ကုသပေးတဲ့အတွက်ကြောင့် အများအတွက် ဝမ်းသာပါတယ်ရှင်။ ဂုဏ်ယူပါ တယ်ရှင့်'' ဟု လူနာစောင့် အမျိုးသမီးတစ်ဦး ကပြောသည်။

''အရင်တုန်းကတော့ ကျွန်မတို့ ဒီဆေးရုံ ကြီးက  မြို့နယ်ပြည်သူတွေ အားကိုးတဲ့ ဆေးရုံတစ်ခုဖြစ်ခဲ့တာပေါ့။ အခု CDM  လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ ကျွန်မတို့ ဆေးရုံက CDM  လှုပ်ရှားလိုက်တဲ့ ဝန်ထမ်းတွေရှိတယ်။ ဆရာဝန်တွေရှိတယ်။ ဆရာဝန် တွေမရှိတဲ့အခါကျတော့ ကျွန်မတို့ဆေးရုံကို ဘယ်နေ့ကစပြီး ပိတ်လိုက်ရလဲ ဆိုတော့ ၁ဝ ရက်နေ့ထဲက လူနာတွေ ဒုက္ခရောက်ကုန် ကြတယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းပါသလို၊ သူငယ်ချင်းတွေလည်း ပါတယ်။ အဲဒါတွေကို ကျွန်မမကြည့်ရက်လို့ စိတ်လည်းတော်တော် ဆင်းရဲလာတဲ့အတွက်ကြောင့် တပ်မတော် က ဆရာဝန်တွေကို အကူအညီ တောင်းကြည့်လိုက်တဲ့အခါမှာ ဒီနေ့ကနေစပြီး ကျွန်မ တို့  ဆေးရုံပြန်လည် ပတ်နိုင်လာတာပါ။ လူနာတွေတော်တော်ကို ကြည့်ပေးနိုင်တယ်။ ပိုက်ဆံမရှိတဲ့  အဆင်မပြေတဲ့လူနာတွေကို ကြည့်ပေးနိုင်တဲ့ အတွက်ကြောင့် ကျွန်မ အရမ်းစိတ်ချမ်းသာတယ်။ ဆေးရုံရဲ့ပုံရိပ်က အခုမှဆေးရုံဆိုတာ ပြန်ဖြစ်လာတာ။ အဲဒီလိုလုပ်ပေးနိုင်တဲ့ အတွက်ကြောင့် အခုလိုကူညီပေးခဲ့တဲ့ တပ်မတော်ရော၊ တပ်မ တော်ကဆရာဝန်တွေရော ကျွန်မနဲ့ထပ်တူ ပြည်သူပြည်သားတွေ အားလုံး လှိုက်လှိုက် လှဲလှဲနဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြောင်း ကိုပြောချင်ပါတယ်'' ဟု သာစည်မြို့နယ်ပြည်သူ့ဆေးရုံမှ အမျိုးသမီး ဆရာဝန် တစ်ဦးက ပြောသည်။