အလင်းရောင်ညစ်ညမ်းမှုကြောင့် ရရှိနေတဲ့ဆုံးရှုံးမှုများ (၂)

 

မနေ့ကတော့ အလင်းရောင် ညစ်ညမ်းမှုဆိုတာဘာလဲ၊ အလင်းရောင်ညစ်ညမ်းမှု ဘာကြောင့်ဖြစ်တာလဲ၊    အလင်းရောင် ညစ်ညမ်းမှုအမျိုးအစားဘယ်နှမျိုးရှိတာလဲ ဆိုတာတွေကို တင်ပြခဲ့ပါတယ်။ ဒီနေ့မှာတော့ အလင်းရောင်ညစ်ညမ်းမှု အမျိုးအစားလေးမျိုးရှိတဲ့အနက် မလိုတဲ့နေရာ အလင်းကျရောက်မှုနဲ့  ရှုပ်ပွနေတဲ့ အလင်းရောင်တို့အကြောင်းကနေစပြီး တင်ပြသွားပါမယ်။

ဒါ့အပြင် အလင်းရောင်ညစ်ညမ်းမှု ကြောင့် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်စေလဲ၊  တိရစ္ဆာန်တွေ အနေနဲ့  ဘယ်လိုဆိုးကျိုးကို ခံစားရစေလဲဆိုတဲ့အကြောင်းတွေကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

မလိုအပ်တဲ့နေရာ အလင်းရောင်ကျရောက်မှု

မလိုအပ်တဲ့နေရာ အလင်းရောင်ကျရောက်မှုဆိုတာ ဘယ်လိုမျိုးကိုခေါ်တယ်လို့ထင်ပါသလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ကိုယ်လိုချင်တဲ့နေရာ၊ ကိုယ်လိုအပ်တဲ့ နေရာကိုကျော်ပြီး  ကျရောက်တဲ့အလင်း ရောင်ကိုခေါ်တာဖြစ်ပါတယ်။

ဥပမာအားဖြင့် လမ်းမီးတစ်ခုက မလိုအပ်ဘဲနဲ့ တစ်စုံတစ်ယောက်ရဲ့အိမ် အပေါ်ကျရောက်နေတာ မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့    ညဘက် မှောင်ရိပ်ခိုမှာကြောက်လို့ မှောင်တဲ့နေရာ တွေကို အလင်းရောင်ရအောင်  မီးထွန်းလေ့ရှိပါတယ်။

ဒါပေမဲ့လည်း အဲဒီလိုထွန်းထားတဲ့မီးက အိမ်တစ်လုံးရဲ့ အိပ်ခန်းတစ်ခုထဲကို အလင်း ရောင်ကျရောက်မယ် ဆိုရင် ဒါဟာမလိုတဲ့ နေရာအလင်းရောင်ကျရောက်မှုဖြစ်ပြီး အကျိုးဆက်ကတော့ အိပ်ခန်းထဲမှာရှိတဲ့ သူရဲ့အိပ်စက်ချိန်ကို ကြီးစွာသောအနှောင့် အယှက်ဖြစ်စေတာအမှန်ပါပဲ။

ရှုပ်ပွနေတဲ့အလင်းရောင်

ဒီနေ့ခေတ်မှာဆိုရင် လူအများအပြားဟာညဘက်တွေမှာ နီယွန်မီးရောင်တွေအောက်မှာလှုပ်ရှားသွားလာ နေကြတာဟာ နေ့ဘက် အလားပါပဲ။

ဒီလို လှုပ်ရှားသွားလာတဲ့အခါမှာ ကြော်ငြာဆိုင်းဘုတ်အမျိုးမျိုးကနေ မီးအလင်းရောင်အမျိုးမျိုး ထွက်နေတာကိုလည်း မြင်တွေ့ကြရမှာပါ။

တကယ်တော့ ဒါဟာ မီးအလင်းရောင်ကို အလွန်အကျွံဖြစ်စေတာ၊ မြင်ရသူတွေကို စိတ်ရှုပ်ထွေးစေတာ၊     တောက်ပတဲ့ အလင်းရောင်တွေကိုဖြစ်ပေါ်စေတာ စတဲ့ မကောင်းတဲ့အရာတွေစုဝေးရာနေရာတစ်ခု ပါပဲ။ ဒီလိုမျိုးရှုပ်ပွနေတဲ့ မီးအလင်းရောင်တွေကိုတော့ လူသူလေးပါးလှုပ်ရှားသွားလာမှု အများဆုံးနေရာ တွေမှာ    တွေ့ရလေ့ရှိ ပါတယ်။

ရှုပ်ပွနေတဲ့အလင်းရောင်ရဲ့အကျိုးဆက် ကတော့ ညကောင်းကင်ယံတောက်ပမှု၊ စူးရှတောက်ပတဲ့ အလင်းရောင်နဲ့ မလိုအပ်တဲ့နေရာ အလင်းရောင်ကျရောက်မှု တို့ကို  ဆိုးဆိုးဝါးဝါးဖြစ်ပေါ်စေပါတယ်။ 

အလင်းရောင် ညစ်ညမ်းမှုရဲ့ဆိုးကျိုးများ

အလင်းရောင်ဟာ လူသားတွေအတွက် များစွာသော ကောင်းကျိုးကိုယူဆောင်လာ ပေးပေမယ့်  သူနဲ့တန်းတူကျတဲ့ ဆိုးကျိုးကိုလည်း ဖြစ်ပေါ်စေပြန်ပါတယ်။ အလင်းရောင်ညစ်ညမ်းမှုဟာ လူသား တွေအတွက်သာမက သဘာဝပတ်ဝန်းကျင် အတွက်ပါ ကြီးမားတဲ့ဆိုးကျိုးကို ဖြစ်ပေါ်စေတာပါ။

အထူးသဖြင့် ညအချိန်ကောင်းကင်ယံမှာတောက်ပမှုက ဂေဟစနစ်၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် နဲ့ မြင့်မားတဲ့စွမ်းအင် သုံးစွဲမှုတို့အပေါ် ဆိုးကျိုးတွေဖြစ်ပေါ်စေ တယ်ဆိုတာ သက်သေသာဓကတွေနဲ့ကို တွေ့ရှိထားပါတယ်။

လူလုပ်အလင်းရောင်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ဘဲ လျှပ်စစ်ဓာတ် အားကိုအသုံးပြု ရပါတယ်။ ဒီအတွက်ကြောင့် နီယွန်မီးရောင်စုံတွေထွန်းညှိဖို့အတွက် လိုအပ်တဲ့လျှပ်စစ်ဓာတ်အား ပမာဏ ကလည်း မြင့်တက်လာရပါတယ်။

ညဘက်မှာ မလိုအပ်ဘဲအသုံးပြုတဲ့ အလင်းရောင်ကြောင့် စွမ်းအင်ကုန်ဆုံးမှု ပမာဏက  တစ်ကမ္ဘာလုံးမှာ တစ်ရက်တာ စွမ်းအင်သုံးစွဲမှုပမာဏရဲ့  လေးပုံတစ်ပုံရှိပါတယ်။ ဒီလိုစွမ်းအင်သုံးစွဲမှုမြင့်တက်ခြင်းကြောင့် စွမ်းအင်အလေအလွင့်တွေကို သာဖြစ်စေရုံမက ကာဗွန်ထုတ်လွှတ်မှုကိုလည်း မြင့်တက်စေပါတယ်။

တိရစ္ဆာန်များအပေါ် သက်ရောက်မှု

အင်းဆက်တွေဆိုရင်လည်း အလင်းရောင်တောက်ပမှုကြောင့် သူတို့ရဲ့နေထိုင်မှုပုံစံတွေ ပျက်စီးရပါတယ်။   မီးအလင်းရောင်နားမှာ တဝဲလည်လည်လုပ်နေရတဲ့ ပိုးကောင်လေးတွေဆိုရင်လည်း အဲဒီမီးအလင်းရောင် နားမှာပဲ  အချိန်ကြာမြင့်စွာပျံသန်းနေရပါတယ်။

သူ့ရဲ့အကျိုးဆက်ကတော့ အင်းဆက်တွေရဲ့ဂေဟစနစ်ပျက်စီးပြီး အင်းဆက် အကောင်ရေကျဆင်း ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

မီးအလင်းရောင်ကြောင့် ပျက်စီးမှုတွေနဲ့ ကြုံတွေ့ရတာ အင်းဆက်ပိုးကောင်လေးတွေပဲ မဟုတ်ပါဘူး။    အမျိုးမျိုးသော တိရစ္ဆာန်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အများအားဖြင့်   လူတွေနားမှာအနေများတဲ့ တိရစ္ဆာန်တွေဟာ နေ့အလင်းရောင်နဲ့ ညအမှောင်တစ်လှည့်စီ လှည့်ပတ်မှုအပေါ်မူတည်ပြီး  မျိုးပွားမှုတွေ၊  အာဟာရစုပ် ယူမှုတွေ၊ အိပ်စက်ခြင်းတွေကိုလုပ်ဆောင် ကြတာပါ။

ဒါပေမဲ့ လူသားတွေရဲ့မလိုအပ်တဲ့ အလင်းရောင်ကြောင့် သူတို့လေးတွေခမျာ သဘာဝအတိုင်း လည်ပတ်မှု ဖြစ်စဉ်ကို  ပုံမှန်မလုပ်ဆောင်နိုင်တော့ပါဘူး။ သူတို့တင်ပဲလားဆိုတော့ ဆောင်းခိုငှက် တွေဟာလည်း အလင်းရောင်ညစ်ညမ်းမှုရဲ့ ဓားစာခံတွေပါပဲ။ တချို့ဆောင်းခိုငှက်တွေဟာ ညအချိန်မှာ  လနဲ့ကြယ်တွေရဲ့ အလင်းရောင်ကိုယူပြီး သူတို့ညွှန်ပြတဲ့လမ်း ကြောင်းအတိုင်း ပျံသန်းလေ့ရှိပါတယ်။

သို့သော်လည်း မြို့ကြီးတွေအပေါ်ရောက်တဲ့အခါ အောက်ကနေတက်လာတဲ့ တောက်ပတဲ့ အလင်းရောင် ကြောင့် သူတို့ ဟာလမ်းလွဲသွားရပြီး သူတို့အတွက်အန္တရာယ် များတဲ့နေရာတွေကို ရောက်သွားတတ်ကြ ပါတယ်။ ပင်လယ်လိပ်လေးတွေဟာလည်း ဥကနေပေါက်လာပြီဆိုရင်  လရဲ့အလင်း ရောင်ကိုကြည့်ပြီး     ရောင်ပြန်ဟပ်ရာ ပင်လယ်ကြီးထဲကို ဆင်းကြရတာပါ။

ဒါပေမဲ့လည်း ကမ်းခြေမှာရှိတဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေ၊ နေအိမ်တွေ၊ အပန်းဖြေ နေရာတွေမှာရှိတဲ့ မီးအလင်းရောင်တွေ ကြောင့် အခုမှဥမှပေါက်ခါစလိပ်ကလေး တွေဟာ ကားလမ်းတွေပေါ်ကိုမှားယွင်းပြီး ရောက်သွားကြပါတယ်။

အကျိုးဆက်ကတော့ ပင်လယ်လိပ် အကောင်ရေလျော့ကျမှုနဲ့ ရင်ဆိုင်လာရတာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ ဖလော် ရီဒါပြည်နယ်မှာဆိုရင် တစ်နှစ်ကိုသေဆုံး ရတဲ့ပင်လယ်လိပ်အကောင်ရေသန်းပေါင်း များစွာရှိပါတယ်။