အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် လာရောက်ပူးပေါင်းခြင်းမရှိသည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချရန် အသင်းပရိသတ်များ တောင်းဆိုမှုပြုလုပ်

အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် လာရောက်ပူးပေါင်းခြင်းမရှိသည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချရန် အသင်းပရိသတ်များ တောင်းဆိုမှုပြုလုပ်

စပါးအသင်းပရိသတ်များသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် လာရောက် ပူးပေါင်းခြင်းမရှိသည့်  တိုက်စစ်မှူးဟယ်ရီကိန်းကို ရောင်းချရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ဟယ်ရီကိန်းသည် စပါးအသင်း၌ နှစ်စဉ်ခြေစွမ်းပြပြီး တစ်ဦးချင်းဆုတံဆိပ်များ ရရှိခဲ့သော်လည်း အသင်းနှင့်ဆုဖလားတစ်ကြိမ်မျှ ရယူနိုင်ခြင်း မရှိသည့်အပြင် လာမည့်ဘောလုံးရာသီတွင်လည်း ဥရောပအဆင့်ပြိုင်ပွဲများ ဝင်ရောက်ခွင့် မရရှိသည့်အတွက် ပြီးခဲ့သည့် ဘောလုံးရာသီကုန်ဆုံးချိန်ကတည်းက အသင်းမှ ထွက်ခွာခွင့်ပေးရန် တောင်းဆိုထားသူဖြစ်သည်။

ဟယ်ရီကိန်းကို ယူရိုပြိုင်ပွဲကျင်းပစဉ် ကာလကတည်းက မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၁၀၀ အထိပေးပြီး တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း စပါးအသင်းဘက်မှ မရောင်းချလိုသည့်အတွက် မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ကာ စတာလင်ပေါင် သန်း ၁၅၀ ရရှိမှသာ  လက်ခံမည်ဟု ကြေညာခဲ့သည်။

ဟယ်ရီကိန်းကိုယ်တိုင်ကလည်း ထွက်ခွာခွင့်မပေးဘဲ ငြင်းဆန်နေသည့် အသင်းမှ တာဝန်ရှိသူများ၏လုပ်ရပ်ကို စိတ်ပျက်လျက်ရှိသည့်အတွက် အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ပူးပေါင်းခြင်းမရှိဘဲ ငြင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲ၌ အင်္ဂလန်အသင်းနှင့် ပူးပေါင်းခဲ့ပြီးနောက် အားလပ်ရက်ရရှိနေခဲ့ရာမှ ယခုအခါ အားလပ်ရက် ပြည့်မြောက်သည့်အတွက်  သြဂုတ် ၂ ရက်တွင် စပါးအသင်းနှင့် ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်ရေးအစီအစဉ်များ ပြုလုပ် ရမည်ဖြစ်သော်လည်း   ယခုအခါ   လာရောက်ပူးပေါင်းခြင်းမရှိဘဲ  ကန့်ကွက်နေခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်ကလည်း ဂါရတ်ဘေးလ်က ရီးယဲလ်မက်ဒရစ်အသင်းသို့ မပြောင်းရွှေ့ရ သည့်အတွက် ဟယ်ရီကိန်းကဲ့သို့ လေ့ကျင့်ရေးအစီအစဉ်တွင် မပူးပေါင်းဘဲ ဆန္ဒပြခဲ့ဖူးပြီး ယခုအခါ ဟယ်ရီကိန်းက ဂါရတ်ဘေးလ်ကဲ့သို့ ပြုလုပ်နေသည့်အတွက် အသင်း ပရိသတ်များ၏ ဝေဖန်မှုကို ခံနေရခြင်းဖြစ်ကြောင်း သိရသည်။ 

Ref;Sky Sports