အသစ်ဖွဲ့စည်းလိုက်သော AUKUS အဖွဲ့က လက်နက်အပြိုင် တပ်ဆင်မှုဆီ ဦးတည်စေဟု တရုတ်ပြော

အသစ်ဖွဲ့စည်းလိုက်သော AUKUS အဖွဲ့က လက်နက်အပြိုင် တပ်ဆင်မှုဆီ ဦးတည်စေဟု တရုတ်ပြော

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည့် အသစ်ဖွဲ့စည်း လိုက်သော AUKUS အမည်ရှိ ကာကွယ်ရေး မဟာမိတ်အဖွဲ့သည်    ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေပြီး လက်နက်အပြိုင် တပ်ဆင်မှုဆီသို့ ဦးတည်နေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမ ှပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။

အဆိုပါအဖွဲ့ဝင်နိုင်ငံများသည် ပထဝီနိုင်ငံရေး ကစားပွဲ လက်နက်အဖြစ် နျူကလီးယား ပို့ကုန်များကို အသုံးပြုနေသည့်အတွက် နိုင်ငံတကာက ဆောင်ရွက်နေသည့် နျူကလီးယား မပြန့်ပွားရေး ဆောင်ရွက်ချက်များကို ထိခိုက်စေကြောင်း၊ မည်သည့်ဒေသတွင်းလုပ်ထုံးလုပ်နည်းမဆိုသည် တတိယနိုင်ငံများ၏ အကျိုးစီးပွားများကို မထိခိုက်စေသင့်ကြောင်း ကျောင်းလီကျန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အလားတူ အဆိုပါနိုင်ငံများအနေဖြင့် စစ်အေးခေတ် အတွေးအခေါ်များကို ဖယ်ရှားရန်နှင့် မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်သည့် မည်ကဲ့သို့သော မဟာမိတ်အဖွဲ့ကိုမျှ မဖွဲ့စည်းရန်   အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က အင်ဒို-ပစိဖိတ် ဒေသအတွင်းရှိ ၎င်းတို့နိုင်ငံများ၏   မျှဝေသော အကျိုးစီးပွားများကို ထိခိုက်မှုမှ ကာကွယ်နိုင်ရေး   ရည်ရွယ်၍ AUKUS အမည်ရှိ   ကာကွယ်ရေးနှင့် လုံခြုံရေး မိတ်ဖက်အဖွဲ့ကို  ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခြင်းဖြစ်သည်။

ထိုသို့အသစ်ဖွဲ့စည်းလိုက်သည့် ကာကွယ်ရေး မဟာမိတ်အဖွဲ့ကြောင့် သြစတြေးလျ နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော အနည်းဆုံး ရှစ်စင်းကို လက်ခံ ရရှိမည်ဖြစ်သည်။

ထို့ပြင် AUKUS အဖွဲ့သဘောတူစာချုပ်၏ ကနဦးဆောင်ရွက်ချက်မှာ တော်ဝင် သြစတြေးလျ ရေတပ်အတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော နည်းပညာကို ဖန်တီးပေးရေး ဖြစ်လာမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံသည် အဆိုပါ သဘောတူညီချက်ကြောင့် ရေငုပ်သင်္ဘော တည်ဆောက်ရေး အတွက် ပြင်သစ်နိုင်ငံနှင့် ယခင်ချုပ်ဆိုထားသော အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံတန်ဖိုးရှိ စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

Ref: Sputnik