အသားမပါဘဲ ပရိုတင်းခွန်အားပြည့်ဝစေမည့်နည်းလမ်းကောင်းများ

အသားမပါဘဲ ပရိုတင်းခွန်အားပြည့်ဝစေမည့်နည်းလမ်းကောင်းများ

ယနေ့ကမ္ဘာတွင် ကျား၊ မ လူကြီးလူရွယ် တော်တော်များများ ကျန်းမာရေးအသိအမြင် ကြွယ်လာသည့်အလျောက် ဗိုက်ပူချက်စူ ခါးတုတ်ကြီးတွေမဖြစ်စေရန်၊ ကိုယ်အလေးချိန် ကျဆင်းစေရန်၊ ကြွက်သားများတက်လာရန် စသည်ဖြင့် မိမိကိုယ်ကို ဂရုစိုက်လာကြသလို   နာတာရှည်ရောဂါများဖြစ်ကြသည့် နှလုံး၊ ဆီးချို၊ သွေးတိုး၊ လေငန်း ရောဂါတွေ မဖြစ်အောင်လည်း သတိပြုနေထိုင်စားသုံးလာကြသည်။ ထို့ပြင် ကျန်းမာရေးအတွက်   ပရိုတင်း အဆင့်အတန်းမြင့်မားသော အစာအာဟာရတွေကိုလည်း ဦးစားပေး ရွေးချယ် တတ်လာကြသည်ကိုတွေ့ရသည်။   ပရိုတင်းခွန်အား ပြည့်ဝစေရန်အတွက် နံနက်ပိုင်းတွင် ကြက်ဥစားခြင်း၊ နေ့လယ်နှင့်ညစာတို့တွင် အနီရောင်အသားများစားခြင်း၊ ညအိပ်ရာ ဝင်ခါနီး နွားနို့ပူပူသောက်ခြင်းဖြင့် ပရိုတင်းအာဟာရ ရရှိအောင်စားသောက်ကြသည်။ အသား၊ နို့၊ ကြက်ဥ၊ ပဲအမျိုးမျိုးတို့တွင် ပရိုတင်းကို ဓာတ်ပစ္စည်းတစ်ခုအဖြစ် တွေ့မြင်ရပြီး ၎င်းင်းပရိုတင်းဓာတ်က လူသားတို့ ကျန်းမာရေးအတွက် အလွန်အရေးပါ အရာရောက်လှ သည်။    ပရိုတင်း၏ လုပ်ဆောင်ချက်များမှာ-

  • ပရိုတင်းဓာတ်က ခန္ဓာကိုယ်တည်ဆောက်ခြင်းနှင့် တစ်သျှူးများ ပိုမိုကောင်း မွန်အောင် ပြုပြင်ပေးနိုင်ပါသည်။
  • အင်ဇိုင်းများ၊ ဟော်မုန်းများနှင့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး၏ ဇီဝလုပ်ဆောင် ချက်များ ကောင်းမွန်စေရန်အတွက် လိုအပ်လျက်ရှိသော ဓာတုပစ္စည်းများအတွက်ကိုလည်း ပရိုတင်းဓာတ်က ပြုပြင်ဖန်တီးပေးနိုင်သည်။
  • ခန္ဓာကိုယ်အတွက် အရေးပါသော အစိတ်အပိုင်းများဖြစ်ကြသည့် အရိုး၊ ကြွက်သား၊ အရိုးနု၊ အရေပြား၊ သွေး စသည်တို့သည် ပရိုတင်းဓာတ်မပါဘဲဖြစ်တည်၍ မရနိုင်ပေ။
  • လူသားမဖြစ်ခင် အမိဝမ်းတွင်း သန္ဓေသားလောင်းအဆင့်မှာ ကတည်းကပင် ပရိုတင်းဓာတ်က မရှိမဖြစ်လိုအပ်နေသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင် လောင်းများအနေဖြင့်   ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို မဖြစ်မနေ စားပေးရပါသည်။

အသားမစားဘဲ ပရိုတင်းခွန်အား ပြည့်စေမည့် အစားအစာများ

ပရိုတင်းခွန်အားပြည့်စေရန်အတွက် တိရစ္ဆာန်ထွက် ပစ္စည်းများဖြစ်ကြသော အသား၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသော ဥအမျိုးမျိုးတို့ကို စားသုံး ပေးရမည်ဖြစ်သော်လည်း   အသားငါး မကြိုက်သူ၊    ဟင်းသီးဟင်းရွက်ကိုသာ ပိုကြိုက်သူ၊ သက်သတ်လွတ်မကြာခဏ စားလေ့ရှိသူနှင့် ကျန်းမာရေးအရ သို့မဟုတ် ဘာသာရေး သက်ဝင်ယုံကြည်မှုအရ ရာသက်ပန် သက်သတ်လွတ်စားသုံးသူတွေအတွက်   အသားမစားဘဲ ပရိုတင်းခွန်အားပြည့်ဝစေနိုင်မည့် တခြားသော နည်းလမ်းများစွာ ရှိကြသည်။

  • ဒိန်ချဉ်သောက်ပါ။ ၆ အောင်စ ပမာဏ ရှိသောဒိန်ချဉ်ကို နေ့စဉ်သောက်သုံးပေး ခြင်းဖြင့် ပရိုတင်း ၅ ဂရမ်ကို ရရှိခံစားနိုင်ပါလိမ့်မည်။  ၎င်းဒိန်ချဉ်ထဲကို သကြား ထည့်သောက်သည်ဖြစ်စေ၊ သကြားမပါဘဲ သောက်သည်ဖြစ်စေ ရရှိနိုင်မည့် ပရိုတင်းပမာဏမှာ အတူတူပင်ဖြစ်သည်။ သို့သော် ဆီးချို၊ သွေးချိုနှင့်   ကိုလက်စထရော မတက်ရစေရန်နှင့် နောင်ရေးကျန်းမာရေး ကောင်းမွန်စေရန်တို့ အတွက် ဒိန်ချဉ်ထဲကို သကြားမထည့်ဘဲသောက်သော  အလေ့အကျင့်ကို ကြိုးစား မွေးမြူသင့်ပါသည်။
  • အစေ့အဆန်များစားပါ။ ရွှေဖရုံစေ့နှင့် ဖရဲသီးအစေ့တို့ကို လျစ်လျူရှုမထားသင့်ပေ။ အာဟာရဗေဒအရ ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ လူကြီးလက်တစ်ဆုပ်စာ ပမာဏ ရှိသော ရွှေဖရုံစေ့ထဲတွင်  ပရိုတင်း ၁၂ ဂရမ် ပါရှိနေပြီး ၎င်းင်းအလေးချိန်တူ   ဖရဲသီးစေ့(အခြောက်)ထဲတွင် ပရိုတင်း ၃၀ ဒသမ ၆ ဂရမ်အပြင် အမိုင်နိုအက်စစ် တွေလည်း ပါရှိနေကြသည်။  ၎င်းအစေ့အဆန်များကို ရွှေဖရုံစေ့လှော်၊ ဖရဲသီးစေ့ (ကွာစေ့) လှော် အဖြစ်စားသုံးနိုင်ပါသည်။ ထို့ပြင် သစ်ကြားသီး၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ သစ်အယ်စေ့ စသည့် အခွံမာသီး အစေ့အဆန်များထဲတွင် ပရိုတင်းခွန်အား များအပြင် ဇင့်၊ ဗီတာမင်အီးနှင့် အိုမီဂါ-၃ ဖက်တီးအက်စစ်တွေ ဖောဖောသီသီ ပါရှိကြသည်။ အထူးသဖြင့် ဗာဒံစေ့ထဲတွင်ပါရှိသော အမျှင်ဓာတ်က သီဟိုဠ်စေ့ ထက်လေးဆမျှ ပို၍များပြားနေပြီး သီဟိုဠ်စေ့ထဲရှိ  သံဓာတ်နှင့် ဇင့်ဓာတ်က အခြားသော  အစေ့အဆန်များထက် နှစ်ဆမျှ ပို၍များပြားသည်။ သီဟိုဠ်စေ့နှင့် သစ်အယ်စေ့တို့မှာ အာဟာရဓာတ်အမြင့်မားဆုံးဖြစ်သည်။ သို့သော် ဈေးကွက်ထဲရှိ တချို့သော အစေ့အဆန်လှော်တွေမှာ ဆား(အငန်)အရသာ ကဲထားသဖြင့်   သွေးတိုးရောဂါ နောက်ဆက်တွဲမဖြစ်ရအောင် ဆား(အငန်)မပါသော သို့မဟုတ် ဆားလျော့သော အစေ့အဆန်အလှော်များကိုစားပါ။
  • ပဲစေ့အမျိုးမျိုးစားပါ။ မည်သည့်ပဲမဆို ပဲစေ့အမျိုးမျိုးထဲမှာ သံဓာတ်နှင့် ပရိုတင်း ဓာတ်များပါရှိနေကြသည်။ ထို့ပြင် ကြေပျက်လွယ်သော အမျှင်ဓာတ်များလည်း ပါရှိနေသဖြင့် ကိုလက်စထရောကျစေပါသည်။ တစ်ခွက်စာ ပမာဏရှိသော ပဲဟင်းလျာထဲတွင် လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်နေသော  ပိုတက်စီယမ်၊ ဇင့်၊ ဗီတာမင်ဘီနှင့် ကယ်လ်စီယမ်ဓာတ်တွေ ပြည့်စုံစွာပါရှိနေသည်။    ရာသက်ပန် သက်သတ်လွတ်စားသူများအနေဖြင့် ပရိုတင်းခွန်အား ပြည့်ဝစေရန် အတွက် ပဲအမျိုးမျိုးကို   ထမင်း  သို့မဟုတ် ခေါက်ဆွဲ သို့မဟုတ်  ပေါင်မုန့်တို့ဖြင့်   တွဲဖက်၍ စားပေးသင့်ပါသည်။
  • ကောက်နှံအမျိုးမျိုးစားပါ။ ဂျုံ၊ ဆန်လုံးညို၊ မုယောစပါး၊ ပြောင်း၊ ကွေကာအုပ် တို့သည် ကောက်နှံမျိုးများဖြစ်ကြပြီး ဗီတာမင်ဘီ-၁၂ အပြင် သံဓာတ်၊ ကယ်စီယမ် နှင့် အခြားသော အာဟာရပစ္စည်းတွေပါရှိနေကြသည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည့် ဥအမျိုးမျိုး မစားသူများ၊ နို့နှင့်  နို့ထွက်ပစ္စည်းမစားသော  ရာသက်ပန်သက်သတ် လွတ်စားသူများ ဗီတာမင်ဘီ-၁၂ မချို့တဲ့ရလေအောင်   ကောက်နှံအမျိုးမျိုးကို ဖြည့်စွက်စားပေးသင့်ပါသည်။ 
  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များစားပါ။ ဟင်းနုနယ်၊ ဘရိုကိုလီ ခေါ် ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန် စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ထဲတွင် လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်သံဓာတ်များပါရှိနေကြသည်။ အထူးသဖြင့် ဟင်းနုနယ်ရွက်ထဲရှိ သံဓာတ်ပမာဏသည် အခြားသော ဟင်းသီးဟင်းရွက်များ ထက် ပိုများသည်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွင် ဖောလစ်အက်စစ်နှင့် ဗီတာမင်အေ တို့လို ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာ ပါရှိနေကြရာ ကင်ဆာရောဂါအမျိုးမျိုးတို့ကို ခုခံတိုက်ထုတ်ပေးနိုင်ပါသည်။
  • ရေညှိစားပါ။ ရေညှိပင်သည် သံဓာတ် နှင့်  Phytochemicals  ခေါ်  သဘာဝအပင်မှ ရရှိသည့် ခုခံနိုင်စွမ်းဓာတ်ပေါင်းစုများ အံ့ဖွယ် ကောင်းလောက်အောင်ပါရှိသည့်  သဘာဝအရင်းအမြစ်ဖြစ်ပါသည်။ ထို့ပြင် ရေညှိထဲတွင် မဂ္ဂနီစီယမ်၊ ကယ်စီယမ်၊ အိုင်အိုဒင်း၊ သံ၊ ခရိုမီယမ် စသည့် သတ္တုဓာတ်များနှင့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီဓာတ်ပေါင်းစုတွေပါရှိနေကြသည်။   ထို့ကြောင့် ရေညှိသည် ရာသက်ပန်  သက်သတ်လွတ် စားသူများအတွက် အကောင်းဆုံးအစားအစာ တစ်ခု ဖြစ်သည်။ ထိုသူများအနေဖြင့် စိမ်းပြာရေညှိအားဆေးကိုလည်း   ဖြည့်စွက်စာအဖြစ် သောက်သုံးပေးနိုင်ပါသည်။
  • သစ်သီးယို၊ သစ်သီးခြောက်အမျိုးမျိုးစားပါ။ တရုတ်ဆီးသီးခြောက်၊ စပျစ်သီး ခြောက်၊ သရက်သီးခြောက်၊ နာနတ်သီးခြောက်၊   စွန်ပလွံသီးယို၊ ချယ်ရီသီးခြောက်၊ ကတွတ်ယို စသည့် သစ်သီးခြောက်ယိုများကို အဆာပြေသရေစာအဖြစ် စားပေးခြင်း ကလည်း တစ်ဖက်တစ်လမ်းမှနေ၍ သံဓာတ်ကိုအားဖြည့်ပေးသည်။ ၎င်းတို့ကိုစားပေးခြင်းက သွေးပေါင်ကျခြင်း နှင့် သွေးအားနည်းခြင်းမှ ကာကွယ်ရာ ရောက်သည်။
  • ပရိုတင်းဖျော်ရည်သောက်ပါ။ မြန်မာနိုင်ငံတွင် ပရိုတင်းဖျော်ရည်ကို သောက်သုံး လေ့မရှိကြသော်လည်း  အခြားနိုင်ငံများတွင် သက်သတ်လွတ် စားသုံးသူများ အတွက် အထူးတလည် ဖန်တီးထားသော ပရိုတင်းဖျော်ရည်  (Protein Shakes)ကို သောက်သုံးလေ့ရှိကြသည်။ ဆန်မှုန့် သို့မဟုတ် ပဲနို့ရည်ရောထားသည့် ပရိုတင်း ဖျော်ရည်တစ်ခွက်ထဲမှ    ပရိုတင်းအာဟာရ ၅၀ ရာခိုင်နှုန်းကျော်ရရှိနိုင်ပါသည်။ ခန္ဓာကိုယ်  အဆီလျှော့ချလိုသူများသာမက ကလေးငယ်များနှင့် သက်ကြီးရွယ်အို များလည်း ပရိုတင်းဖျော်ရည်ကို သောက်သုံးပေးသင့်ပါသည်။

သတိပြုရန်

(က)  လူသားတို့  ဘက်စုံကျန်းမာရေး အတွက်   ပရိုတင်းက မရှိမဖြစ်လိုအပ်သော်လည်း  ကျန်းမာရေးကောင်းနေသူ တစ်ယောက်အတွက် တစ်နေ့တာ ပရိုတင်း ပမာဏ လိုအပ်ချက်မှာ သုည ဒသမ ၈၀ ဂရမ်တိတိဖြစ်သည်။   အကယ်၍ ၎င်းပမာဏထက်  ပို၍စားသုံးမိပါက ကိုယ်အလေးချိန်တိုးပွားစေပါသည်။

(ခ)ပရိုတင်းလိုအပ်သူများနှင့် နာလန်ထစလူနာများအတွက် တစ်နေ့လျှင်  နွားနို့တစ်ခွက်၊ ကြက်ဥနှစ်လုံး၊ အသားနှင့် ဟင်းသီးဟင်းရွက်များစားပေးပါ။ အစေ့အဆန်များကိုလည်း သရေစာ အဆာပြေစားပါ။

အချုပ်အားဖြင့်ဆိုသော် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလူးဟတ်ပြည်သူ့ ကျန်းမာရေးသိပ္ပံမှ သုတေသနပညာရှင်များ၏ လေ့လာချက်အရ အပင်ထွက်ပစ္စည်း အခြေခံသည့် အစားအစာကိုအဓိကစားသုံးသူများ၌ ရောဂါလက္ခဏာ အတော်အသင့် ပြင်းထန်သော သို့မဟုတ် အလွန်ပြင်းထန်သော   ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားနိုင်ခြေမှာ အသားစားသူများထက် ၇၃ ရာခိုင်နှုန်း   ပိုနည်းပါးကြောင်း သိရသည်။ အလားတူ အခြား အသားများမစားဘဲ ငါးဟင်းလျာကို အဓိက စားသုံးသူများ၌လည်း ရောဂါလက္ခဏာ အတော်အသင့်ပြင်းထန်သော သို့မဟုတ် အလွန်ပြင်းထန်သော ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်ပွားနိုင်ခြေမှာ အသားစားသူများထက် ၅၉ ရာခိုင်နှုန်းပိုနည်းပါးကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။ ထို့ကြောင့်   ယခုလို ကိုဗစ်-၁၉ ကူးစက်မြန် ပြင်းထန်ကာလတွင် အနီရောင်အသားကိုလျှော့စား၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံ များကို အဓိကစားသောက်ပြီး ပရိုတင်းအာဟာရ ဖြည့်တင်းနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါသည်။    ။