အသေစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်( Small and Medium Enterprise Development Bank) နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

အသေစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်( Small and Medium Enterprise Development Bank) နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ မတ်လ -၁၅ ရက်

၁။    အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် ( Small and Medium Enterprise Development Bank) အား ၁၉၉၆ ခုနှစ်တွင် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ် ( Myanmar Industrial Development Bank – MIDB) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှဏ်အထိ ဘဏ်လုပ်ငန်းများကို နိုင်ငံတော်မှ တစ်စိတ်တစ်ပိုင်းပါဝင်သော ( Semi- Government Bank) ဘဏ်အဖြစ် ရပ်တည်ဖွင့်လှစ်ခဲ့ပါသည်။

၂။    ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ရှယ်ယာရှင်များမှ ရွေးချယ်တင်မြှောက်ထားသော ဒါရိုက်တာ အဖွဲ့ဝင်များမှ စီမံခန့်ခွဲမှုပြုလုပ်၍ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် ( Small and Medium Industrial Development Bank – SMID Bank)အဖြစ်လည်းကောင်း၊ ၂၀၁၉ခုနှစ်၊ မေလတွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် ( Small and Medium Enterprise Development Bank – SMED Bank) အဖြစ်လည်းကောင်း အမည်ပြောင်းလဲခဲ့ပါသည်။

၃။    SMED ဘဏ်နယက အဖြစ် ဦးခင်ရွှေမှ ဆောင်ရွက်ပြီး ဉက္ကဋ္ဌအဖြစ် ဒေါ်စန်းစန်းရီမှ လည်းကောင်း၊ ဒုဉက္ကဋ္ဌများအဖြစ် ဦးသွင်မြင့်မောင်၊ ဦးဇေယျာညွန့်နှင့် ဦးဇေသီဟ တို့မှလည်းကောင်း၊ ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဒေါက်တာဉာဏ်သစ်လှိုင်၊ ဦးဗိုလ်ဗိုလ်ဇော်ချစ်လှိုင်၊ ဦးတင်အောင်သန်း၊ ဦးငြိမ်းကျော်၊ ဦးသန်းကျော်၊ ဦးသီဟအောင်၊ ဦးစိန်သစ်နှင့် ဦးကျော်ကျော်စိုး တို့မှလည်းကောင်းတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၄။    SMED ဘဏ်အနေဖြင့် ရုံးချုပ်အား အမှတ်(၂၉၈)၊ အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားပြီး နေပြည်တော်ကောင်စီ နယ်မြေနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ခု၌ ဘဏ်ခွဲပေါင်း၂၆ ခုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။

၅။    SMED ဘဏ်တွင် Open Society Myanmar မှ အမေရိကန်ဒေါ်လာများ အပ်နှံထားရှိ ကြောင်း သတင်းရရှိသည့်အတွက် ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်တွင် အဆိုပါဘဏ်၏ ဒုတိယ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇေယျာညွန့်အား ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ပါသည်။

၆။    ဦးဇေယျာညွန့်၏ ထွက်ဆိုချက်အရ ၎င်းတို့ဘဏ်တွင် Open Society Myanmar အဖွဲ့မှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဖြင့် ဘဏ်ငွေစာရင်း စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါဘဏ်ငွေစာရင်းအတွင်းသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် စင်ကာပူနိုင်ငံအခြေစိုက် OVERSEA-CHINESE BANKING CORPORATION LIMITED ဘဏ်မှ အမေရိကန်ဒေါ်လာ ၅ သန်း အား လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

၇။    ထိုကဲ့သို့ SMED ဘဏ်ရှိ Open Society Myanmar ဘဏ်ငွေစာရင်းသို့ အမေရိကန်ဒေါ်လာများဝင်ရောက်လာမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဌာန(Foreign Exchage Management Departmant-FEMD)မှ တာဝန်ရှိသူ အား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

၈။    စိစစ်ချက်အရ SMED ဘဏ်အနေဖြင့် စင်ကာပူနိုင်ငံ အခြေစိုက် OVERSEA-CHINESE BANKING CORPORATION LIMITED ဘဏ်မှ အမေရိကန်ဒေါ်လာ ၅ သန်း အား Open Society Myanmar သို့ လွှဲပြောင်းပေးပို့ခဲ့မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြစ်သော နိုင်ငံခြားငွေစီမံခန့်ခွဲမှုစည်းမျဉ်းအရ နိုင်ငံခြားသုံးငွေများ ရောင်း/ဝယ် ဖောက်ကားသည့် လိုင်စင် ရရှိသူ(ဘဏ်)သည် တစ်ဖက်သတ်လွှဲပြောင်းပေးချေမှုများအတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ၊ သို့မဟုတ် ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေထက် ပိုများသည့်ပမာဏကို တောင်းခံတင်ပြ လာပါက ဗဟိုဘဏ်သို့ တင်ပြပြီး ၎င်းငွေကိုလက်ခံမည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့၏ ငွေစာရင်းသို့ ငွေအားမထည့်သွင်းပေးမီ သက်ဆိုင်ရာဘဏ်မှ ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဌာန(Foreign Exchage Management Departmant-FEMD) သို့ လိုအပ်သောစာရွက် စာတမ်းများနှင့်အတူ ခွင့်ပြုချက်ရယူရန် ပျက်ကွက်ခဲ့ပြီး Electronic Reporting System-ERS ဖြင့် အပ်ငွေ(Deposit)အနေဖြင့်သာ သတင်းပေးပို့ထားကြောင်းတွေ့ရှိရပါသည်။

၉။    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် Open Society Myanmar အဖွဲ့မှ Exective Director ဖြစ်သူ ဒေါက်တာ မျိုးမြင့်အောင်နှင့် Program Officer ဖြစ်သူ ဒေါ်မေမိုးခိုင်တို့ လက်မှတ်ရေးထိုးထားသော ချက်စာရွက်ဖြင့် Finance Manager ဖြစ်သူ ဒေါ်ဖြူပပအောင်မှ ဘဏ်သို့လာရောက်၍ Open Society Myanmar ဘဏ်ငွေစာရင်းအတွင်းရှိ အမေရိကန်ဒေါ်လာ ၅ သန်းအနက်မှ ၁.၄၂ သန်းအား မြန်မာကျပ်ငွေ ၁၉,၉၉၉ သိန်းအဖြစ်ပြောင်းလဲ၍ ထုတ်ယူသွား ခဲ့ကြောင်း သိရှိရပါသည်။

၁၀။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ပြည်တွင်းရှိဘဏ်များအနေဖြင့် အမေရိကန်ဒေါ်လာအား ငွေသားဖြင့်ထုတ်ပေးရာတွင် နိုင်ငံတကာသံရုံးများ၊နိုင်ငံတကာ တရားဝင်အဖွဲ့အစည်းများဖြစ်သည့် United Nations-UN ၊ Asian Development Bank-ADB ၊ World Bank၊ International Monetary Fund-IMF၊ The International Committee of the Red Cross-ICRC မပါ၊ ကျန်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား တစ်ပတ်လျှင် ၂ ကြိမ်ထက် ပို၍ မထုတ်ပေးရန်နှင့် ထုတ်ပေးရာတွင်လည်း အမေရိကန်ဒေါ်လာ ၅,၀၀၀ ထက်ပို၍ မထုတ် ပေးရန် ညွှန်ကြားထားရှိကြောင်းသိရှိရပါသည်။

၁၁။    ထို့ကြောင့် SMED ဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၄၂ သန်းအား ငွေသားအဖြစ် ထုတ်ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၄၂ သန်းအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲထုတ်ပေးခဲ့သည့်အတွက် Customer နှင့်ဘဏ်များအကြား ဒေါ်လာရောင်းဝယ်မှုဖြစ်သဖြင့် Electronic Reporting System-ERS စနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ၁၅၃၀ နာရီ နောက်ဆုံးထား၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ သတင်းပို့ရမည်ဖြစ်သော်လည်း သတင်းပို့တင်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းစည်းမျဉ်းအရ မြန်မာ ကျပ်ငွေ သိန်း ၁,၀၀၀ နှင့်အထက် ထုတ်ယူခြင်း၊ လွှဲပြောင်းခြင်း၊ အပ်နှံခြင်းများအတွက်လည်း ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU)သို့ သတင်းပို့ ရမည်ဖြစ်သော်လည်း SMED ဘဏ်အနေဖြင့် တင်ပြမှုမရှိခြင်း စသည့်ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းများအား ချိုးဖောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၁၂။    ထိုသို့ နိုင်ငံခြားငွေ ဝင်ရောက်လာမှု၊ ငွေအပ်နှံထားရှိမှု ငွေထုတ်ယူမှုများနှင့်ပတ်သက်၍ SMED ဘဏ်သည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင် ရာဌာနများသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် SMED ဘဏ်၏ တာဝန်ရှိသူများအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။