အာဆီယံဒေသမှ ပြည်သူများက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုသာ အသုံးပြုလိုဟုဆို

အာဆီယံဒေသမှ ပြည်သူများက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုသာ အသုံးပြုလိုဟုဆို

အာဆီယံဒေသမှ  ပြည်သူများသည် ရာသီဥတုပြောင်းလဲမှုကို   ကိုင်တွယ်ရန် ညစ်ညမ်းသော ရုပ်ကြွင်းလောင်စာများကို ဖယ်ရှားပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုသာ အသုံးပြုလိုကြောင်း စက်တင်ဘာ ၁၆ ရက်ထုတ်  လူထုစစ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။

ဒေသတွင်း   အစိုးရအများစု အနေဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ လုံလောက်စွာ ပြင်ဆင်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ကိုက်ညီသော  မူဝါဒများ ပြဋ္ဌာန်းကာ  အစိမ်းရောင် အသုံးစရိတ် တိုးမြှင့်ရန် လိုအပ်ကြောင်း   စစ်တမ်းတွင်  ပါဝင်ဖြေဆိုသူများက ပြောသည်ဟု  ISEAS-Yusof Ishak  Institute  က ပြုလုပ်သော ၂ဝ၂၁ ခုနှစ်  အရှေ့တောင်အာရှ   ရာသီဥတုရှေ့ရေး စစ်တမ်းတွင်   ဖော်ပြထားသည်။

ရာသီဥတုပြောင်းလဲမှုသည်  အရေးပါပြီး အနီးဆုံး ခြိမ်းခြောက်မှုဖြစ်သည့်အပြင် ဒေသ၏ အားနည်းမှုက  ပြင်းထန်သော မုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများ၊ မိုးခေါင်မှုများနှင့် ပင်လယ်ရေ  မျက်နှာပြင်မြင့်တက်မှုများ၏ ကြီးထွားလာသော  သက်ရောက်မှုကို   ခံနိုင်ရည်မရှိကြောင်း ထင်ဟပ်နေသည်ဟု စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ  ၇ဝ ရာခိုင်နှုန်း ကပြောသည်။

ထိုစစ်တမ်းကို ဇွန် ၁၁ ရက်မှ သြဂုတ် ၂ ရက်အထိ အွန်လိုင်းမှ လုပ်ဆောင်ခြင်းဖြစ်ပြီး   အာဆီယံအဖွဲ့ဝင် ၁ဝ  နိုင်ငံမှ ဖြေဆိုသူ အယောက် ၆ဝဝ ကျော် ပါဝင်သည်။

ထိုသို့ပါဝင်ဖြေဆိုသူများသည် ပညာရှင် အသိုင်းအဝိုင်း၊ အစိုးရ အသိုင်းအဝိုင်း အပြင် စီးပွားရေး၊ ကျောင်းသားများ၊  အရပ်ဘက် အဖွဲ့အစည်းနှင့်   မီဒီယာ အသိုင်းအဝိုင်းတို့မှလည်း ပါဝင်ကြောင်း    စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင်  ကမ္ဘာကြီးကိုပူနွေးလာစေသော ကာဗွန်ဒိုင်အောက်ဆိုက်ထွက် ရှိမှု၏ တစ်ခုတည်းသော အကြီးမားဆုံး အရင်းအမြစ်က ကျောက်မီးသွေးဖြစ်ပြီး ၎င်းအပေါ် မှီခိုမှုကို ဖြတ်တောက်ရန် လိုအပ်သည်ဟု  ထင်မြင်ယူဆကြောင်း   ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက ပြောသည်။

အင်ဒိုနီးရှားနှင့် စင်ကာပူတို့မှ ပါဝင်သူများ အနက် ၈၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၈၅ ဒသမ ၂ ရာခိုင်နှုန်းတို့က ထိုအမြင်ကို အသီးသီး လက်ကိုင်ထားသည်။

စင်ကာပူ၊ ဗီယက်နမ်နှင့်  အင်ဒိုနီးရှားနိုင်ငံတို့မှ ဖြေဆိုသူ အများစုအနေဖြင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကိုလျှော့ချခြင်းက ရေတိုတွင် ဒုက္ခဖြစ်နိုင်သော်လည်း ရေရှည်တွင် ကောင်းကျိုးများ ရရှိမည်ဟု ယုံကြည်ထားကြောင်း သိရသည်။