အာဆီယံ၏ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ  

အာဆီယံ၏ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ  

နေပြည်တော် ဇူလိုင် ၂၇

အာဆီယံ၏ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (21st ASEAN Senior Officials Meeting on Transnational Crime - 21st SOMTC) ကို ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံမှ အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဆင့်များ ဦးဆောင်သည့် SOMTC ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ SOMTC ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်ရှိ Horizon Lake View Hotel  Inn Gyin Villa ရှိ အစည်း အဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါ 21st SOMTC စုံညီအစည်းအဝေး၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် H.E. Haji Sufian bin Haji Sabtu က သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်းဆောင်များက နိုင်ငံဖြတ် ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံအလိုက်ဆောင်ရွက်နေမှု၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့နောက် လက်နက်မှောင်ခို သယ်ဆောင် ရောင်းဝယ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ဆိုက်ဘာ မှုခင်းတိုက်ဖျက်ရေး၊ တောရိုင်းတိရစ္ဆာန် နှင့်သစ်များ တရားမဝင် သယ်ဆောင်ရောင်း ဝယ်မှုများတိုက်ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်ခဲ့သည့်ရလဒ်များနှင့် အစီရင်ခံစာများကို ဘာသာရပ် ဆိုင်ရာ ဦးဆောင်နိုင်ငံများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ လက်နက်မှောင်ခိုမှု၊  အကြမ်းဖက်မှု၊ လူမှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊  ပင်လယ်ရေကြောင်းဓားပြမှုများ၊ လူကုန်ကူးမှု များ၊ နိုင်ငံတကာစီးပွားရေးမှုခင်းနှင့် ဆိုက်ဘာ မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါးသယ် ဆောင်မှုနှင့် တရားမဝင်သစ် နှင့်တောရိုင်း တိရစ္ဆာန် ခိုးထုတ်သယ်ယူမှုများနှင့်ပတ်သက်၍ ၂၀၁၆-၂၀၂၅ အာဆီယံနိုင်ငံ ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး လုပ်ငန်း စီမံချက်မူဘောင်မှ ၂၀၁၉-၂၀၂၁ SOMTC ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို အသေးစိတ်ပြန်လည် သုံးသပ် ဆွေးနွေးကြသည်။ မြန်မာနိုင်ငံ အနေဖြင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများ၊  အာဆီယံအပါအဝင် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတို့ကို ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ၂၀၁၆-၂၀၂၅ အာဆီယံ နိုင်ငံ ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးမူဘောင်၏ SOMTC လုပ်ငန်းအစီအမံ ၂၀၂၂-၂၀၂၄ အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားမှု ကို ဘရူနိုင်းနိုင်ငံက ဦးဆောင်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နိုင်ငံ ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော SOMTC နှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊  ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ ကနေဒါ၊  ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့နှင့် ညှိနှိုင်းဆွေးနွေးမည့်  အစည်းအဝေး အစီအစဉ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို  သက်ဆိုင်ရာနိုင်ငံ များက ရှင်းလင်းဆွေးနွေး  တင်ပြကြသည်။

အဆိုပါဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် ဆက်စပ်အစည်း အဝေးများကို  ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက် တို့တွင် အာဆီယံ ၁၀ နိုင်ငံမှ  SOMTC ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် ဆက်လက်ကျင်းပသွားရန် သဘောတူညီခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)