အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ဇွန်  ၂၈

အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို  ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ  ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နေပြည်တော်မှ ပါဝင် တက်ရောက်သည်။

ဆွေးနွေးပွဲသို့ ရုရှားနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ  အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းတို့  ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ Secretary of the Security Council of the Russian Federation, Nikolai Patrushev နှင့် အာဆီယံ- ရုရှား ဆွေးနွေးပွဲအတွက်   ညှိနှိုင်းရေး တာဝန်ခံ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ  Acting Deputy for Foreign Policy Coordination,Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က အဖွင့်အမှာစကား ပြောကြားကြပြီး အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံရေးရာနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စိန်ခေါ်မှုများအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်    ရုရှားနိုင်ငံတို့က တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီးနောက် အာဆီယံ အဖွဲ့ဝင်များအကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးကို  ကျင့်သုံးလာသကဲ့သို့ ရုရှားဖက်ဒရေးရှင်း နိုင်ငံအပါအဝင် အာဆီယံ၏ အခြားဆွေးနွေးဖက် နိုင်ငံများနှင့်လည်း သာတူညီမျှ မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ကြောင်း၊  မြန်မာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆွေးနွေးဖက်နိုင်ငံတစ်ခု အဖြစ်သာမက မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို   တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် အာရှ-ပစိဖိတ် ဒေသအတွင်း တည်ရှိသောကြောင့်  အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံရေးဆိုင်ရာ မူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ဘုံသဘောထား ရပ်တည်ချက်ထားရှိရန် လိုအပ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်ဆိုင်ရလျက်ရှိကြောင်း၊ ဒေသတွင်းရှိ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး၊ စွမ်းအင်ဆိုင်ရာ လုံခြုံရေး၊ အကြမ်းဖက်အန္တရာယ်၊    မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှု တားဆီးကာကွယ်ရေးတို့မှအစပြု၍ လူသားဆိုင်ရာ လုံခြုံရေးနှင့် အစားအသောက်ဆိုင်ရာ လုံခြုံရေးအထိပါ အာဆီယံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည်   အရေးကြီးကြောင်း၊ အာဆီယံဒေသနှင့် အာရှ-ပစိဖိတ် ဒေသအတွင်း နိုင်ငံရေးဆိုင်ရာ တိုးတက်မှု တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသည် ၂ဝဝ၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၏မဲဆန္ဒရှင် ၉ဝ ရာခိုင်နှုန်းကျော် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို  ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပကာ အများစုအနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာ လွှဲအပ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင် ရရှိလာသော နိုင်ငံရေးပါတီသည် သတင်းမီဒီယာ လွတ်လပ်ခွင့်များအပါအဝင် ဒီမိုကရေစီ အခွင့်အရေးများကို ပိတ်ပင်တားဆီးခဲ့သည့် အပြင် စီးပွားရေး ကဏ္ဍတွင်လည်း မှားယွင်းသည့် မူဝါဒများကြောင့်  မြန်မာကျပ်ငွေတန်ဖိုး လျော့နည်းကျဆင်းခြင်းများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း။

၂ဝ၂ဝ  ပြည့်နှစ်တွင်   ကျင်းပသည့် ရွေးကောက်ပွဲတွင်လည်း တစ်ပါတီတည်း အများစု အနိုင်ရရှိရန် မဲမသမာမှုများ အပါအဝင် မတရားသည့်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ရာ မတရားသဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှုများကြောင့်   လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီနှင့် ရွေးကောက်ပွဲစနစ်အပေါ်    ယုံကြည်မှု ကင်းမဲ့လာခဲ့ကြောင်း၊ သို့သော် အနိုင်ရပါတီသည်    အဆိုပါ ရွေးကောက်ပွဲရလဒ်အပေါ် အသိအမှတ်ပြုပြီး လွှတ်တော်ခေါ်ယူရန်ကြိုးပမ်းခဲ့သဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် မလွှဲမရှောင်သာဘဲ အာဏာကို ထိန်းသိမ်းခဲ့ရကြောင်း၊ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။

 သို့သော် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ဆူပူအကြမ်းဖက်သူများသည် လမ်းမများကို ပိတ်ဆို့ခြင်း၊   ဓာတ်ဆီပုလင်းဗုံး၊ လက်ပစ်ဗုံး၊   သေနတ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံမှုကိုထိန်းသိမ်းနိုင်ရန် ခြောက်လှန့်ပစ်ခတ် လူစုခွဲထိန်းသိမ်းခဲ့ရကြောင်း၊   သို့သော် အဖျက်အမှောင့်လုပ်ငန်းများသည် ရပ်တန့်သွားခြင်း မရှိကြောင်း၊ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရပါတီက ဦးဆောင်၍ လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)ကို တရားမဝင်ဖွဲ့စည်းပြီး နိုင်ငံတော်ဆန့်ကျင်ရေး အဖျက်အမှောင့် လုပ်ငန်းများကို တန်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းCRPH မှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စင်ပြိုင်ဖွဲ့စည်းကာ နိုင်ငံတကာနှင့် ဆက်သွယ်ခြင်း၊ အာဆီယံအဖွဲ့နှင့် ဆက်သွယ်ခြင်းတို့ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရကို သံတမန်ရေး အကျပ်အတည်းနှင့်   စီးပွားရေးအကျပ်အတည်းတို့ ပေါ်ပေါက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်အာဏာကို စတင်တာဝန်ယူစဉ် ကတည်းက ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ''နိုင်ငံတော်အား အရေးပေါ် ကာလပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပြီးစီးပါက   ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်''ဟူ၍ ပါဝင်ကြောင်း။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံ မှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် တိုင်းရင်းသား လူမျိုးစုအားလုံး လိုလားတောင့်တနေသည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်နိုင်ရေးသာမက နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက   အားထုတ်ကြိုးပမ်းလျက် ရှိကြောင်း၊ ထို့ပြင် ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာရေးနှင့် တစ်ပါတီ အာဏာရှင်စနစ်သို့ သွေဖည်မသွားစေရေးအတွက် တပ်မတော်တွင် အပြည့်အဝ တာဝန်ရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ကြိုးပမ်းရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်   အပစ်အခတ် ရပ်စဲရေးစာချုပ်များကို ချုပ်ဆိုခဲ့သည့်အပြင် နိုင်ငံရေး စားပွဲဝိုင်းတွင်လည်း တန်းတူရည်တူ ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း၊ ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသည်    အာရှ-ပစိဖိတ်ဒေသ အတွင်းရှိ  နိုင်ငံရေးနှင့် လုံခြုံရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိကြောင်း၊  လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် အခက်အခဲများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အာဆီယံဒေသတွင်းနှင့် အာရှ-ပစိဖိတ်ဒေသ၏  လုံခြုံရေး အခြေအနေများအပေါ်   သက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ ထို့ပြင် အာဆီယံဒေသတွင်းရှိ နိုင်ငံရေးရာနှင့် လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အတွက် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်  Secretary of the Security Council of the Russian Federation,Nikolai Patrushev နှင့် အာဆီယံ-ရုရှား ဆွေးနွေးပွဲအတွက်  ညှိနှိုင်းရေးတာဝန်ခံ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ Acting Deputy for  Foreign   Policy   Coordination, Coordinating Ministry for Political, Legal and Security Affairs, Dr. Pribadi Sutino တို့က နိဂုံးချုပ် အမှာစကား ပြောကြားကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။