အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပြည်ပနိုင်ငံတစ်နိုင်ငံသို့ သွားရောက်ပြီး ခြေစမ်းပွဲစဉ်များကစားရန်ပြင်ဆင်

ရန်ကုန်၊ ဘောလုံး

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော လုံး အသင်းအနေဖြင့်  ယခုနှစ်အတွင်း ကျင်းပ မည့်   ၂၀၂၂   အာရှဖလား အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲမတိုင်မီ ပြည်ပနိုင်ငံ တစ်နိုင်ငံသို့သွားရောက်ပြီး   စခန်းသွင်း လေ့ကျင့်မှုများနှင့် ခြေစမ်းပွဲစဉ်များ ကစားရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ယခုနှစ်အတွင်း ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကစား ရမည်ဖြစ်ပြီး လာမည့်နှစ်တွင် ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်း)  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ ခုနှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအပြီး  နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ရခြင်းမရှိသည်မှာ နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည့်အတွက် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲမတိုင်မီ  နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိစေရန်အတွက် ခြေစမ်း ပွဲစဉ်များ ကစားရန် စီစဉ်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခင်ကလည်းနိုင်ငံတကာပြိုင်ပွဲများမတိုင်မီ တရုတ်နှင့်ဂျပန်နိုင်ငံတို့သို့ သွားရောက်ပြီး  စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲစဉ်များ ကစားခဲ့ဖူးပြီး လက်ရှိတွင် ခြေစမ်းပွဲများကစားရန် ပြင်ဆင် နေသော်လည်း ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်များကြောင့် အဆင်မပြေသေးဘဲ ကြန့်ကြာနေခြင်းဖြစ်သည်။

လက်ရှိ ကမ္ဘာ့အဆင့် (၄၆) နေရာ၌ ရပ်တည်နေသည့်    မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  ၂၀၂၂  အာရှ ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အဆင့်တွင် အုပ်စု(ဃ)၌ ကမ္ဘာ့အဆင့်သတ် မှတ်ချက် (၁၀၀)ရှိ  ယူအေအီးအမျိုးသမီး အသင်း၊ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၄၆) ရှိ လက်ဘနွန်အမျိုးသမီးအသင်း၊ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်ပင် မဝင်ရောက်သေး သည့်    ဂူအန်အမျိုးသမီးအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ကျင်းပမည်ဖြစ်ကာ   မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်၌ အိမ်ရှင်  လက်ဘနွန်အသင်းနှင့်  ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် အုပ်စု တစ်ခုချင်းစီမှ အုပ်စုပထမနေရာ၌ ရပ်တည်နိုင်မည့် အသင်းရှစ်သင်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင်  အိန္ဒိယနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂  အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ယင်းအုပ်စု ၌ ခြေစစ်ပွဲအောင်မြင်ရန် ရေပန်းအစားဆုံး နေရာ၌ ရှိနေသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကို နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့အတွက် ပဏာမကစား သမားဦးရေ ၃၀ ခန့်ဖြင့် ဇူလိုင်လဆန်းပိုင်းကတည်းက စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

STA