အိန္ဒိယကတီထွင်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါပိုးကိုသတ်ပေးမယ့် နှာခေါင်းစည်း

ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ တစ်ဖက်ကကြည့်ရင် ဆုံးရှုံးမှုတွေအလွန်များပြားပေမယ့် နည်းပညာပိုင်းဆိုင်ရာ ရှုထောင့် ကနေကြည့်မယ်ဆိုရင်တော့ အလွန်ကိုပဲတိုးတက်စေတာကိုတွေ့လာရပါတယ်။ လူသားတွေရောဂါကူးစက်မှုကို လျှော့ချနိုင်ရေး အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ စက်ရုပ်တွေထွက်ပေါ်လာတယ်။ ပိုးသတ်ကိရိယာအမျိုးမျိုးနဲ့ နည်းလမ်းအမျိုးမျိုးတွေ ထွက်ပေါ်လာတယ်။ အခုလည်း အိန္ဒိယနိုင်ငံက နောက်ထပ်နည်းပညာမြင့်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ ကိုဗစ်-၁၉ ရောဂါပိုးကိုသတ်ပေးမယ့် နှာခေါင်းစည်းပါပဲ။

နှာခေါင်းစည်းဆိုတာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမခံရအောင် ကာကွယ်ရေးမှာ အခြေခံအကျဆုံးသော အရာတစ်ခုဖြစ်တဲ့အတွက် လူအများအပြားနဲ့ထိတွေ့ဆက်ဆံတဲ့အခါမျိုးတွေမှာ နှာခေါင်းစည်းကိုမဖြစ်မနေတပ်ဖို့ ကျွမ်းကျင်ပညာရှင်များက တိုက်တွန်း ထားကြတာပါ။ အခုလို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုပြင်းထန်တဲ့အချိန်မှာဆိုရင် နှာခေါင်းစည်းမှာကပ်ငြိနိုင်တဲ့ ရောဂါပိုးတွေက လည်း ကိုဗစ်-၁၉ ရောဂါပိုးတွေဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုက ကျွမ်းကျင်ပညာရှင်တွေက နှာခေါင်းစည်းကိုစနစ်တကျတပ်ဖို့၊ စနစ်တကျစွန့်ပစ်ဖို့ အမြဲမပြတ်မှာနေပေမယ့်လည်း သာမန်လူအများစုကတော့ နှာခေါင်းစည်းကို  ဖြစ်သလိုသာ အသုံးပြုနေကြပါ တယ်။ စနစ်တကျလည်းစွန့်ပစ်လေ့မရှိပါဘူး။

အဲဒါရဲ့အကျိုးဆက်ကတော့ နှာခေါင်းစည်းမှာကပ်ငြိနေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးက လူကိုလာရောက်ကူးစက်စေတာပါပဲ။ ဒီအချက်ကို အိန္ဒိယရဲ့ ထူထောင်စကုမ္ပဏီတစ်ခုက သတိပြုမိသွားတယ်နဲ့တူပါတယ်။ အဲဒီကုမ္ပဏီကတော့ ပူနေးမြို့အခြေစိုက် သင်ကာနည်း ပညာကုမ္ပဏီဖြစ်ပြီး အခုဖော်ပြမယ့် ကိုဗစ်-၁၉ ရောဂါပိုးသတ် နှာခေါင်းစည်းကို တီထွင်ထုတ်လုပ်ထားသူဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးအနေနဲ့ နှာခေါင်းစည်းကို လာရောက်ထိတွေ့တာနဲ့တစ်ပြိုင်နက် နှာခေါင်းစည်းက  အဲဒီရောဂါပိုးကို သတ်လိုက် နိုင်စေဖို့  သင်ကာကုမ္ပဏီက သရီးဒီနည်းပညာနဲ့ ဆေးပညာတို့ကို ပေါင်းစပ်အသုံးပြုပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုထုတ် လုပ်နိုင်စေဖို့ ငွေကြေးထောက်ပံ့မှုကိုတော့ အိန္ဒိယနည်းပညာဖွံ့ဖြိုး တိုးတက်ရေးဘုတ်အဖွဲ့မှရယူပါတယ်။ အဲဒီ ဘုတ်အဖွဲ့ဆိုတာ ကလည်း သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနလက်အောက်ခံပါ။

အခုလိုနှာခေါင်းစည်းထွက်ပေါ်လာခြင်းဟာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေခိုင်းထားတဲ့ အစိုးရရဲ့ မူဝါဒတွေထဲက တစ်ခုဖြစ်ပါတယ်။ နည်းပညာဖွံ့ဖြိုး တိုးတက်ရေးဘုတ်အဖွဲ့အနေနဲ့ အဲဒီပိုးသတ်နှာခေါင်းစည်းတွေကို စီးပွားဖြစ် ထုတ်လုပ်ဖို့ရွေးချယ်ခြင်းမှာဆိုရင် ဒီစီမံကိန်းကပထမဆုံးပါ။ အထက်မှာဆိုခဲ့သလိုပဲ လူသားတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူး စက်မှုကနေကာကွယ်ဖို့ဆိုရင် နှာခေါင်းစည်းတွေက မရှိမဖြစ်တဲ့အရာတွေဖြစ်လာပေမယ့်လည်း အများစုကတော့ စံချိန်စံညွှန်းမီတဲ့ နှာခေါင်းစည်းတွေအစား  အိမ်တွင်းဖြစ် နှာခေါင်းစည်းတွေနဲ့ အရည်အသွေး အလွန်နိမ့်ကျတဲ့ နှာခေါင်းစည်းတွေကို အသုံးပြုနေကြ တယ်လို့ သင်ကာကုမ္ပဏီတည်ထောင်သူဒေါက်တာရှီတော့ကူးမားဇမ်ဘတ်ကပြောပါတယ်။ ဒါကြောင့်လည်း  ပိုမိုတွက်ချေကိုက်ပြီး ထိရောက်မှုရှိတဲ့ ပိုးသတ်နှာခေါင်းစည်းတွေကို စီးပွားဖြစ်ထုတ်လုပ်ဖို့စဉ်းစားဆုံး ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သူကဆက် ပြောပါတယ်။

သင်ကာကုမ္ပဏီဟာ နှာခေါင်းစည်းမှာ ထည့်သွင်းမယ့် ပိုးသတ်အလွှာအတွက် သုတေသနလုပ်ဖို့ မာ့လိုက်သိပ္ပံကုမ္ပဏီရဲ့ သုတေသန ဓာတ်ခွဲခန်းတွေကို အသုံးပြုခဲ့ပါတယ်။ ပြီးမှသာ ရက်ထည်ရဲ့အလွှာတွေကြားမှာ ညီညီညာညာရှိနေစေဖို့အတွက် သရီးဒီနည်း ပညာကိုအသုံးပြုခဲ့တာပါ။ အဲဒီပိုးသတ်အလွှာကို N-95 နှာခေါင်းစည်းတွေ၊ သုံးလွှာနှာခေါင်းစည်းတွေ၊ သာမန်အဝတ် နှာခေါင်းစည်း တွေမှာ နောက်ထပ်အလွှာတစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြုလို့ရပါတယ်။

ပိုးသတ်အလွှာမှာပါတာက ဆိုဒီယံအိုလီဖင်ဆာဖိုနိတ်အခြေခံအရောအနှောဖြစ်ပါတယ်။ သူ့ကိုစမ်းသပ်မှုတွေအရတော့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ SARSCoV-2 ဗိုင်းရပ်ကိုသေစေတာတွေ့ရတယ်လို့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် ပိုးသတ်အလွှာမှာပါတဲ့အရာက ဆပ်ပြာမြှုပ်ကိုဖြစ်ပေါ်စေတဲ့အရာမျိုးဖြစ်ပြီး ရောဂါပိုးက ပိုးသတ်အလွှာကို လာထိတာနဲ့တစ်ပြိုင်နက် အဲဒီရောဂါပိုးရဲ့ပြင်ပအလွှာကို ဖျက်ဆီးလိုက်တာဖြစ်တဲ့အပြင် အသုံးပြုထားတဲ့ပါဝင်ပစ္စည်းတွေက သာမန်အခန်းအပူချိန်မှာ  ကောင်းစွာအသုံးပြုနိုင်တဲ့ ပစ္စည်းတွေဖြစ်ပြီး  အလှကုန်ပစ္စည်းတွေမှာ အများဆုံးအသုံးပြုတဲ့ ပစ္စည်းဖြစ် တယ်လို့လည်း ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုးသတ်နှာခေါင်းစည်းတွေက ကိုဗစ်-၁၉ ရောဂါပိုးကိုသတ်နိုင်တဲ့အပြင် တခြားဗက်တီးရီးယားတွေဝင်ရောက်မှုကိုလည်း ၉၅ ရာခိုင်နှုန်း အထိတားမြစ်နိုင်ပါသေးတယ်။ အခုတော့ သင်ကာကုမ္ပဏီက အဲဒီနှာခေါင်းစည်းတွေကို စီးပွားဖြစ်ထုတ်လုပ်ရုံသာမကဘဲ မူပိုင်ခွင့်တင်ဖို့အတွက်လည်း လုပ်နေပါပြီ။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံစာရင်း ဝင်တစ်နိုင်ငံဖြစ်ပါတယ်။ အခုလိုမျိုးရောဂါကူးစက်ခံရသူ အလွန်များပြားလှတဲ့ အိန္ဒိယနိုင်ငံက ပိုးသတ်နှာခေါင်းစည်းကိုတီထွင် လိုက်နိုင်ခြင်းဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာကာကွယ်ဟန့်တားနိုင်စေမယ့် ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

ထက်မြတ်