အိန္ဒိယက ပြည်တွင်းဖြစ်တိုက်လေယာဉ်မှ ၁၂၅ ကီလိုဂရမ် ဂလိုက်ဗုံးများကို စမ်းသပ်ပစ်လွှတ်

နယူးဒေလီ၊ စစ်ရေး

အိန္ဒိယနိုင်ငံပိုင် ဟင်ဒူစတန်လေယာဉ် တည်ဆောက်ရေးကုမ္ပဏီက ဇန်နဝါရီ ၂၁ ရက်တွင် သြရိသ ကမ်းရိုးတန်း၌ Hawk-i လေယာဉ်ပေါ်မှနေ၍   ၁၂၅ ကီလိုဂရမ်ဂလိုက်ဗုံးများကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။ စမ်းသပ်ပစ်လွှတ်သည့် လက်နက်အမျိုးအစားမှာ    လေယာဉ်ကွင်းဖျက်စမတ်လက်နက်များဖြစ်ပြီး ကာကွယ်ရေးသုတေသနဌာနက ထုတ်လုပ်ထားခြင်း ဖြစ်ကာ ပြည်တွင်းဖြစ် Hawk-Mk 132 တိုက်လေယာဉ်မှပစ်လွှတ်နိုင်သည့် ပထမဆုံး လက်နက်ဖြစ် သည်။

အဆိုပါဂလိုက်ဗုံးများကို     ရန်သူ့လေယာဉ်ကွင်းရှိ ရေဒါများ၊ ဘန်ကာများ၊ ပြေးလမ်းများကိုဖျက်ဆီး ရာတွင် အသုံးပြုခြင်းဖြစ်ပြီး ကီလိုမီတာ ၁၀၀ အတွင်းမှပစ်လွှတ်နိုင်သည်။ ဂလိုက်ဗုံးများ၏  လမ်းညွှန် စနစ်သည် သတ်မှတ်ထားသော လမ်းကြောင်းအမှန်အတိုင်းသွားနိုင်ပြီး လေကြောင်းပြောင်းလဲမှု များရှိသော်လည်း ကောင်းစွာလှုပ်ရှားသွားလာနိုင်ကာ မူလရည်မှန်းချက်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း   သိရသည်။

အဆိုပါဗုံးများသည် ကိုယ်၌ကတွန်းကန်အားစနစ်ကို အသုံးပြုထားခြင်းမဟုတ်ဘဲ လေယာဉ်၏  တွန်းကန်အားစနစ်ကိုသာအသုံးပြုထားခြင်းဖြစ်သည့်အတွက် ဒုံးကျည်များ၊ ဒုံးပျံများထက်ဈေးနှုန်း သက်သာကာ ထိရောက်မှုရှိသော   လက်နက်စနစ်ဖြစ်ကြောင်း ကာကွယ်ရေးသုတေသနဌာနက ပြောသည်။ ပြီးခဲ့သည့်နှစ်သြဂုတ်လတွင်လည်း တရုတ်နိုင်ငံကအလားတူ ပဲ့ထိန်းစနစ်သုံးဂလိုက် ဗုံးများကို ထုတ်ဖော်ပြသခဲ့ပြီး ထိုဗုံးများသည် ဗုံးအမျိုးအစားခြောက်မျိုး၏ဗုံးဆန် ၂၄၀ အထိကို သယ်ဆောင်နိုင်ကာ စတုရန်းမီတာ ၆၀၀၀ ရှိသည့် ဧရိယာတစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေကြောင်း သိရသည်။