အိန္ဒိယ၌ ခြံရှင်လင်မယားက  ရှားပါးသရက်သီးများကို သူခိုးရန်မှ ကာကွယ်ရန် အစောင့်လေးဦးနှင့် ခွေးခြောက်ကောင် ငှားထား

အိန္ဒိယနိုင်ငံ မက်ဒီယာပရာဒေ့ပြည်နယ်မှ ခြံရှင်လင်မယားသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော သရက်သီးများကို သူခိုးများရန်မှ ကာကွယ်ရန်  အစောင့် လေးဦးနှင့် ခွေးခြောက်ကောင်ကို ငှားထားကြောင်း သိရသည်။

ခြံရှင်အမျိုးသား ဆန်ကပ်ပါရီဟာသည် မီးရထားဖြင့် ခရီးသွားစဉ် ခရီးသည်တစ်ဦးထံမှ အဆိုပါ သရက်ပျိုးပင် ၂ ပင်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုအပင်များက  ရှားပါးသရက်ပင်များ ဖြစ်သည်ကို မသိရှိခဲ့ကြောင်း ၎င်းကပြောသည်။

ဆန်ကပ်ပါရီဟာသည်   ထိုသရက်ပင် ၂ ပင်မှ ၎င်းအနေဖြင့်  တစ်ခါမျှမမြင်ဘူးသော ပတ္တမြားရောင် သရက်သီးများ သီးသည့်အတွက်  အဆိုပါသရက်သီးများကို ဒါမီနီဟု အမည်ပေးသည်။

သို့သော် သရက်သီး အမည်မှန်ကိုသိချင်သည့်အတွက် အင်တာနက်တွင် ရှာကြည့်ရာမှ ကမ္ဘာပေါ်တွင် အရှားပါးဆုံးနှင့် ဈေးအကြီးဆုံးဖြစ်သော ဂျပန်မျိုးကွဲ မီယာဇာကီ သရက်သီးဖြစ်သည်ကို သိရှိခြင်းဖြစ်သည်။

ဆန်ကပ်ပါရီဟာ၏ ခြံ၌ ထိုသရက်သီးများ သီးနေသည်ဟူသော သတင်းပျံ့နှံ့ပြီးနောက်  သူခိုးများက သရက်သီးများနှင့် သရက်ပင်ကိုပါ ယူဆောင်ရန်ကြိုးပမ်းသည့် အတွက် ၎င်းတို့က အစောင့်များနှင့် ခွေးများကို ငှားရမ်းခဲ့ရခြင်းဖြစ်သည်။

သရက်သီး စိုက်ပျိုးသူများနှင့် စားသုံးသူများကလည်း ထိုသရက်ပင် သို့မဟုတ် အသီးကိုဝယ်ယူရန်   ကမ်းလှမ်းထားပြီး ပြည်နယ်သစ်သီးဝလံ ပန်းမန်စိုက်ပျိုးရေး ဌာနက ထိုသရက်ပင်များကို စစ်ဆေးပြီးနောက် ရှားပါးသရက်ပင်နှင့် သရက်သီးများ ဖြစ်ကြောင်း အတည်ပြုထားသည်။