အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ကြိမ်ဆက်ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပဉ္စမမြောက်အသင်းအဖြစ် ဘရာဇီးအသင်း မှတ်တမ်းဝင်

တိုကျို၊ ဘောလုံး

ဘရာဇီးအသင်းသည် ဂျပန်နိုင်ငံ၌ကျင်းပသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးပြီး ရွှေတံဆိပ် ဆုရရှိကာ အိုလံပစပြိုင်ပွဲ၌  နှစ်ကြိမ်ဆက်ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပဉ္စမမြောက်အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ ကြောင်း သိရသည်။

ဘရာဇီးအသင်းသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ အချိန်ပိုသွင်းဂိုးဖြင့် စပိန်အသင်းကို အနိုင်ရရှိပြီး ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲနှင့် လက်ရှိ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတို့၌ နှစ်ကြိမ်ဆက်ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် ပဉ္စမမြောက်အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ခြင်းဖြစ်သည်။

အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် နှစ်ကြိမ်ဆက် ချန်ပီယံဆုဆွတ်ခူးနိုင်သည့်အသင်းများအဖြစ် ဘရာဇီးအသင်းမတိုင်မီက ၁၉၀၈ အိုလံပစ်ပြိုင်ပွဲနှင့် ၁၉၁၂  အိုလံပစ်ပြိုင်ပွဲတို့၌  ဂရိတ်ဗြိတိန်အသင်း၊ ၁၉၂၄ အိုလံပစ်ပြိုင်ပွဲနှင့်  ၁၉၂၈  အိုလံပစ်ပြိုင်ပွဲတို့၌ ဥရုဂွေးအသင်း၊ ၁၉၆၄ အိုလံပစ်ပြိုင်ပွဲနှင့် ၁၉၆၈ အိုလံပစ်ပြိုင်ပွဲတို့၌ ဟန်ဂေရီအသင်း၊ ၂၀၀၄ အိုလံပစ်ပြိုင်ပွဲနှင့် ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတို့၌ အာဂျင်တီးနားအသင်းတို့က ချန်ပီယံဆုနှစ်ကြိမ်ဆက် ဆွတ်ခူးရရှိခဲ့ကြသည်။

ဘရာဇီးအမျိုးသားဘောလုံးအသင်းသည် အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်လည်း ရွှေတံဆိပ်ဆုသုံးခု၊ ငွေတံဆိပ်ဆု တစ်ခုနှင့် ကြေးတံဆိပ်ဆု တစ်ခုရရှိထားသည့် ဟန်ဂေရီအသင်း၊ ရွှေတံဆိပ်ဆု သုံးခုရရှိထားသည့်   ဂရိတ်ဗြိတိန်အသင်းတို့နောက်တွင် ရွှေတံဆိပ်ဆု  နှစ်ခု၊  ငွေတံဆိပ်ဆု  သုံးခုနှင့်  ကြေးတံဆိပ်ဆု    နှစ်ခုရရှိထားသည့်  တတိယမြောက် အအောင်မြင်ဆုံးအသင်းအဖြစ်   ရပ်တည်လျက်ရှိသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲပြီးဆုံးချိန်တွင် ရွှေတံဆိပ်ဆုကို ဘရာဇီးအသင်း၊ ငွေတံဆိပ်ဆုကို စပိန် အသင်းနှင့် ကြေးတံဆိပ်ဆုကို မက္ကဆီကိုအသင်းတို့က ရရှိခဲ့ပြီး အိမ်ရှင် ဂျပန်အသင်းက ဆုတံဆိပ်နှင့်လွဲချော်ခဲ့ရသည်။

အလားတူ ဘရာဇီးအသင်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပါဝင်လာသည့် ဝါရင့်ကစားသမား အဲလ်ဗက်သည်လည်း လက်ရွေးစင်ကစားသမားဘ၀ တွင် ပထမအကြိမ် အိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ရာ   ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်  နိုင်ငံ နှင့်ကလပ်အသင်းအတွက် ဆုဖလားအများဆုံးရရှိသောကစားသမားအဖြစ်  စုစုပေါင်း  ဆုဖလား  ၄၃  လုံးအထိ ရရှိထားနိုင်သည့် ကစားသမားဖြစ်ကြောင်း သိရသည်။

Ref;90Min