အီရတ်၌ ဒုံးကျည် တိုက်ခိုက်မှုကြောင့် အမေရိကန် ကန်ထရိုက်တာ တစ်ဦးသေဆုံး

အီရတ်နိုင်ငံ အာဘေမြို့မြောက်ပိုင်းရှိ လေဆိပ်၌  ဖေဖော်ဝါရီ ၁၅ ရက်တွင် ဒုံးကျည်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှင့်လက်တွဲဆောင်ရွက်နေသည့် အရပ်သား ကန်ထရိုက်တာတစ်ဦး သေဆုံးပြီး အမေရိကန်အစိုးရ အဖွဲ့ဝင်တစ်ဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရရှိကြောင်း ညွန့်ပေါင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။

ဒုံးကျည်တိုက်ခိုက်မှုအတွင်း   အခြားဒုံးကျည်များမှာ တရုတ်ကောင်စစ်ဝန်ရုံး အနီးအပါအဝင် လူနေရပ်ကွက်များ အပေါ် ကျရောက်ကြောင်း သိရသည်။

အမေရိကန်နှင့် အီရန်တို့က  အီရန် နျူကလီးယား သဘောတူစာချုပ်ကို ပြန်လည် စတင်ရန်ကြိုးပမ်းနေစဉ် အရှေ့အလယ်ပိုင်း ဒေသ၌ တင်းမာမှုများ မြင့်တက်နေခြင်းကိုဖော်ပြနေခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို   အီရန်နှင့် ဆက်နွှယ်နေသော လူသိနည်းသည့် အဖွဲ့တစ်ခုက   လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အီရတ် တာဝန်ရှိသူများကပြောသည်။

အီရတ်နှင့်ယီမင်နိုင်ငံတို့ရှိ အီရန်နှင့် ဆက်နွှယ်သော   လက်နက်ကိုင်အဖွဲ့များက  ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် အာရပ်မဟာမိတ်များ အပေါ် ဆန့်ကျင်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။

ထိုတိုက်ခိုက်မှုများ အားလုံးကြောင့် သေဆုံး ဒဏ်ရာရရှိသူ  မရှိသော်လည်း ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များနှင့် မဟာမိတ်များအပေါ် ဖိအားဖြစ်စေကြောင်း သိရသည်။

၂ဝ၂ဝ ပြည့်နှစ်   ဇန်နဝါရီလတွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌  အမေရိကန်တို့၏ လုပ်ကြံမှုကြောင့်   အီရန်ဗိုလ်ချုပ် ကာဆမ်ဆိုလေမာနီနှင့် အီရတ်ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးတို့   သေဆုံးပြီးနောက် အမေရိကန်တို့အပေါ် လက်တုံ့ပြန်မည်ဟု အီရန်က ကြွေးကြော်ထားကြောင်း သိရသည်။