အေစီမီလန် တိုက်စစ်မှူးမိုဗစ်ချ် ဒုတိယအကြိမ် COVID-19 ရောဂါကူးစက်ခံရ အင်တာမီလန်နှင့် ပွဲကစားရန် ကိုးရက်အလိုတွင် ရောဂါပိုးထပ်တွေ့ခြင်းဖြစ်

အေစီမီလန်အသင်း၏  အဓိကတိုက်စစ်မှူးမိုဗစ်ချ်သည် အသင်းမှဆေးစစ်မှု  ထပ်မံပြုလုပ်ရာတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိရကြောင်း  သိရသည်။ အသက် ၃၉ နှစ်ရှိပြီဖြစ်သော မိုဗစ်ချ်သည် စက်တင်ဘာ ၂၄ ရက်က ရောဂါကူးစက်ခံရပြီး ယခုဒုတိယအကြိမ် ရောဂါကူးစက်ခံရပြန်ရာ  နေအိမ်၌ တစ်ကိုယ်တည်း သီးခြားနေထိုင်ရင်း လေ့ကျင့်ခန်းများ လုပ်နေသည့် ဗီဒီယိုဖိုင်အား အင်စတာဂရမ်တွင် တင်ခဲ့သည်။ အေစီမီလန်အသင်းသည်  အောက်တိုဘာ  ၈ ရက်က  ဆေးစစ်မှု ရလဒ်များကို  ထုတ်ပြန်ခဲ့ရာ  အသင်းမှ မိုဗစ်ချ်နှင့် ခံစစ်မှူး လီယိုဂျူရာတီတို့  ရောဂါကူးစက်ခံ ခဲ့ရသည်ဟု အတည်ပြု ထုတ်ပြန်ခဲ့သည်။

မိုဗစ်ချ်   ရောဂါပိုးထပ်မံကူးစက်ခံရသဖြင့် အေစီမီလန်အသင်းသည် အောက်တိုဘာ  ၁၇ ရက်တွင် ကစားရမည့် အင်တာမီလန်နှင့် မီလန်ဒါဘီပွဲအတွက် အခက်ကြုံရဖွယ်ရှိသည်။  ကြားတွင်   ကိုးရက်သာခြားပြီး   မိုဗစ်ချ်အနေဖြင့် အင်တာမီလန်နှင့်ပွဲ၌   ပါဝင်ကစားခွင့်ရရေးမှာ ထိုကြားကာလတွင် ဆေးစစ်မှုနှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့မှသာ ကစားခွင့်ပြန်ရမည် ဖြစ်သည်။

အေစီမီလန်အသင်းသည် ယခုရာသီအစပွဲများတွင် မိုဗစ်ချ်ကို အသုံးမပြုနိုင်ခဲ့သော်လည်း ရလဒ်များ ကောင်းမွန်နေပြီး စီးရီးအေသုံးပွဲစလုံး အနိုင်ရရှိထားကာ အမှတ်ပေးဇယားအဆင့် (၂) နေရာ၌  ရပ်တည်နေနိုင်သကဲ့သို့ ယူရိုပါလိဂ် တွင်လည်း  အုပ်စုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဘောလုံးရာသီသစ်တွင် COVID-19 ရောဂါကူးစက်မှုများ၌  စီးရီးအေသည်  အဆိုးရွားဆုံး အနေအထားတွင်ရှိနေပြီး   ပြီးခဲ့သည့်တစ်ပတ်ကျော်က  နာပိုလီအသင်းနှင့် ကစားသည့်   ဂျီနိုအာအသင်းမှ ၂၂ ဦးအထိ ပိုးတွေ့ခဲ့သဖြင့် နာပိုလီ အသင်းသည်လည်း ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင်  ဂျူဗင်တပ်စ်နှင့် ကစားရမည့် အဝေးကွင်းပွဲကို သွားရောက်ကစားရန် ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်များက ခရီးသွားခွင့်ပိတ်ပင်ခဲ့၍ မသွားနိုင်ဘဲ ပွဲပျက်ခဲ့ရသည်။

စည်းမျဉ်းများအရ တစ်သင်းလျှင် ကစားသမား ၁၃ ဦးရှိပါက မဖြစ်မနေ ပွဲကစားရမည်ဟု ပြဋ္ဌာန်းထားပြီး မကစားနိုင်ပါက သုံးဂိုးပြတ်နှင့် အရှုံးပေးရမည်ဟု ဆိုထား၍ နာပိုလီသည် ဂျူဗင်တပ်စ်နှင့် ပွဲကို သုံးဂိုးပြတ်အရှုံးပေးရမည်ဖြစ်သည်။

Ref:BBC