အောင်မြေသာစံမြို့နယ်၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် လှုံ့ဆော်သူအား  ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၀

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှု ယန္တရားပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social  Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

  ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ အမှုတွဲထိန်း တာဝန်ထမ်းဆောင် သူ ဒေါ်တင်တင်ချို သည်  ပြည်သူလူထုနှင့် အစိုးရဝန်ထမ်းများအား ဆူပူအကြမ်းဖက် မှုများ ပါဝင်လာအောင် စည်းရုံးခြင်း၊ CDM လှုပ်ရှားမှုများတွင် ပါဝင်လာအောင် စည်းရုံးဟောပြောခြင်း၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လိုက်လံစည်းရုံး ခြင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုတွင် ပါဝင်ခြင်း၊ CDM တွင် ပါဝင်ခြင်းမရှိသည့် ဝန်ထမ်းများအား ဖိအားပေး ခြိမ်းခြောက်ခြင်းများ ဆောင်ရွက် နေသဖြင့် ၎င်းအား အောင်မြေသာစံမြို့နယ် ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)ဖြင့် အမှုဖွင့်လှစ်ထားရှိရာ ဧပြီ ၉ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ဒေါ်တင်တင်ချို အား အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ် ဝန်ထမ်းအိမ်ယာ၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး သက်ဆိုင်ရာရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။