အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲမတိုင်မီ ဂျပန်နိုင်ငံသား ယူရှင်အိုကာမီနှင့် ယှဉ်ပြိုင်ရန်နီးစပ်နေ

အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲမတိုင်မီ ဂျပန်နိုင်ငံသား ယူရှင်အိုကာမီနှင့် ယှဉ်ပြိုင်ရန်နီးစပ်နေ

MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း အောင်လအန်ဆန်သည် ၎င်းင်း၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိရာ   ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ မတိုင်မီ ဂျပန်နိုင်ငံသား ယူရှင်အိုကာမီနှင့် ယှဉ်ပြိုင်ရန်နီးစပ်နေပြီး အဆိုပါပွဲစဉ်အပြီး တွင် ချန်ပီယံခါးပတ်စိန်ခေါ်ပွဲကို ယခုနှစ် အတွင်းကျင်းပရန် ONE Championship က စီစဉ်လျက်ရှိကြောင်း သိရသည်။

အောင်လအန်ဆန်သည် ၎င်း၏မစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ်ကို နယ်သာလန် နိုင်ငံသား ဒီရစ်ဒါနှင့်ယှဉ်ပြိုင်သည့်ပွဲ၌ လက်လွှတ်ခဲ့ရပြီးနောက်  ဇူလိုင် ၃၀ ရက်က    မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတိုင်ဒီနှင့်ယှဉ်ပြိုင်ရာ ပထမအချီ၌ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန်အနေဖြင့်  လီအန်ဒရိုအတိုင်ဒီကိုအနိုင်ရရှိပြီးနောက်  ဂျပန်နိုင်ငံသား ယူရှင်အိုကာမီက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် စိန်ခေါ်မှုများပြုလုပ်ခဲ့သကဲ့သို့   အောင်လအန်ဆန်ကိုယ်တိုင်ကလည်း လီအန်ဒရိုအတိုင်ဒီနှင့်ပွဲစဉ်အပြီးတွင်  ကြိုးဝိုင်း ပေါ်မှာပင်  ONE Championship ဥက္ကဋ္ဌ ချက်ထရီထံ သွားရောက်၍    မစ်ဒယ်ဝိတ် တန်းတွင်   မည်သည့်ပြိုင်ဘက်ကိုမဆို ကြောက်ရွံ့နေမည်မဟုတ်ဘဲ  မည်သူနှင့်မဆို   ပွဲစီစဉ်ပေးနိုင်ကြောင်း၊    ပွဲကောင်းများဖြစ်လာစေရန်အတွက် မည်သူနှင့်မဆိုယှဉ်ပြိုင်ရန် အသင့်ရှိနေကြောင်း စိန်ခေါ်မှုပြုလုပ်ခဲ့သည်။

အလားတူ အောင်လအန်ဆန်သည် ဂျပန်နိုင်ငံသား ယူရှင်အိုကာမီ၏စိန်ခေါ်မှုနှင့် ပတ်သက်၍ ၎င်း၏တွစ်တာမှတစ်ဆင့် ယှဉ်ပြိုင်ရန်အသင့်ရှိနေကြောင်းနှင့် ပွဲစဉ်ဖြစ် မြောက်လာရန် နီးစပ်သည့်အနေအထားတွင်ရှိနေကြောင်း ရေးသားဖော်ပြခဲ့သည်။

ONE Championship ကလည်း ၎င်းတို့အဖွဲ့အစည်းမှ   ကျင်းပနေသည့် MMA   ပြိုင်ပွဲများ၌ အောင်လအန်ဆန်သည် ပရိသတ် အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်သောကြောင့် ချန်ပီယံစိန်ခေါ်ပွဲ ကျင်းပလိုသည့်အတွက်   အောင်လအန်ဆန်နှင့် ဒီရစ်ဒါတို့၏စိန်ခေါ်ပွဲကို ယခုနှစ်အတွင်းမှာပင် ကျင်းပပေးဖွယ်ရှိကြောင်း သိရသည်။

STA