အံ့အားသင့်ဖွယ်ထိပ်တန်း ကစားသမား အပြောင်းအရွှေ့များနှင့်အတူ နောက်ဆုံးအချိန်ထိ မထင်မှတ်ထားသော အပြောင်းအရွှေ့များ ဖြစ်ပေါ်ခဲ့သည့် ၂ဝ၂၁-၂ဝ၂၂ ကစားသမား အပြောင်းအရွှေ့ ကာလပြီးဆုံး

 အံ့အားသင့်ဖွယ်ထိပ်တန်း ကစားသမား အပြောင်းအရွှေ့များနှင့်အတူ နောက်ဆုံးအချိန်ထိ မထင်မှတ်ထားသော အပြောင်းအရွှေ့များ ဖြစ်ပေါ်ခဲ့သည့် ၂ဝ၂၁-၂ဝ၂၂ ကစားသမား အပြောင်းအရွှေ့ ကာလပြီးဆုံး

ကိုဗစ်-၁၉ ရောဂါကြောင့်    ဘဏ္ဍာရေးအကျပ် အတည်းများ တွေ့ကြုံနေရသော်လည်း ၂ဝ၂၁-၂ဝ၂၂ အပြောင်းအရွှေ့ကာလတွင် ဥရောပထိပ်တန်းအသင်းကြီးများ အနေဖြင့် အပြောင်းအရွှေ့အစပိုင်းကတည်း က အံ့အားသင့်ဖွယ် အပြောင်းအရွှေ့များ ဖြစ်ပေါ်ခဲ့သကဲ့သို့ အပြောင်းအရွှေ့ပြီးဆုံးခါနီး နာရီပိုင်းအလိုထိ ပရိသတ်များ မထင်မှတ်ထားသည့် အပြောင်းအရွှေ့များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အပြောင်းအရွှေ့ကာလ အစပိုင်းကတည်းက မန်ယူအသင်းက ဆန်ချိုကို မြင့်မားသည့် ပြောင်းရွှေ့ကြေး ဖြစ်သော စတာလင်ပေါင် ၇၃ သန်းဖြင့် ခေါ်ယူခဲ့သကဲ့သို့ မန်စီးတီးအသင်းကလည်း စံချိန်တင် ပြောင်းရွှေ့ ကြေးဖြစ်သည့်   စတာလင်ပေါင်  သန်း ၁ဝဝ ဖြင့် အက်စ်တွန်ဗီလာအသင်းမှ   ဂရီးလစ်ရှ်ကို ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ အပြောင်း အရွှေ့မှာ မြိုင်မြိုင်ဆိုင်ဆိုင် စတင်ခဲ့သည်။

ထို့အတူ    ယခုနှစ် အပြောင်းအရွှေ့ကာလတွင်  လက်ရှိရာစုနှစ်အတွင်း  အကောင်းဆုံး ကစားသမား နှစ်ဦးအဖြစ်  သတ်မှတ်ခံထားရသည့်   မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ အပြောင်းအရွှေ့များလည်း အံ့အား သင့်ဖွယ် ပါဝင်လာခဲ့ပြီး မက်ဆီအနေဖြင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကစားခဲ့သည့် ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့  အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခဲ့သည်။

အလားတူ နောက်ဆုံး ဆယ်စုနှစ်တစ်ခုတွင် ကမ္ဘာ့ဘောလုံး လောက၌   မက်ဆီနှင့်ပြိုင်ဘက်အဖြစ် ရပ်တည်ခဲ့သည့် စီရော်နယ်ဒိုသည်လည်း အပြောင်း အရွှေ့ပြီးဆုံးခါနီး  ရက်ပိုင်းအလိုတွင်  ဂျူဗင်တပ်စ်အသင်းမှ    အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ပြီးနောက် မန်စီးတီး အသင်းသို့ပြောင်းရွှေ့ကစားရန် အနီးစပ်ဆုံး အနေအထားသို့ ရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် ပရိသတ်များ ထင်မှတ်မထားသည့် မန်ယူအသင်းသို့ ရုတ်တရက် ပြောင်းရွှေ့ကစားပြီး ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။

အပြောင်းအရွှေ့ကာလ အလယ်ပိုင်းတွင် ပီအက်စ်ဂျီ အသင်းက  အပြောင်းအရွှေ့သမိုင်း တစ်လျှောက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့များ   ဆက်တိုက် ပြုလုပ်နိုင်ပြီး ကမ္ဘာ့ထိပ်တန်း ကစားသမားများဖြစ်သည့် ဘာစီလိုနာအသင်းမှ မက်ဆီ၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ရာမို့စ်၊ လီဗာပူးအသင်းမှ ဝင်နယ်ဒမ်နှင့် အေစီမီလန်အသင်းမှ ဒွန်နာရမ်မာတို့ကို ပြောင်း ရွှေ့ကြေး လုံးဝပေးချေရခြင်းမရှိဘဲ   အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အပြောင်းအရွှေ့ကာလပြီးဆုံးခါနီးတွင်  ပရီးမီးယားလိဂ် ကလပ်အသင်းများက  ပြောင်းရွှေ့ကြေး အသုံးစရိတ် အများအပြား အသုံးပြုပြီး ကစားသမား ခေါ်ယူမှုများ  ဆက်တိုက်ပြုလုပ်ခဲ့ရာ မန်ယူအသင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ ဗာရာနီကိုခေါ်ယူပြီးနောက် ချယ်လ်ဆီးအသင်းကလည်း အင်တာမီလန် အသင်းမှ လူကာကူကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြစ်သော စတာလင်ပေါင်  ၉၇ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ကာ လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလတွင်     ဂရီးလစ်ရှ်နောက်    ဒုတိယမြောက်ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အပြောင်းအရွှေ့ကာလတွင် မက်ဆီ၊ စီရော်နယ်ဒို နှင့်  လူကာကူတို့နည်းတူ  ထိပ်တန်းကစားသမား အပြောင်းအရွှေ့အဖြစ် ရီးယဲလ်မက်ဒရစ် အသင်းက ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို အပြောင်းအရွှေ့ နောက်ဆုံးအချိန်ထိ  ပြောင်းရွှေ့ကြေး  ယူရို  သန်း ၂၂ဝ ပေးချေပြီး ကမ်းလှမ်းခဲ့သော်လည်း ပီအက်စ်ဂျီ အသင်းက အကြောင်းမပြန်သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခြင်းဖြစ်ကာ     နောက်ဆုံးတွင် ရီးယဲလ်မက်ဒရစ်အသင်းက    ကာမာဗင်ဂါကိုသာခေါ်ယူခဲ့သည်။

အပြောင်းအရွှေ့ကာလနောက်ဆုံးရက်တွင် ကစားသမား အပြောင်းအရွှေ့များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းက ကာမာဗင်ဂါကို ခေါ်ယူပြီးနောက်တွင်   ထိပ်တန်း ကစားသမား အပြောင်းအရွှေ့များ အတွက်   ထိပ်တန်းအသင်းကြီးများက  အမြန်ဆုံးဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နာရီပိုင်း အလိုတွင် ချယ်လ်ဆီးအသင်းက အက်သလက်တီကို အသင်းမှ ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ်ကို ခေါ်ယူနိုင်သကဲ့သို့ အပြောင်းအရွှေ့ ပြီးဆုံးရန် နာရီပိုင်းအလိုတွင်ပင် ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် ပီအက်စ်ဂျီ၊ မန်ယူ၊ မန်စီးတီး၊ ဘိုင်ယန်မြူး နစ်၊  အင်တာမီလန်အသင်းတို့နှင့် အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်ခဲ့သော   စပို့တင်းလစ္စဘွန်း အသင်းမှ  မန်ဒက်ကိုလည်း  ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ခဲ့သည်။

၂ဝ၂၁-၂ဝ၂၂ ဘောလုံးရာသီပြီးဆုံးပြီဟု ပရိသတ်များက ထင်မှတ်ထားသော်လည်း  အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင်  အက်သလက်တီကို အသင်းကလည်း အသင်းကစားသမားဟောင်း ဂရစ်ဇ်မန်းကို အံ့အားသင့်ဖွယ် ခေါ်ယူမှုပြုလုပ်ခဲ့ပြီး    အပြောင်း အရွှေ့ကို အဆုံးသတ်နိုင်ခဲ့သည်။

ယခုနှစ်ကစားသမား အပြောင်းအရွှေ့ကာလသည် အပြောင်းအရွှေ့ ကာလစတင်ချိန်ကတည်းက ပရိသတ်များကို  အံ့အားသင့်ဖွယ်ဖြစ်စေခဲ့ပြီး  အပြောင်း အရွှေ့ဖြစ်မြောက်ပြီဟု ထင်မှတ်ထားသည့် မန်စီးတီး အသင်းနှင့် ဟယ်ရီကိန်း၊ ရီးယဲလ်မက်ဒရစ် အသင်းနှင့် အမ်ဘတ်ပီတို့၏ အပြောင်းအရွှေ့များက မဖြစ်မြောက်ခဲ့ဘဲ အားလုံး မထင်မှတ်ထားသည့် စီရော်နယ်ဒိုနှင့် ဂရစ်ဇ်မန်းတို့၏  အသင်းဟောင်းသို့ တစ်ကျော့ပြန် ခရီးမှာ အံ့အားသင့်ဖွယ်ဖြစ်ပေါ်ခဲ့သည်။

၂ဝ၂၁-၂ဝ၂၂    အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမား အပြောင်းအရွှေ့များကို ပရီးမီး ယားလိဂ်ကလပ် အသင်းများက အများဆုံး ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းက ဘန်ဝှိုက်၊ တာဗာရက်၊ လိုကွန်ညာ၊ အိုဒီဂတ်၊ ရမ်ဒဲလ်နှင့် တီမီယာစုတို့ကို ပြောင်းရွှေ့ကြေး အသုံးစရိတ် စတာလင်ပေါင် ၁၅၆ ဒသမ ၈ သန်းအထိ  အသုံးပြုခေါ်ယူပြီးနောက် ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုသည့်  အသင်း အဖြစ်မှတ်တမ်းဝင်ခဲ့ကာ    အာဆင်နယ်အသင်း၏ နောက်တွင် မန်ယူအသင်းက စတာလင်ပေါင် ၁၃၃ ဒသမ ၇ သန်း၊ ချယ်လ်ဆီးအသင်းက စတာလင်ပေါင် ၉၇ ဒသမ ၅ သန်း၊ အက်စ်တွန်ဗီလာအသင်းက စတာလင်ပေါင် ၉၃ သန်းအထိ အသီးသီး အသုံးပြုခဲ့ကြပြီး ပြောင်းရွှေ့ကြေးအများဆုံး အသင်းများအဖြစ် ရပ်တည်ခဲ့ကြသည်။

ထို့ပြင်    ယခုနှစ်ကစားသမား အပြောင်းအရွှေ့ ထိပ်တန်းငါးခုကိုလည်း    ပရီးမီးယားလိဂ်ကလပ် အသင်းများကပင် ပြုလုပ်ခဲ့ကြပြီး မန်စီးတီးအသင်းက ဂရီးလစ်ရှ်ကို စတာလင်ပေါင် သန်း ၁ဝဝ ဖြင့်ခေါ်ယူ မှုသည် ပြောင်းရွှေ့ကြေး အသုံးစရိတ် အများဆုံးဖြစ်ခဲ့ပြီး ၎င်းနောက်တွင် ချယ်လ်ဆီးအသင်းက လူကာ ကူကို စတာလင် ပေါင် ၉၇ ဒသမ ၅ သန်း၊ မန်ယူ အသင်းက  ဆန်ချိုကို  စတာလင်ပေါင် ၇၃ သန်း၊ အာဆင်နယ်အသင်းက ဘန်ဝှိုက်ကို စတာလင်ပေါင် ၅၅ သန်းနှင့် မန်ယူအသင်းက ဗာရာနီကို စတာလင် ပေါင် ၄၁ သန်းဖြင့် ခေါ်ယူခဲ့သည့်အပြောင်းအရွှေ့ ငါးခုမှာ ထိပ်တန်း အပြောင်းအရွှေ့များအဖြစ် ရပ်တည်ခဲ့ကြကြောင်း သိရသည်။