ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ခြင်း

ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ခြင်း

နေပြည်တော်
    
ဆေးတက္ကသိုလ် (၁) တွင် တာဝန်ထမ်းဆောင်ခဲ့၍ ဆေးကုသမှုမရှိသည့် ဆေးပညာရှင် ဦးဇော်ဝေစိုး သည် ၎င်း၏လူမှုကွန်ရက်၌ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများနှင့် လက်အောက် ဝန်ထမ်းများအား ရုံးမတက်ဘဲ သပိတ်မှောက်ရာတွင် ပါဝင်ဆန္ဒပြရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ လသာမြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။ ထို့အပြင် ၎င်းသည် နိုင်ငံတော် တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်လျက်ရှိသည့် CRPH က ဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြောင်း တွေ့ရှိရသည့်အတွက် ၎င်းအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် အရေးယူရန် ဆောင်ရွက် လျက် ရှိပါသည်။ 
    
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုသည် ၎င်း၏ လူမှုကွန်ရက်၌ လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော သတင်းများကို ရေးသားဖော်ပြခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်စေရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ဖြင့်  လည်းကောင်း အမှုများ ရေးဖွင့်ထားရှိပါသည်။
    
သို့ဖြစ်၍ ဖော်ပြပါ ဦးဇော်ဝေစိုး နှင့် ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညို တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့်စပ်လျဉ်း၍ နီးစပ်ရာရဲစခန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တိုင်ကြားနိုင်ရန် ထုတ်ပြန်ထားသည့် တယ်လီဖုန်း နံပါတ်များသို့ သတင်းပေး တိုင်တန်းနိုင်ကြောင်းနှင့် လက်ခံထားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။