ဥရောပဘောလုံးအဖွဲ့ချုပ်၏ လိဂ်အဆင့်သတ်မှတ်ချက်တွင် ပြင်သစ်လီဂူးပြိုင်ပွဲ အဆင့်နိမ့်ကျပြီး ထိပ်တန်းလိဂ်ငါးခုတွင် ပေါ်တူဂီပရီးမီးယားလိဂ်ပြိုင်ပွဲရောက်ရှိလာ

နီယွန်၊ ဘောလုံး

ဥရောပဘောလုံးအဖွဲ့ချုပ်၏ လိဂ်အဆင့်အတန်း သတ်မှတ်ချက်များအရ ပြင်သစ်လီဂူးပြိုင်ပွဲသည် အဆင့်နိမ့်ကျပြီး ဥရောပ ထိပ်တန်းလိဂ်ငါးခုစာရင်းမဝင်တော့ဘဲ  အဆင့် (၆) နေရာသို့  ကျဆင်းခဲ့ကြောင်း သိရသည်။

အစောပိုင်းက ဥရောပဘောလုံးအဖွဲ့ချုပ်၏ လိဂ်အဆင့်သတ်မှတ်ချက်အရ အင်္ဂလန်နိုင်ငံမှ ပရီးမီးယားလိဂ်၊ စပိန်နိုင်ငံမှ စပိန်လာလီဂါ၊ အီတလီနိုင်ငံမှ အီတလီစီးရီးအေ၊ ဂျာမနီနိုင်ငံမှ ဂျာမန်ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်နိုင်ငံမှ ပြင်သစ်လီဂူးပြိုင်ပွဲတို့က ဥရောပထိပ်တန်းလိဂ်ငါးခုစာရင်းတွင် ဝင်ရောက်ခဲ့သော်လည်း လက်ရှိ ဥရောပဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်အရ ပြင်သစ်လီဂူးပြိုင်ပွဲအနေဖြင့် အဆင့် (၆) နေရာသို့ ကျဆင်းခဲ့ပြီး အဆင့် (၅) နေရာသို့ ပေါ်တူဂီနိုင်ငံမှ ပေါ်တူဂီပရီးမီးယားလိဂ် ပြိုင်ပွဲက ရောက်ရှိလာသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်က ဥရောပရှိ လိဂ်အဆင့်အတန်းသတ်မှတ်ချက်များတွင် လိဂ်အသင်းများ၏ ဥရောပအဆင့် အောင်မြင်မှု များကို ထည့်သွင်းတွက်ချက်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်လီဂူးပြိုင်ပွဲမှ ဥရောပအဆင့်တွင် ပီအက်စ်ဂျီအသင်းတစ်သင်းသာ အောင်မြင်မှု အထိုက်အလျောက်ရရှိပြီး ပေါ်တူဂီမှကလပ်အသင်းများဖြစ်သည့် ပေါ်တို၊ စပို့တင်းလစ္စဘွန်း၊ ဘင်ဖီကာ စသည့်အသင်းများက ဥရောပအဆင့်ပြိုင်ပွဲများတွင်   စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခဲ့သည့်အတွက်  ထိပ်တန်းလိဂ်ငါးခုစာရင်းဝင်လာခြင်းဖြစ်သည်။

ပြင်သစ်လီဂူးပြိုင်ပွဲအနေဖြင့် ဥရောပအဆင့် သတ်မှတ်ချက်တွင် ထိပ်တန်းလိဂ်ငါးခုစာရင်း မဝင်တော့သည့်အတွက်  အဆိုပါလိဂ်၌ ကစားနေသည့်ကစားသမားများအနေဖြင့်   စတင်အခက်ကြုံလာတော့မည်ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ ဥရောပရွှေဖိနပ်ဆုအတွက် ရမှတ်သတ်မှတ်ပေးရာတွင် ဥရောပထိပ်တန်း လိဂ်ငါးခုအဖြစ် သတ်မှတ်ခံရသည့်လိဂ်များ၌ကစားနေသော   ကစားသမားများ အနေဖြင့် ၎င်းတို့သွင်းယူခဲ့သည့်သွင်းဂိုးကို ၂ ဖြင့် မြှောက်ပြီး တွက်ချက်ပေးသော်လည်း ထိပ်တန်းလိဂ်ငါးခုမဟုတ်သည့်လိဂ်များမှ ကစားသမား၏သွင်းဂိုးများကို ၁ ဒသမ ၅ ဖြင့်သာမြှောက်ပြီး တွက်ချက်ပေးခဲ့သည့်အတွက် ဒသမ ၅ ကွာခြားမှုရှိနေသော ကြောင့် ထိပ်တန်းလိဂ်မှကစားသမားများက အားသာ ချက်များရှိခဲ့ခြင်းဖြစ်သည်။

ပြင်သစ်လီဂူးပြိုင်ပွဲသည် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် မပါဝင်တော့သဖြင့် လက်ရှိ ပီအက်စ်ဂျီအသင်း၌ကစားနေသည့် ကစားသမားများအနေဖြင့်လည်း ရွှေဖိနပ်ဆုအတွက် ရမှတ်သတ်မှတ်ရာတွင် ထိပ်တန်းလိဂ်မှကစားသမားများကဲ့သို့ ၂ ဖြင့် မြှောက်ပြီး  တွက်ချက်ခံရမည်မဟုတ်ဘဲ ၁ ဒသမ ၅ ဖြင့်သာတွက်ချက်ခံရမည်ဖြစ်သည်။ နောက်ဆုံး ၂၁  နှစ်အတွင်း  ဥရောပရွှေဖိနပ် ဆုကို  ဥရောပထိပ်တန်းလိဂ်ငါးခုမှ ကစားသမားများသာ ဆွတ်ခူးခဲ့ပြီး ဥရောပထိပ်တန်းလိဂ်တွင်မပါဝင်သည့်ကလပ်အသင်းများမှ ကစားသမားများအနေဖြင့် ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Ref;90Min