ဥရောပသမဂ္ဂက ကာကွယ်ဆေးထိုးနှံမှု သတ်မှတ်ပမာဏသို့ရောက်ရှိဟုဆို

ဥရောပသမဂ္ဂက ကာကွယ်ဆေးထိုးနှံမှု သတ်မှတ်ပမာဏသို့ရောက်ရှိဟုဆို

ဘရပ်ဆဲ၊ ကျန်းမာရေး

ဥရောပသမဂ္ဂအနေဖြင့် ကာကွယ်ဆေး ထိုးနှံမှုတွင် သတ်မှတ်ပမာဏသို့ရောက်ရှိ သွားပြီဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလိုင်ယန်က ဇူလိုင် ၂၇ ရက်တွင်ပြောသည်။

ဥရောပသမဂ္ဂသည် ပြောထားသည့် စကားအတိုင်း ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊    သတ်မှတ်ထားသည့် ရည်မှန်းချက်မှာ   ဇူလိုင်လတွင် အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းကို အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးပေးရန်ဖြစ်ကြောင်းနှင့် ယခုအခါအဆိုပါ သတ်မှတ်ပမာဏသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အူဆူလာဗွန်ဒါလိုင်ယန် က ပြောသည်။

ထို့ပြင် ဥရောပသမဂ္ဂသည် အဖွဲ့ဝင် နိုင်ငံများရှိ အရွယ်ရောက်ပြီးသူ ၅၇ ရာခိုင် နှုန်းကို ကာကွယ်ဆေး နှစ်လုံးစလုံး ထိုးပေးပြီးဖြစ်သောကြောင့် ထိုသို့ကာကွယ်ဆေး ထိုးပေးနိုင်သည့် ရှေ့ဆောင်အဖွဲ့ဖြစ်လာကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ သတ်မှတ်ထားသည့်ပမာဏအထိ ကာကွယ်ဆေးများ ထိုးပေးထားနိုင်ပြီ ဖြစ်သော်လည်း လူတိုင်းကာကွယ်ဆေးမထိုး ပြီးသမျှကာလပတ်လုံး အစိုးရများနှင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ အကာအကွယ်ကိုလျှော့ချခြင်းမပြုရန် ဥရောပ ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

အလားတူ လက်ရှိဖြစ်ပွားနေသော ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး သည် အလွန်အန္တရာယ်များသည့်အတွက် ကာကွယ်ဆေးထိုးခွင့်ရရှိသူတိုင်း ကိုယ်တိုင် နှင့် ပတ်ဝန်းကျင်အတွက် ကာကွယ်ဆေးထိုးရန်တိုက်တွန်းကြောင်း ၎င်းင်းကပြောသည်။

ဥရောပသမဂ္ဂသည် ဖိုင်ဇာ-ဘိုင်အို အန်တက်၊ မိုဒါနာ၊ အက်စထရာဇီနီကာနှင့် ဂျန်ဆန်းဆေးဝါးစက်ရုံတို့က ထုတ်လုပ်သည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဝယ်ယူ ရေးအတွက် ယူရိုဘီလီယံပေါင်းများစွာကို အသုံးပြုခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂသည် အရန်အနေဖြင့် ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေးအလုံး ပေါင်း ၁ ဒသမ ၈ ဘီလီယံကို မှာယူထားကြောင်းနှင့် ထိုသို့မှာယူထားသည့်အတွက် ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့အဖွဲ့အတွင်းရှိ ပြည်သူများအားလုံးကို နောက်တစ်ကြိမ် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးပေးနိုင်စွမ်း ရှိကြောင်းသိရသည်။

Ref: Sputnik