ဦးကျော်မိုးထွန်းအား ဥပဒေနှင့်အညီ တရားစွဲဆို

နေပြည်တော်  မတ်  ၁၇

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးကျော်မိုးထွန်းသည် ၂၆-၂-၂၀၂၁ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေညီလာခံအလွတ်သဘောအစည်း အဝေးတက်ရောက်စဉ် ၎င်းသည် NLD ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို ကိုယ်စားပြုကြောင်းနှင့် နိုင်ငံတော်သစ္စာ ဖောက်ဖျက်မှုကို ကျူးလွန်နေသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ သတင်းစကားကို အစည်းအဝေး၌ ထည့်သွင်း ပြောကြားပြီး ယင်းသို့ ပြောကြားရာတွင် တပ်မတော်အစိုးရအား ဆန့်ကျင်ရန်၊ ထိုသို့ဆန့်ကျင်မှုများအား နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများပေးရန်၊ CRPH ကို ထောက်ခံရန်၊ ဖမ်းဆီးခံရသူ ခေါင်းဆောင်များအား ပြန်လွှတ် ပေးရန်နှင့် စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်ရန် ထည့်သွင်း ပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်။

၎င်းသည် နိုင်ငံတော်မှပေးအပ်သည့် အမိန့်နှင့်ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား ကိုယ်စားပြု ခြင်းမရှိသည့် တရားမဝင်အဖွဲ့အစည်းအား သစ္စာခံလျက် ကူညီကိုယ်စားပြုဆောင်ရွက် ခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ၎င်းအား ၂၇-၂-၂၀၂၁ ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ပြီးဖြစ်ပါသည်။

ဦးကျော်မိုးထွန်းသည် နိုင်ငံတော်အား သစ္စာဖောက်ဖျက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တရားဝင် ရပ်တည်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(အစိုးရ)အား ဖြိုဖျက်ရန် အားထုတ်လုပ်ဆောင်ခြင်း၊  နိုင်ငံတော်အစိုးရအား ဆန့်ကျင်ဖြိုဖျက်ရန် တိုက်တွန်းလှုံ့ဆော်ခြင်းကြောင့် ၎င်းင်းအား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဒက္ခိဏခရိုင်တရားရုံးသို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂(၂)ဖြင့် တရားစွဲဆိုထားရှိရာ ရာဇဝတ် ကြီးမှုအမှတ်(၃၂/၂၀၂၁)ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး ဒက္ခိဏ ခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရဲပြန်ကြား