ဦးကျော်မိုးထွန်း အား ဥပဒေနှင့်အညီ တရားစွဲဆို  

ဦးကျော်မိုးထွန်း အား ဥပဒေနှင့်အညီ တရားစွဲဆို  

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ဦးကျော်မိုးထွန်းသည် ၂၆-၂-၂၀၂၁ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတက်ရောက်စဉ် ၎င်းသည် NLD ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ကိုယ်စားပြုကြောင်းနှင့် နိုင်ငံတော်သစ္စာဖောက်ဖျက် မှုကို ကျူးလွန်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သတင်းစကားကို အစည်းအဝေး၌ ထည့်သွင်းပြောကြားပြီး ယင်းသို့ ပြောကြားရာတွင် တပ်မတော်အစိုးရအား ဆန့်ကျင်ရန်၊ ထိုသို့ ဆန့်ကျင်မှုများအား နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများပေးရန်၊ CRPH ကို ထောက်ခံရန်၊ ဖမ်းဆီးခံရသူခေါင်းဆောင်များအား ပြန်လွှတ်ပေးရန်နှင့် စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး ဆောင်ရွက် နေမှုများ ဆက်လက်ဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်။

၎င်းသည် နိုင်ငံတော်မှပေးအပ်သည့် အမိန့်နှင့်ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင် အဖွဲ့အစည်းအား သစ္စာခံလျက် ကူညီကိုယ်စားပြုဆောင်ရွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ၎င်းအား ၂၇-၂-၂၀၂၁ ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ပြီးဖြစ်ပါသည်။

ဦးကျော်မိုးထွန်းသည် နိုင်ငံတော်အား သစ္စာဖောက်ဖျက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တရားဝင်ရပ်တည်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(အစိုးရ)အား ဖြိုဖျက်ရန် အားထုတ်လုပ်ဆောင်ခြင်း၊ နိုင်ငံတော်အစိုးရအား ဆန့်ကျင်ဖြိုဖျက်ရန် တိုက်တွန်းလှုံ့ဆော်ခြင်းကြောင့် ၎င်းအား ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဒက္ခိဏခရိုင်တရားရုံးသို့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂(၂) ဖြင့် တရားစွဲဆိုထားရှိရာ ရာဇဝတ်ကြီးမှုအမှတ် (၃၂/၂၀၂၁)ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး ဒက္ခိဏခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။