ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇွန် - ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့၊ နယ်မြေခံတပ်ရင်း ခန်းမ၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးအား ထောက်ပံ့ပေးအပ်ကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ဟင်္သာတမြို့နှင့် ကျုံပျော်မြို့များရှိ နယ်မြေခံတပ်ရင်းခန်းမများ၌ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည် မြို့နယ်များရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား သက်ဆိုင်ရာ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။