ရန်ကုန် ဇူလိုင် ၇
မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)က ကျင်းပသည့် (၁၂)ကြိမ်မြောက် သက်ကြီးဟာသ ပညာရှင်ကြီးများအား ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio(A)၌ ကျင်းပသည်။
ကန်တော့ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ ဟာသပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)၏ Theme Song ကို အစည်းအရုံးဝင် လူငယ်များက သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ကန်တော့ပွဲ အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ် ၂၅ သိန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၁၄၇ သိန်း ၅ သောင်းကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်ထံ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့် တိုင်းဒေသကြီးဝန်ကြီးများက သက်ကြီးဟာသ ပညာရှင်ကြီးများအား ကန်တော့ပစ္စည်း များပေးအပ်ကြသည်။
ထို့နောက် လူငယ်ဟာသပညာရှင်များက သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ကြရာ ကန်တော့ခံ သက်ကြီးဟာသပညာရှင်ကြီးများကိုယ်စား သက်ကြီး ဟာသပညာရှင် ဦးပေါ်လေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် သက်ကြီးဟာသပညာရှင်ကြီးများက သက်ကြီးအငြိမ့်ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်နှင့် အလှူရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် သက်ကြီးဟာသပညာရှင်ကြီးများအား အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကျင်းပရန်နှင့် ပတ်သက်၍ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်၊ ဂီတ၊ သဘင်ပဒေသာကပွဲ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခု ပဒေသာကပွဲကြီးကို ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ကျင်းပရန်စီစဉ်ထားပြီး ယင်းရည်ရွယ်ချက် နှစ်ရပ်မှာ ပြိုကွဲလုနီးပါးဖြစ်နေသည့် အနုပညာလောက ပြန်လည်ရှင်သန်ရန်နှင့် ကိုဗစ်-၁၉ကြောင့် စိတ်မွန်းကျပ်နေသည့် ပြည်သူများအား စိတ်ပျော်ရွှင် အပန်းပြေစေရန် ဖြစ်ကြောင်း၊ ပြည်သူများအား အနုပညာဖြင့် ပြန်လည်ဖြည့်ဆည်းခြင်း ဖြစ်သကဲ့သို့ အနုပညာလောက ပြန်လည်ရှင်သန်တော့မည်ဆိုသည့် သတင်းစကားကိုလည်း ပေးသည့်သဘောဖြစ်ကြောင်း၊ ပဒေသာကပွဲကို စက်တင်ဘာလပထမပတ်မှ စတင်၍ ရုပ်သံချန်နယ်များမှပြသရန် စီစဉ်ထားကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)တို့မှ နာယကများနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။