၁၇- ၈ -၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ-အပိုင်း(၃)

၁၇- ၈ -၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ-အပိုင်း(၃)

ယမန်နေ့မှအဆက်

Bullet News ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက အခြေခံဥပဒေပုဒ်မ ၃၉၈(ဂ)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ ပြည်ထောင်စုဝန်ကြီးများနှင့် တန်းတူဖြစ်သည်ဟု ပြဋ္ဌာန်း ထားကြောင်း၊ သို့သော် အခြေခံဥပဒေပုဒ်မ ၄၀၀ တွင်မူ ဥပဒေကို   လိုအပ်သလို ရေးဆွဲနိုင်သည် ဟုပါရှိကြောင်း၊    မိမိပြောလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်တစ်ခု၏ လက်ထက်တွင်   ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ရွေးကောက်ပွဲ အငြင်းပွားမှုခုံရုံး ပြုလုပ်သည့်အခါတွင် အခြားရွေးကောက်ပွဲကော်မရှင် တစ်ခု၏လက်ထက်သို့ ရောက်သွားပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားသည့် ဥပဒေများကို နောက်မှ တာဝန်ယူဆောင်ရွက်သည့် ရွေးကောက်ပွဲကော်မရှင်က သေသေချာချာ မလိုက်နာသည့်  ပုံစံမျိုး ဖြစ်နေကြောင်း၊ ထို့ကြောင့်  ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းကို ရွေးကောက်ပွဲအငြင်းပွားမှု ပြီးဆုံးသည်အထိဟု သတ်မှတ်မည်ဆိုပါက ပို၍သင့်လျော်လိမ့်မည်ဟု ထင်မြင်မိကြောင်း၊ ထိုအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အသစ်နှင့် အဟောင်းတို့အကြား Over Linking ဖြစ်ကောင်းဖြစ်လိမ့်မည် ဖြစ်ကြောင်း၊  သို့သော်  ရွေးကောက်ပွဲ ကော်မရှင်အဟောင်းသည် ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုကို ဖြေရှင်းရန်အတွက် သာဖြစ်သည်ဟု   ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ထုတ်ပြန်၍ ဆောင်ရွက်မည်ဆိုပါက အဆင်ပြေ နိုင်လိမ့်မည်ဖြစ်ကြောင်း၊  ဒုတိယမေးခွန်းအနေဖြင့် မဲရုံတစ်ရုံတွင် မဲမသမာမှုလုပ်သည်ဟု စစ်ဆေး ပေါ်ပေါက်ပါက ယင်းကိုပယ်ဖျက်ပြီး ဒုတိယလူကတက်ရမည် ဆိုသည့်အချက်ကို ဥပဒေတွင်လည်း အတိအလင်းပြဋ္ဌာန်းထားကြောင်း၊ သို့သော် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ယခု အချုပ်ထဲရောက်နေသည့် ခုံရုံးအဖွဲ့များကို မိမိက နေရာ ၆ နေရာခန့်တွင် မဲမသမာမှု များဖြစ်ပေါ်နေသည်ဟု ပြောခဲ့ကြောင်း၊ သို့သော် ၎င်းတို့က အဲဒီ ၆ နေရာလောက် ကမဲရုံတွေမှာ နိုင်တဲ့မဲတွေ အကုန်လုံးကို ဦးလှဆွေကို  ပေးလိုက်တယ်ထားဦး၊ ကျန်တဲ့မဲရုံတွေကရှုံးတဲ့အတွက် ဦးလှဆွေရှုံးတယ် ဟု ပြောကြောင်း၊ မိမိကလည်း ထပ်မံအယူခံဝင်ခဲ့ကြောင်း၊ အယူခံတွင် မိမိက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ် ၁၀၀ ဖြင့် အောင်မြင်သည့်သူနှင့် အမှတ် ၄၀ ဖြင့်  အောင်မြင်သူရှိသည့်အနက် အမှတ် ၁၀၀ ဖြင့် အောင်မြင်သည့်သူက ၅ မှတ်တန်ပုစ္ဆာတစ်ပုဒ်ကို အဖြေခိုးချနေကြောင်း   မိမိကပြောပြသည်ကို ဆရာက အဲဒီခိုးချတဲ့ ၅ မှတ်ကိုနုတ်လိုက်ဦး ၉၅ မှတ် ကျန်တဲ့အတွက် ဂုဏ်ထူးမထွက်ရင်တောင်မှ   အောင်သေးတယ်ဟု ပြောသကဲ့သို့ဖြစ်နေကြောင်း၊ ထို့ကြောင့် ဦးလှဆွေ မဲရှုံးတယ်ဟု   ၎င်းတို့ကပြောခဲ့ကြောင်း၊ မိမိဆိုလိုသည်မှာ  ထိုကဲ့သို့  မဲလိမ်ခြင်း၊ မဲခိုးခြင်းကိုတွေ့ရှိရပြီဆိုပါက   ထိုသူကို ကျောင်းထုတ်ပစ်ရမည်ဖြစ်ကြောင်း၊ သို့သော် ထိုကဲ့သို့မလုပ်ခဲ့ကြောင်း၊    ယခုလာမည့် ရွေးကောက်ပွဲတွင် ဥပဒေအရမည်သို့ပင်ဆို စေကာမူဟုဆို၍ မဲရှုံးခြင်း များကို မဖြစ်ပေါ်စေဘဲ ဥပဒေအရ အမှန်တကယ် မဲလိမ်၊ မဲခိုးခြင်းဖြစ်ပါက မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ နောက်ဆုံးမေးခွန်းအနေဖြင့် အခြေခံဥပဒေပုဒ်မ ၃၉၂ အရ မဲပေးခွင့်မရှိသူ ၅ မျိုးရှိသည်ဟု ဖော်ပြထားကြောင်း၊ ထိုသူများအထဲတွင် စိတ်ပေါ့သွပ်သူ၊   လူမွဲအဖြစ်ကြေညာထားသူ၊ ထောင်ကျနေသူ၊ တားမြစ်ခံရသူနှင့်သာသနာ့ဝန်ထမ်းများဟုပါရှိကြောင်း၊  သာသနာ့ဝန်ထမ်းများနှင့်   စိတ်ပေါ့သွပ်သူများ၊ ထောင်ကျနေသူများကို  တစ်တန်းတည်းထားသကဲ့သို့ ဖြစ်နေကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်သူ ရဟန်းသံဃာစုစုပေါင်း အင်အား ၅ သိန်းခန့်ရှိသည်ဟု လေ့လာသိရှိထားကြောင်း၊ ထိုရဟန်းသံဃာများကို ၎င်းတို့အနေဖြင့် ဆန္ဒမဲပေးလိုကပေးနိုင်သည်ဆိုသည့် ဥပဒေတစ်ရပ်ကို အမိန့်တစ်ရပ်အဖြစ် ပြဋ္ဌာန်းပေးမည်ဆိုပါက သံဃာတော်များအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်လိုသည့် ပါတီများကို မဲပေးပိုင်ခွင့်ရရှိသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် အဆိုပါမေးခွန်းများကို ပြန်လည်ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မေးခွန်း ၃ ခုအနက် ပထမမေးခွန်းဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းနှင့် ခုံရုံးများနှင့်စစ်ဆေးသည့်ကိစ္စကို ပြန်လည်ဖြေကြားရမည်ဆိုပါက   ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက်တင်မြှောက်ခြင်းအခန်း ၉ တွင်ပါဝင်ကြောင်း၊ ပုဒ်မ ၃၉၈ (က)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်းပါဝင်ကြောင်း၊ ၎င်းဖွဲ့စည်းပုံမှာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တူသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅(က)တွင်လည်း   ပြဋ္ဌာန်းချက်များပါဝင်ကြောင်း၊  အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြောရမည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ  နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့်အတူဖြစ်ကြောင်း၊ အလားတူ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ  ၆  တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏သက်တမ်းနှင့် အတူတူဖြစ်သည်ဟုပြဋ္ဌာန်းထားကြောင်း၊ သို့သော် နိုင်ငံတော် သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းခြင်းမပြုမီအချိန်အထိ   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဟောင်းကသာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိသည် ဟု ပြဋ္ဌာန်းထား ကြောင်း၊ သာမန်အားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို စတင်ခန့်အပ်သည့်အချိန်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်း၍ ကန့်ကွက်လွှာများကို   စစ်ဆေးရာတွင် ၂၀၁၀ ပြည့်နှစ်တွင် ကန့်ကွက်လွှာအမှု ၂၉ မှုသာရှိခဲ့ကြောင်း၊ အဆိုပါအမှုများ စစ်ဆေးပြီးစီး၍ ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းရာတွင် စစ်ဆေးပြီးအမှု ၁ မှု၊ ရုပ်သိမ်း သွားသည့်အမှု  ၁  မှုရှိခဲ့သည့်အတွက် ကျန်ရှိသည့် အမှု ၂၇ မှုကို ရွေးကောက်ပွဲ ကော်မရှင်အသစ်ထံ ထပ်မံလွှဲပြောင်းပေးခဲ့ရကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ်တွင် ကန့်ကွက်လွှာအမှု ၄၅ မှုရှိခဲ့ကြောင်း၊ ထိုအမှုများအနက် စစ်ဆေးပြီးစီးသည့်အမှု  ၃ မှု ရှိခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်အသစ်ထံ အမှု ၄၂ မှုကို လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်အမှုများကို  ရွေးကောက်ပွဲကော်မရှင်အသစ်က ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ အထက်ပါလုပ်ငန်းစဉ်များတွင် ခုံရုံးများဖွဲ့စည်းခြင်း၊ ကန့်ကွက်လွှာများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊  အယူခံများတင်သွင်းခြင်း၊ ပြင်ဆင်မှုများစစ်ဆေးခြင်း၊ ဆုံးဖြတ်ချက် များချမှတ်ခြင်း စသည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နေကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် တွေ့ကြုံရသည့် အတွေ့အကြုံများအရ အထက်ပါ လုပ်ငန်းစဉ်များမှာ အချိန်ကာလ ၂ နှစ်ခန့်အထိ ကြာမြင့်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အဟောင်းက ၂ နှစ်ခန့်ထပ်မံ၍ လုပ်ငန်းများလုပ်ဆောင် နေမည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်နှစ်ခုဖြစ်နေမည်ဖြစ်သောကြောင့် အဆင် မပြေနိုင်ကြောင်း၊ ထို့ပြင် အမှုများကို ပြီးပြတ်အောင်ဆောင်ရွက်ရန်အတွက်မှာလည်း လက်တွေ့တွင် မလွယ်ကူကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊   ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှုပေါင်း ၂၈၇ ကျော်ရှိခဲ့ကြောင်း၊ ထိုကဲ့သို့အမှုများ များပြားသော ကြောင့် အဆင်ပြေနိုင်သည့် အခြေအနေမရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကော်မရှင်ဥပဒေသတ်မှတ်ချက်များ အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင်လည်း အကောင်းဆုံး၊ အတတ်နိုင်ဆုံးဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်သွား မည်ဟု ပြောလိုကြောင်းပြောကြားခဲ့သည်။ ဒုတိယမေးခွန်းဖြစ်သည့် မဲမသမာမှုများနှင့်ပတ်သက်၍ ကန့်ကွက်လွှာများကို ဆုံးဖြတ်သည့်အပိုင်းကို ဖြေကြားရလျှင် မဲမသမာမှုကိုကျူးလွန်ပါက  ကျူးလွန်သူကို ပယ်၍ဒုတိယလူကို ရွေးချယ်ရမည့်သဘောရှိကြောင်း၊   ဥပဒေသဘောတရားအရ ထိုအနေအထားမျိုး ဖြစ်ကြောင်း၊ သို့သော် မိမိ တို့အနေဖြင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် Closed  List  PR စနစ်ကို အသုံးပြုမည်ဖြစ်သောကြောင့်  ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ ပို၍အရေးကြီးကြောင်း၊ ထိုကိစ္စကို ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း  မိမိရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ Closed  List  PR စနစ်မှာ ပါတီကိုသာ   မဲပေးရသည့်စနစ်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှာ သိခွင့်ရရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့်  ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီမှာ ကန့်ကွက်ခြင်း ခံရပြီး ကန့်ကွက်ချက်များမှာလည်း  မှန်ကန်ကြောင်း ဆုံးဖြတ်မည်ဆိုပါက ထိုပါတီတစ်ခုလုံး ရရှိသည့် ဆန္ဒမဲများမှာ ပယ်ဖျက်ခြင်း ခံရမည်ဖြစ်ကြောင်း၊  ထိုသို့ပယ်ဖျက်ပြီးပါက ထိုပါတီက ရရှိခဲ့သည့်ဆန္ဒမဲများကို နုတ်ပယ်၍ ခိုင်လုံမဲများအနက် ပယ်ဖျက်ခံရသည့်ပါတီ၏ဆန္ဒမဲများကို နုတ်ပယ်ပြီး ကျန်ရှိသည့်ဆန္ဒမဲများကို ကျန်ရှိသည့်ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ အချိုးကျရရှိသည့်အတိုင်း   ကိုယ်စားလှယ်များ ရရှိနိုင်မည် ဖြစ်ကြောင်း၊ မိမိတင်ပြလိုသည်မှာ ကန့်ကွက်လွှာများဖြစ်ပေါ်လာပြီး မှန်ကန်ကြောင်း  စစ်ဆေး တွေ့ရှိပါက မဲဆန္ဒနယ်တစ်နယ်လုံးမှ  ကိုယ်စားလှယ်များ အားလုံးဆုံးရှုံးသွားမည်ဖြစ်ပြီး ပယ်ဖျက်ခံရမည် ဖြစ်သောကြောင့်  PR စနစ်ဖြင့် ကျင်းပမည်ဖြစ်သည့်  နောင်လာမည့်ရွေးကောက်ပွဲများတွင် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ လုပ်ဆောင်မည်ဆိုပါက များစွာထိခိုက်နစ်နာနိုင်မည် ဖြစ်သည့်အတွက် ထိုကိစ္စများကို   သတိပြုရှောင်ရှားကြစေလိုကြောင်းပြောကြားသည်။    တတိယမေးခွန်းဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၂(က)တွင် မဲပေးပိုင်ခွင့်မရှိသူများစာရင်းတွင် သာသနာ့ဝန်ထမ်းများဟူ၍ ပါဝင်ကြောင်း၊ အလားတူ    သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇ တွင်လည်း သာသနာ့ ဝန်ထမ်းများသည် မဲပေးပိုင်ခွင့်မရှိဟုပါဝင်ကြောင်း၊ ထိုကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင်  ပါဝင်သည့် ပြဋ္ဌာန်းချက်များ ဖြစ်သည့်အတွက် ထိုပြဋ္ဌာန်းချက် များနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရရှိနိုင်မည် မဟုတ်ကြောင်း၊ သို့သော် ထူးခြားချက်အနေဖြင့် ထိုဥပဒေများတွင် သာသနာ့ဝန်ထမ်းနှင့်  ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်လည်း ပါဝင်ကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ စသည့်ဘာသာများ ပါဝင်ကြောင်း၊ ထိုအထဲတွင် ဟိန္ဒူဘာသာဆိုပါက ပို၍ပြည့်စုံစေရန် အကျုံးဝင်သည့်စာရင်းများကို ပြည့်ပြည့်စုံစုံဖြည့်စွက်ထားကြောင်း၊ အစ္စလမ်ဘာသာဆိုလျှင် မပါဝင်ကြောင်း၊ သာသနာ့ဝန်ထမ်းများကို ပြည့်ပြည့်စုံစုံ ဖြစ်စေရန်   ထပ်မံထည့်သွင်း ထားကြောင်း၊ သာသနာ့ဝန်ထမ်းများ အားလုံးမှာ မဲပေးခွင့်ရရှိမည် မဟုတ်ကြောင်း    ပြန်လည်ဖြေကြားသည်။              

NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ကျင်းပပြီးစီးခဲ့သည့်  ရွေးကောက်ပွဲ ၃ ကြိမ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အနည်းဆုံး တစ်နှစ်ခန့်ကြိုတင်၍  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်  အစည်းအဝေးများ ပြုလုပ်၍  တိုင်ပင်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း၊ မဲစာရင်းပေးမည့် စာရွက်များကို   ပုံနှိပ်သည့်လုပ်ငန်းများအတွက်လည်း ကြိုတင်ပြင်ဆင်ရသည်ဟု သိရကြောင်း၊ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေခြင်း ရှိ၊ မရှိ သိလိုကြောင်း၊ အကယ်၍ လုပ်ငန်းများစတင်ရခြင်းမရှိသေးပါကလည်း ၂၀၂၃ ခုနှစ် တွင်ကျင်းပမည်ဟုဆိုသည့်  ရွေးကောက်ပွဲအတွက် အချိန်ကာလမှာ Limit ဖြစ်နေ သည်ကို တွေ့ရကြောင်း၊ မည်သည့်အတွက်ကြောင့်  လုပ်ငန်းများ စတင်ခြင်း မရှိသေးသည်ကို သိလိုကြောင်း၊ ယခုလက်ရှိ မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိသည့် အနက် အချို့သောပါတီများမှာ ပါတီဝင်အရေအတွက်  အနည်းငယ်ဖြင့်  ပါတီထူထောင်၍ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နေကြသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ ပါတီဝင်အရေအတွက်ကို ကန့်သတ်သွားမည် ဟုဆိုသည့် သတင်းများကိုလည်း ကြားနေရကြောင်း၊ အကယ်၍ ကန့်သတ်ရန် အစီအစဉ်ရှိပါက ပါတီဝင်အရေအတွက်   မည်မျှရှိလျှင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်၊ သတ်မှတ်ထားသည့် ပါတီဝင် အရေအတွက် မပြည့်မီပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုသည့် ကန့်သတ်ချက်မျိုး ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲပြင်ဆင်မှုအပိုင်းနှင့် ပတ်သက်သည့် မေးခွန်းဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သကဲ့သို့  ၂၀၁၀၊  ၂၀၁၅၊  ၂၀၂၀ ခုနှစ်တို့တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို လွှတ်တော်သက်တမ်းများအလိုက် ပုံမှန် Circulation  အရ  ဆောင်ရွက်ရသည့် ရွေးကောက်ပွဲများဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲများအတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအကြိုကာလ  ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလလုပ်ငန်းစဉ်များဟူ၍ရှိကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအတိုင်း Timeline များ၊ Schedule များဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုကျင်းပမည့် ရွေးကောက်ပွဲမှာမူ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ကျင်းပရမည့်ရွေးကောက်ပွဲဖြစ်ကြောင်း၊ ထို့ကြောင့်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သို့ပင်ဖြစ်စေကာမူ သတ်မှတ်ချက်၊   ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် အရေးကြီးသည့်အချက်များမှာ ဥပဒေမူဘောင်များ၊ ဥပဒေများ၊ နည်းဥပဒေများဖြစ်ကြောင်း၊ ထိုကိစ္စများကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် လိုအပ်သလို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊  အချို့ကိစ္စများကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သော်လည်း အချို့ကိစ္စများမှာမူ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊  အခြားတစ်ခုမှာ အရေးကြီးကိစ္စတစ်ခုဖြစ်သည့် Civic and Voter Education ကိစ္စများကိုလည်း ဆောင်ရွက်ထားကြောင်း၊  ယခုလတ်တလောတွင်  ဥပဒေပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့် ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးစီးပါက တစ်ပြိုင်နက်တည်း ဥပဒေနှင့်အတူ  Follow Up လုပ်မည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးကိစ္စတစ်ခုမှာ မဲစာရင်းဖြစ်ကြောင်း၊ ထိုမဲစာရင်းကိစ္စကိုလည်း မိမိမကြာခဏတင်ပြခဲ့ကြောင်း၊ မဲစာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများ ရရှိနိုင်ရန်အတွက်   အလေးထား၍ ဆောင်ရွက်နေကြောင်း၊ ထိုကိစ္စဆောင်ရွက်နေသည်မှာ   အချိန်အတော်ကြာပြီ ဖြစ်ကြောင်း၊ အရေးကြီးကိစ္စ ဖြစ်သည့်အတွက် အချိန်ယူ၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် အတော်ခရီးရောက်နေပြီ ဖြစ်ကြောင်း၊ Update လုပ်၍ ဆက်လက်ဆောင်ရွက်ရမည့် အပိုင်းသာ ကျန်တော့ကြောင်း၊  အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေး ကောင်စီက ရွေးကောက်ပွဲကို ၆ လအတွင်း   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့်   မိမိတို့ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၆ လအတွင်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း၊ ဆောင်ရွက်ရမည့် အနေအထားသို့ ရောက်ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သတ်မှတ်ချက်နှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်းနှင့် ဒုတိယမေးခွန်း ဖြစ်သည့် ပါတီများနှင့်ပတ်သက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီများအနေဖြင့် အဆင့်အတန်းနှင့် အရည်အသွေး ပိုမိုမြင့်မားသည့် ပါတီများဖြစ်စေရန်အတွက် ပါတီဝင်အင်အားနှင့် ပါတီရန်ပုံငွေအင်အား တောင့်တောင့် တင်းတင်း ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပါတီရုံးခန်းများလည်း စနစ်တကျရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် ပိုမိုများပြားလာမည့်သဘောသဘာဝရှိကြောင်း၊ ထိုအချက်အလက်များကို ကြိုတင်မြော်တွေး၍ ဥပဒေထဲတွင်ထည့်သွင်းပြဋ္ဌာန်းထားကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar   National   Post မှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိမေးလိုသည့် အကြောင်းအရာနှင့် ပတ်သက်၍UEC ၏ Website  တွင်လည်းဖော်ပြထားကြောင်း၊ နိုင်ငံရေးပါတီများက ၎င်းတို့၏ နိုင်ငံရေး သဘောထားနှင့် ရပ်တည်ချက်၊ လုပ်ငန်းစဉ်များကို   ဖွဲ့စည်းပုံများ ရေးဆွဲထားသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ရေးဆွဲထားသည့် လုပ်ငန်းစဉ်များနှင့် မူဝါဒများကို လိုက်နာရန် ပျက်ကွက်ပါက UEC အနေဖြင့် မည်ကဲ့သို့သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ကိုသိလိုကြောင်း၊   NLD ပါတီတစ်ခုတည်းသာမကဘဲ နိုင်ငံရေးပါတီများ အားလုံးကို စစ်ဆေးတွေ့ရှိချက်များအပေါ် UEC အနေဖြင့်  မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးမြန်းခဲ့သကဲ့သို့ ့နဃ အနေဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ တတိယအပတ်မှစတင်၍ နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့ကြောင်း၊ အချိန်ကာလ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ထိုကာလအတွင်း တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိသည့်အနက်  ၈၅ ပါတီကို စစ်ဆေးပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် နိုင်ငံရေးပါတီ ၇ ပါတီကိုလည်း စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပျက်ကွက်သည့်ပါတီများကို ယာယီတစ်နှစ်ရပ်ဆိုင်းခဲ့ခြင်းများလည်း ရှိကြောင်း၊ ကျန်ရှိနေသည့် ပါတီများကိုလည်း   အခြေအနေအပေါ် မူတည်၍ သတ်မှတ်ချက်နှင့်အညီ အစစ်ဆေးခံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး ပါတီများတွင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းများရှိကြောင်း၊  ထိုစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ပျက်ကွက်ခြင်းတို့ကိုကျူးလွန်ပါက မည်ကဲ့သို့ အရေးယူသွားမည်ကို မေးမြန်းလိုသည်ဟုထင်ကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေမှာ  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊  နည်းဥပဒေသာဖြစ်ကြောင်း၊ ထိုဥပဒေတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်ပျက်ကွက်ပါက UEC အနေဖြင့် အချိန်ကာလတစ်ခုသတ်မှတ်၍ ပျက်ကွက်ချက်ကို သတ်မှတ်ထားသည့် ကာလအတွင်း ဆောင်ရွက်ရန် အသိပေးမည်ဖြစ်ကြောင်း၊   သို့သော်   လိုက်နာဆောင်ရွက်ခြင်း မရှိပါက ယာယီရပ်ဆိုင်းမည် ဖြစ်ကြောင်း၊   ထပ်မံ၍ လိုက်နာဆောင်ရွက်ခြင်း မရှိသေးပါက အပြီးအပိုင် ပယ်ဖျက်ခြင်းများလည်း ရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်း၊ အလားတူ ပါတီများ ရပ်တည်ပိုင်ခွင့်မရှိသည့် ကိစ္စများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂(က)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၅ တို့တွင် ပါဝင်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို   ဖောက်ဖျက် ကျူးလွန်သည်ဟု တိတိကျကျစစ်ဆေးတွေ့ရှိပါက ထိုပါတီမှာ ရပ်တည်ပိုင်ခွင့်ရရှိတော့မည် မဟုတ်ကြောင်း၊ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ပိုင်ခွင့်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်သည့့် UEC က ထိုပါတီကိုပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ၎င်းင်း၏ ရပ်တည်ပိုင်ခွင့်မရှိသည့် အချက်နှင့်ငြိစွန်းပါက  ပါတီဖျက်သိမ်းခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊  နည်းဥပဒေတွင်ပါဝင်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၇ နှင့် ၄၀၈ တို့တွင်လည်းပါဝင်ကြောင်း၊  အခြားတစ်ခုမှာ ပုဒ်မ ၂၃ အရ သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့် အမိန့်များကို ထုတ်ပြန်ထားသည့်အတိုင်း   လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပုဒ်မ  ၂၄(က)၊ (ခ)၊ (ဂ)၊ (ဃ)တို့နှင့်အညီ   ဆက်လက်အရေးယူ ဆောင်ရွက်၍ရကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ Myanmar National Post မှ အယ်ဒီတာချုပ်နောင်တော်လေးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ရာခိုင်နှုန်းမည်မျှ ရေးဆွဲပြီးဖြစ်သည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အသစ်ရေးဆွဲနေသည့် ဥပဒေပြုရေး လုပ်ငန်းစဉ်တွင် Concem အဖွဲ့အစည်းဖြစ်သည့် မိမိတို့က ဥပဒေကို Initate လုပ်၍ မူကြမ်းများကို ရေးဆွဲကြောင်း၊ ထို့နောက် ဥပဒေရေးရာ ဝန်ကြီးဌာနတွင် ထိုဥပဒေများနှင့် ပတ်သက်၍ စိစစ်ခြင်းများဆောင်ရွက်ကြောင်း၊ ပြီးမှသာ ဥပဒေပြုနိုင်သည့် Authority ဖြစ်သည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း ဥပဒေပြုရေး လုပ်ငန်းစဉ်များအတိုင်း စိစစ်ခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးစီးပါက  အမြန်ဆုံးအသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့်  ဒီမိုကရေစီ ခေတ်ပြောင်းကာလတွင်   တပ်မတော်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ USDP အစိုးရက ကျင်းပပေးသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် NLD အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတို့ကို မိမိအနေဖြင့် သတင်းယူရင်း ဖြတ်သန်းခဲ့ကြောင်း၊ မိမိ၏ တွေ့ရှိချက်များကို  ပြောရမည်ဆိုပါက တပ်မတော်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့့် NLD အစိုးရက ကျင်းပပေးသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် မိမိတို့လို သတင်း မီဒီယာသမားများအတွက် လွတ်လပ်စွာ သတင်းရယူခွင့်ရရှိခဲ့ကြောင်း၊ NLD အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၂၀ ပြည့်နှစ် NLD လက်ထက်ပြုလုပ်ပေးသည့် ရွေးကောက်ပွဲတွင် မိမိတို့တွင် ကန့်သတ်မှုများ အများအပြားရှိခဲ့ပြီး သတင်းရယူခွင့် လွတ်လပ်ခွင့် မရှိခဲ့ပါကြောင်း၊ အဆင့်အမျိုးမျိုး ဖြတ်သန်းခဲ့ရပါကြောင်း၊ မိမိမေးလိုသည်မှာ UEC အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်မည့် လာမည့် ရွေးကောက်ပွဲတွင် သတင်းမီဒီယာများကို   ရွေးကောက်ပွဲ သတင်းကို မည်မျှထိ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူသည့် နေရာတွင် လွတ်လပ်စွာ ရယူခွင့်ပြုပေးနိုင်မည်လဲ၊ ကန့်သတ်မှုများလည်း NLD အစိုးရက လုပ်ခဲ့သကဲ့သို့ ကန့်သတ်မှုများလုပ်သွားမည်လား သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲသည် လွတ်လပ်ပြီး  တရားမျှတသည့် ရွေးကောက်ပွဲ၊   အများယုံကြည်သည့် ရွေးကောက်ပွဲ၊   ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်ရန်အတွက် မီဒီယာများကို သတင်းယူခွင့်ပြုရမည် ဖြစ်ပါကြောင်း၊ ခွင့်ပြုမည်လည်းဖြစ်ပါကြောင်း၊ မီဒီယာများ သတင်းယူခွင့် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မီဒီယာများသည် လွတ်လပ်စွာ သတင်းရယူခွင့် ရှိသကဲ့သို့    မဲပေးသည့် မဲဆန္ဒရှင်၊ မဲရုံတွင် တာဝန်ထမ်းဆောင်နေသည့်သူများ၏   ဆောင်ရွက်ချက်များကို မထိခိုက်ရန်လည်း လိုပါကြောင်း၊ လွတ်လပ်စွာ ဆန္ဒမဲပြုခွင့်ကိုလည်း   နှောင့်ယှက်မှုပြု၍ မရပါကြောင်း၊  ယင်းသို့ လိုအပ်ချက်များနှင့် အဆင်ပြေစေမည့် အနေအထားကို   မိမိတို့ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊   ထိုကဲ့သို့ပြုလုပ်ရာတွင် ပြည်တွင်း/ပြည်ပမီဒီယာများလည်းရှိကြောင်း၊ ပြည်တွင်း မီဒီယာများ အနေဖြင့် သတင်းရယူမည့်ကော်မရှင်အဖွဲ့ခွဲများသို့လျှောက်ထားပြီး မီဒီယာ အသိအမှတ်ပြုမှု ကတ်ရယူရမည်ဖြစ်ကြောင်း၊ စည်းကမ်းချက်များနှင့်အညီ    သက်ဆိုင်ရာနှင့် ဆက်သွယ်ပြီး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာမီဒီယာများလည်း ပြန်ကြားရေးနှင့်ဆက်သွယ်ပြီး စိစစ်မှုခံယူကာ   အသိအမှတ်ပြုကတ်ပြုလုပ်ပြီး သတ်မှတ်ချက်နှင့်အညီ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်   သတင်းယူခွင့်ပြုလုပ်မည် ဖြစ်ကြောင်းနှင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ   မီဒီယာလွတ်လပ်ခွင့်လည်းရှိသကဲ့သို့  မဲဆန္ဒရှင်နှင့် မဲရုံဝန်ထမ်းများ လုံခြုံရေးထိခိုက်မှု မရှိအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်တွင်း/ပြည်ပလေ့လာ စောင့်ကြည့်သူများကို UEC အနေဖြင့် မည်ကဲ့သို့ message ပေးလိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်တွင်း/ပြည်ပ  ရွေးကောက်ပွဲလေ့လာသူများ(Observer)အပိုင်းကို ယခင်ရွေးကောက်ပွဲများတွင်လည်း ခွင့်ပြုခဲ့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း စနစ်တကျခွင့်ပြုပေးရန် အစီအစဉ် ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

General Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက်က ရွေးကောက်ပွဲတစ်ခုတွင် ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းများကို   ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတိုင်းတွင် လုပ်ပေးသွားပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က အသိပညာပေးလုပ်ငန်းများလုပ်သည့်အခါတွင် နိုင်ငံပိုင်သတင်းစာ၊ နိုင်ငံပိုင်ရုပ်/သံ မီဒီယာများမှတစ်ဆင့် လုပ်ပါကြောင်း၊ မြေပြင်တွင် သတင်းစာနှင့်ဝေးနေသည့် လူတန်းစားများရှိကြောင်း၊ TV ကပေးသည့် Message ကို မကြည့်သည့် လူတန်းစားများလည်းရှိကြောင်း၊ အကုန်လုံးကို မလွှမ်းခြုံနိုင်သည်ကို တွေ့ရပါကြောင်း၊ ရွေးကောက်ပွဲပညာပေးနှင့်ပတ်သက်ပြီး  ပိုမိုကောင်းမွန်သည့်ပညာပေးလုပ်ငန်းစဉ်ကို ယခုအချိန်တွင်   မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို   သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း Civic and Voter Education သည် အရေးကြီးပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲသည် PR စနစ်ဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည်များကို ပိုမိုအသိပညာပေးရန် လိုပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်နှင့် ပြည်သူလူထုကို အသိပညာပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများလည်းရှိကြောင်း၊ သတင်းထောက်ကြီးပြောသကဲ့သို့ State Media များသည် မိမိတို့အတွက် အဆင်ပြေဆုံးနှင့် အလွယ်ဆောင်ရွက်နိုင်သည့်ကိစ္စဖြစ်ပြီး ပျံ့နှံ့မှုကောင်းပါကြောင်း၊ State Media များဖြစ်သည့် TV ၊ သတင်းစာ၊ ရေဒီယိုများမှလည်း ပုံမှန်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအခါ တချို့သတင်းစာများတွင် ဆောင်းပါးများထည့်ပြီး ဆောင်ရွက်နေပါကြောင်း၊   အလားတူ ကော်မရှင်အဖွဲ့ခွဲများ  ဖွဲ့စည်းထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးများကိုလည်း Civic and Voter Education စပြီးလုပ်နေပါကြောင်း၊ ထိုကဲ့သို့လုပ်နေသည့်အဖွဲ့များက ၎င်းတို့နယ်မြေအလိုက် ဆောင်ရွက်ခြင်းတစ်ပိုင်း ရှိပါကြောင်း၊ ယင်းနည်းဖြင့် တစ်ခုလုပ်မည်ဖြစ်ပါကြောင်း၊ အလားတူ ပါတီများက ယင်းတို့ပါတီအလိုက် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများကလည်း ယခင်ကတည်းကတိုင် သတ်မှတ်ချက် နှင့်အညီ ဆောင်ရွက်ပါကြောင်း၊ အလားတူ Neutral ဖြစ်သည့် CSO အဖွဲ့များ၊ တခြားနည်း ဖြစ်သည့် ပျံ့နှံ့မှုအားကောင်းသည့် မီဒီယာကတစ်ဆင့် လုပ်ဆောင်ခြင်းသည် ပိုပြီးထိရောက်နိုင်ခြင်းကြောင့် နည်းမျိုးစုံဖြင့် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ဥပဒေ/နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက အသင့်စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ General Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက်က ယခင်ရွေးကောက်ပွဲများတွင် မြေပြင်သတင်းရယူခြင်း၊   ရွေးကောက်ပွဲအကြိုကာလ သတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ Observer များအပိုင်းနှင့် သက်ဆိုင်ရာ နယ်မြေအလိုက် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ အသိပညာပေး လုပ်ငန်းစဉ်တွင် အခြေခံတကျ မဟုတ်ဘဲ ပညာပေးလမ်းစဉ် လွဲချော်နေခြင်းများကို တွေ့ရပါကြောင်း၊ ဆိုလိုခြင်းမှာ  မဲဆန္ဒရှင်က မဲကိုမည်သို့ထည့်ရမည့်အဆင့်ကိုကျော်လွန်ပြီး ၎င်းတို့ အားပေးလိုသည့် ပါတီတစ်ခုခုကိုထည့်ရန်ဆိုသည်မျိုး ပကတိမြေပြင်အခြေအနေတွင် တွေ့ရပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေ/နည်းဥပဒေ တစ်ခုခုဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်၊ အကယ်၍ ယခုအချိန်တွင် ပေါ်ပေါက်ခဲ့ပါက မည်သို့ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အပိုင်းနှစ်ပိုင်းရှိပြီး  တစ်ပိုင်းမှာ   Civic and Voter Education မဲဆန္ဒရှင် အသိပညာပေးခြင်း လုပ်ငန်း၊ ဒုတိယတစ်ခုမှာ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းဖြစ်ပါကြောင်း၊ ကာလတစ်ခု ရောက်ပါက မဲဆွယ်စည်းရုံးခွင့်ပေးရခြင်း များရှိကြောင်း၊ မဲဆွယ်စည်းရုံးခြင်းကာလ တွင် မိမိပါတီ၊ မိမိကိုယ်စားလှယ်ကိုပေးရန် ကိစ္စ၊ စည်းရုံးဟောပြောခြင်းများကို မြေပြင်တွင် ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့် ကာလတစ်ခုတည်းတွင် သတင်းထောက်ကြီး ပြောသည့်   ကိစ္စမျိုးရှိနိုင်ကြောင်း၊ မဲဆွယ်စည်းရုံးခြင်းဆောင်ရွက်မည့် ပုဂ္ဂိုလ်များသည် သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Civic and Voter Education ပေးသည့်သူများသည် သမာသမတ်ရှိရှိ ပေးရမည်ဖြစ်ပါကြောင်း၊ Civic and Voter Education ပေးရင်း မဲဆွယ်စည်းရုံးသလို ဖြစ်၍မရပါကြောင်း၊  ထို့ကြောင့် ယင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင်  စနစ်တကျ ဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

People News Agency မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း အသစ်ရေး ဆွဲထားခြင်းနှင့် ပတ်သက်ပြီး ရှေ့တွင်ရှင်းပြခဲ့သည်ကို ကြားသိခဲ့ရပါကြောင်း၊ ဥပဒေအသစ်များ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်ပြီး တရားဝင်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် အစီအစဉ်၊ ယင်းတို့၏ အကြံဉာဏ်ကို နားထောင်သွားရန်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စုစုပေါင်း ၄ ကြိမ်တွေ့ဆုံပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီအများစု တက်ရောက်ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်ခဲ့သည်များကို သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲ မည်ကဲ့သို့ကောင်းအောင်လုပ်မည် ဆိုသည်က တစ်ပိုင်း၊ မြန်မာနိုင်ငံနှင့် သင့်တော်သည့် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ အလားတူ ဥပဒေ/နည်းဥပဒေများ ပြဋ္ဌာန်းပြီးသည့် အချိန်၊ အခြားအကြောင်းကိစ္စများ ပေါ်ပေါက်လာသည့်အခါတွင် ပေါ်ပေါက်လာသည့်အပေါ် မူတည်ပြီး နိုင်ငံရေးပါတီများနှင့် မိမိတို့ကော်မရှင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ People News Agency မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်တွင် တစ်နိုင်ငံလုံးတွင်ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများက စပေါ်ငွေ  သိန်းတစ်ထောင်တင်ရမည်၊ ပါတီငယ်များ သိန်းတစ်ရာတင်ရမည်ဆိုသည့် ကောလာဟလများက နိုင်ငံရေးပါတီများတွင် ပျံ့နှံ့နေပါ ကြောင်း၊ အဆိုပါအခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြပေးစေလိုပါကြောင်း မေးမြန်း သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီတစ်ခုသည်  အမှန်တကယ် အရွေးခံရပါက နိုင်ငံတော်ကိုတာဝန်ယူမည့်၊ နိုင်ငံတော်ကို အုပ်ချုပ်မည့်၊   နိုင်ငံကိုခေါင်းဆောင်မည့် ပါတီဖြစ်ပါကြောင်း၊ ပါတီတစ်ခုအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်   တစ်ခုတွင်စည်းရုံးမည့် ပါတီဟုရှိပြီး ထိုက်သင့်သည့် လူအင်အား၊ ထိုက်သင့်သည့် ငွေကြေးအင်အား၊   ထိုက်သင့်သည့် ရုံးခန်းများ၊ ထိုက်သင့်သည့် ပါဝင်ယှဉ်ပြိုင်နိုင်မှုရှိရမည် ဖြစ်သည့်အတွက် ထိုက်သင့်သည့်အတိုင်း သတ်မှတ်ရေးဆွဲထားပါကြောင်း၊   ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို သီးခြားတင်ရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အာမခံဝင်ခွင့်ကို တင်ရမည်ဖြစ်ကြောင်း၊ ယခင်ကလည်းတင်ရပါကြောင်း၊ ပါတီကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် တင်ပေးနိုင်သည့် ငွေပမာဏဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။ 

တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက လဝကမှ ပုံစံ( ၆၆/၆) ကို ကွန်ပျူတာ Software ဖြင့်ထည့်နေခြင်းများ ရှိကြောင်း၊ လဝကလုပ်ငန်းစဉ်ဖြစ်သည့် မှတ်ပုံတင်ထုတ်ပေးရေးကိုလည်း ကြိုးစား နေကြရကြောင်း၊ ဝန်ထမ်းအင်အားလည်း လုံလောက်မှုမရှိပါကြောင်း၊ UEC ရှိ ဝန်ထမ်းများက လဝကသို့ သွားရောက် အကူအညီပေးရန်   အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း (Pilot Project) မိမိတို့ ပထမဆုံးလုပ်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ပုံစံ(၆၆/၆)ရိုက်သည့် Project မတိုင်မီ ၂၀၂၁ ခုနှစ်ကတည်းက ပုံစံ(၆၆/၆)ရိုက်ခဲ့သည်မှာ ပြီးခဲ့သည့်နှစ်က ပြီးပြီဖြစ် ကြောင်း၊ ပြီးမှသာ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ယခုလည်း လုပ်ငန်းစဉ်အားလုံးပြီးပြီဖြစ်ကြောင်း၊ မိမိတို့တွေ့သည့် စာရင်းချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  စာရင်းချုပ်ပြီး ထွေအုပ်နှင့် လဝကတို့၏ စာရင်းနှစ်ခုအပေါ်တွင် မြေပြင်အခြေအနေ ပေါ်တွင် တွေ့ရသည့် မြေပြင်အခြေအနေကို သက်ဆိုင်ရာထွေအုပ်ကလည်း ထွေအုပ် စစ်ဆေးရမည့်အပိုင်း၊ လဝကကလည်း လဝကစစ်ဆေးရမည့်အပိုင်းကို မိမိတို့ ပေးပြီးဖြစ်ပါကြောင်း၊ ယခု Update လုပ်ရသည့် လုပ်ငန်းစဉ်ကို ရောက်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီးမေးသည့် လုပ်ငန်းစဉ် မရှိတော့ ပါကြောင်း၊ လဝကအနေဖြင့်လည်း မိမိလုပ်ငန်းစဉ်ကို ဆောင်ရွက်၍ရပါကြောင်း၊ မိမိတို့ပေးလိုက်သည့် စာရင်းချုပ်များ အပေါ်တွင်မူတည်ပြီး Feedback ရပါက မိမိတို့က Update လုပ်ပြီး   ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက သတင်းမီဒီယာအသီးသီးမှ NLD ပါတီကို အရေးယူရန်အစီအစဉ်ရှိ/မရှိ မေးလာခဲ့ပါကြောင်း၊ ယခု ၈၅ ပါတီစစ်ပြီး ၇ ပါတီကျန်သည်ဟု ပြောပါကြောင်း၊ NLD ပါတီက လာရောက်ငွေစာရင်းအစစ်မခံသည်မှာ ၃ လကျော်ပြီဖြစ်ကြောင်း၊ ကျန်သည့်ပါတီကို အရေးယူသည့် ရွေးကောက်ပွဲကော်မရှင်ကပြောသည်ကိုတွေ့ရပါကြောင်း၊  ပထမပိုင်းတွင် အမျိုးသား ရင်ကြားစေ့ရေး ဆိုပြီး  သတင်းမီဒီယာများက  စောင့်ကြည့်ခဲ့ပါကြောင်း၊ ယခုအခါ ရွေးကောက်ပွဲ ကျင်းပရန်လည်း တစ်နှစ်ခန့်သာရှိတော့ကြောင်း၊ တချို့ပါတီကြီး၊ ပါတီငယ်များက မိတ်ဖက်ပါတီများ ဖွဲ့ထားခြင်းရှိပါကြောင်း၊ မည်သို့လုပ်မည်ဆိုသည့် မိတ်ဖက်ပါတီများ ဆွေးနွေးရမည့် အခန်းများလည်း ရှိပါကြောင်း၊ အင်အားကြီးပါတီဟုပြောဆိုနေကြသည့် NLD ပါတီနှင့် SNLD ပါတီတို့က လာရောက်အစစ်ဆေးလည်းမခံ၊ ယင်းတို့ကို အရေးယူ/မယူကို ကျန်သည့်တိုင်းရင်းသားပါတီနှင့် ပါတီငယ်များက ယင်းတို့အတွက် ဒွိဟဖြစ်နေကြပါကြောင်း၊ မိမိမေးလိုသည်မှာ NLD ပါတီနှင့် SNLD ပါတီက ၃ လကျော်ကြာသည့်အထိ ငွေစာရင်းစစ် မခံသည်ကို အရေးယူမှုမရှိသည့်အတွက် သီးခြားကင်းလွတ်ခွင့် ဥပဒေပြဋ္ဌာန်းသလားဟု သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဥပဒေသီးခြားမရှိပါကြောင်း၊ သတ်မှတ် ထားသည့် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊    သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊   နည်းဥပဒေများရှိပါကြောင်း၊ ယင်းဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်နှစ်တာကာလအတွင်း ၈၀/၉၀ ရာခိုင်နှုန်းပြီးပြီဟပြော၍ ရပါကြောင်း၊ ၉၂ ပါတီတွင် ၈၅ ပါတီပြီးပြီဖြစ်ပြီး ၇ ပါတီကျန်ပါကြောင်း၊ ကျန်သည်များကို သတ်မှတ်ချက်အတိုင်း အကြောင်းကြားစာပို့ကြောင်း၊ လက်ခံရရှိကြောင်း၊ သတ်မှတ်သည့် အချိန်ကို ချိန်းဆိုပါကြောင်း၊ ၂၄(က)အရ အကြောင်းကြားပါကြောင်း၊ ပျက်ကွက်သည့် မြန်မာ့လူ့ဘောင်သစ်ပါတီကို တစ်နှစ် ယာယီရပ်ဆိုင်းခြင်းများရှိကြောင်း၊ အလားတူ NLD ပါတီသည် သတင်းထောက်ကြီး ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲကို မတက်ဖြစ်ခြင်းကြောင့် မသိခြင်းသာဖြစ်ပါကြောင်း၊ မိမိရှင်းပြခဲ့ပြီးဖြစ်ပါကြောင်း၊  NLD ပါတီကိုလည်း  ၂၄(က)အရ ၂၀၂၂ ခုနှစ်၊ မတ်လ   ၃၁ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် နောက်ဆုံးထားပြီး အစစ်ဆေးခံရန်   အကြောင်းကြားခဲ့ပါကြောင်း၊ သတ်မှတ်ရက်ဖြစ်သည့်   ဇွန်လ  ၃၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့ကာလအထိ မိမိတို့ တောင်ကြီးမြို့တွင်   စစ်ဆေးပြီးဖြစ်ပါကြောင်း၊ NLD ပါတီက  စစ်ဆေးပြီးဖြစ်ပြီး  သတင်းထောက်ကြီးမေးသည့် အထဲတွင်   NLD ပါတီကျန်ပါကြောင်း၊ NLD ပါတီမှ အစစ်ဆေးခံမည့်ပုဂ္ဂိုလ်များသည် ကိုယ်တိုင်ဖမ်းဆီးခံရ၊  ထွက်ပြေးတိမ်းရှောင်၊   ဆက်သွယ်မရဖြစ်နေခြင်းကြောင့် ကြာနေခြင်းဖြစ်ကြောင်း၊  မစစ်ဆေးဘဲ၊ အတည်မပြုဘဲ ဆောင်ရွက်၍ မရပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အချိန်အတိုင်းအတာ ရှိသော်လည်း    အချိန်ကန့်သတ်ချက်ထားခြင်းမရှိပါကြောင်း၊ ဆက်လက်စစ်ဆေးပြီး သက်ဆိုင်ရာဥပဒေ/နည်းဥပဒေနှင့် ငြိစွန်းပါက   ဥပဒေနှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍  တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မန်းဝင်းခိုင်သန်းတို့   ကျန်သည့် NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်များကြောင့် မိမိတို့နိုင်ငံ ယခုကဲ့သို့ ရင်ဆိုင်နေရပါကြောင်း၊ တိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်မရှိပါကြောင်း၊    ၎င်းတို့သည် နိုင်ငံခြားအမှီအခို ရှိပါကြောင်း၊ ပါတီတစ်ခု၊ ပါတီဝင်တစ်ဦးသည်  နိုင်ငံခြားအမှီအခို ကင်းရမည်ဟု ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ ယခု၎င်းတို့သည် နိုင်ငံခြားကိုမှီခိုနေပါကြောင်း၊   အဆိုပါ အချက်အလက်များကို မိမိတို့ပေးစရာ မလိုတော့ပါကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုအစိုးရနှင့်    နိုင်ငံသားအားလုံးလည်း သိပါကြောင်း၊ ယင်းကဲ့သို့ ရှိနေပါသော်လည်း    အဘယ်ကြောင့် အရေးမယူသည်၊ မည်သည့်အချိန်တွင် အရေးယူမည်ကို တိတိကျကျသိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းမှုကို ယခင်ကလည်း မေးမြန်းခဲ့ကာ ဖြေပြီးလည်းဖြစ်ပါကြောင်း၊  ယင်းသဘောကိုလည်း    မိမိတို့သိပါကြောင်း၊ သို့သော်လည်း အတည်ပြုရန်လိုပါကြောင်း၊ အတည်ပြုရာတွင် လက်ရှိအချိန်မှာ  ပါတီဝင်ဖြစ်/မဖြစ် မိမိတို့ အတည်ပြုနိုင်ရန် လိုပါကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင်   အတည်ပြုပြီးမှသာ မိမိတို့ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းသည် ပါတီဝင် ဟုတ်၊ မဟုတ် မိမိတို့ ဆုံးဖြတ်စရာအကြောင်း ရှိလာပါကြောင်း၊ မိမိတို့အနေဖြင့် ပါတီတစ်ခုကို ဖျက်သိမ်းသည်ဆိုရာတွင် ကော်မရှင်စုံညီအစည်းအဝေးက ဆုံးဖြတ်မည်ဖြစ်ပြီး ယခုအချိန်ထိ ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိပါကြောင်း၊ သို့သော်လည်း   အားလုံး၏   ဖြစ်ပေါ်တိုးတက်မှု အနေအထားများပေါ်တွင် မူတည်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊UEC အနေဖြင့် ဥပဒေ/နည်းဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတိုးတက်ကောင်းမွန်အောင် ရည်ရွယ်ပြီး  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News သတင်းဌာနမှ   ထုတ်လုပ်သူ ဦးသွင်ထူးအောင်က UEC  က နိုင်ငံရေးပါတီများကို ပြည်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်တွေ့မည်ဆိုပါက ကြိုတင် ခွင့်ပြုချက်တောင်းခံပြီးမှ တွေ့ရမည်ဆိုသည့် ညွှန်ကြားချက်ကို    အဘယ်ကြောင့် ထုတ်ပြန်ရသည်၊    ညွှန်ကြားရသည်ကို သိလိုပါကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကို နိုင်ငံရေးပါတီ များဘက်ကလည်း ကန့်ကွက်မှုများ ရှိပါကြောင်း၊    ညွှန်ကြားချက်နှင့် ပတ်သက်ပြီး မည်သို့ ဆက်လုပ်မည်၊UEC ကပါတီများကို ယခုကဲ့သို့ ကန့်သတ်ခြင်းသည် ရွေးကောက်ပွဲဥပဒေ၏ မည်သည့် ပုဒ်မနှင့်အညီ   ညွှန်ကြားချက်ထုတ်ပြန်သည်၊ အခြေခံဥပဒေနှင့်ကြည့်ပါက မည်ကဲ့သို့ ညီညွတ်မှုရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC အနေဖြင့် နိုင်ငံရေးပါတီများကို သြဂုတ် ၁၁ ရက်နေ့က ညွှန်ကြားချက် ၁ စောင်ထုတ်ပြန်ခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီအားလုံးကို ဖြစ်ပါကြောင်း၊ အကြောင်းအရာမှာ နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပါတီများတွေ့ဆုံသည့် ကိစ္စနှင့်ပတ်သက်ပြီး အကြောင်းကြားခြင်း ဖြစ်ပါကြောင်း၊  ဦးစွာရှင်းရှင်းလင်းလင်း ပြောလိုသည်မှာ  နိုင်ငံရေးပါတီများက နိုင်ငံခြား အဖွဲ့အစည်း၊   ပုဂ္ဂိုလ်များနှင့် မတွေ့ရဟုပြောခြင်း မဟုတ်ပါကြောင်း၊ သို့သော်လည်း စည်းမျဉ်း စည်းကမ်းနှင့်အညီ    ဆောင်ရွက်ရန်ဖြစ်ကြောင်းကို ကနဦးပြောလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၀၉  နိုင်ငံရေးပါတီများ အခန်း(၁၀) ၏နောက်ဆုံးပုဒ်မတွင် နိုင်ငံရေးပါတီများနှင့် ပတ်သက်၍   ဥပဒေ/နည်းဥပဒေ ထုတ်ပြန်ရမည်ဟု ပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း(၄)၊ ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပုဒ်မ ၁၀(ဌ)တွင် နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းသည်   မိမိတို့ကော်မရှင်၏    တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့်အတူ   နိုင်ငံရေးပါတီကို ကြီးကြပ်ရမည်၊ အလားတူ ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ကြီးကြပ် စေနိုင်သည်ဟု တစ်ခုရှိပါကြောင်း၊ ယင်းသည်  ကော်မရှင်ဥပဒေဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၃ တွင်    ပြဋ္ဌာန်းထားခြင်းရှိပါကြောင်း၊   ကော်မရှင်သည်  ပါတီများကို တည်ဆဲဥပဒေ၊  နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း၊    အမိန့်ကြော်ငြာစာ၊  အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်နိုင်သည်ဟု  ဆိုထားပါကြောင်း၊ တည်ဆဲဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ)နှင့် ပုဒ်မ ၄၀၇ နှင့် ပုဒ်မ ၄၀၈ တို့အရ နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းတစ်ခုခု  သို့မဟုတ်  ပုဂ္ဂိုလ်တစ်ဦးဦးထံမှ    ငွေကြေးအထောက်အပံ့ ပစ္စည်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူခြင်း  သြဇာခံယူခြင်းများ ပြုလုပ်ပါက ပယ်ဖျက်ရမည်ဖြစ်ကြောင်း၊  နိုင်ငံခြားတိုင်းပြည်၏ အစိုးရ၊ ဘာသာရေး အဖွဲ့အစည်း၊ အခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့၏   ငွေကြေးပစ္စည်း အထောက်အပံ့ တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေရယူခြင်း၊ သြဇာခံခြင်း၊ အဆိုပါပြဋ္ဌာန်းချက်သည် သိမ်မွေ့နူးညံ့ပြည့်စုံပါကြောင်း၊ ထိုအချက်အလက်များနှင့် ငြိစွန်းလာနိုင်သည့်ကိစ္စများ ဖြစ်နေသဖြင့် ကော်မရှင်က ယင်းဥပဒေနှင့်အညီ ကြပ်မတ်ညွှန်ကြားရန်အတွက် ဥပဒေနှင့်အညီထုတ်ပြန်ခြင်း ဖြစ်ပါကြောင်း၊ ယင်းကိစ္စများ ဆောင်ရွက်နိုင်ရန် အလို့ငှာ  ကြီးကြပ်နိုင်ရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊  ထို့ကြောင့် သက်ဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီသည့် ညွှန်ကြားချက်ဖြစ်ပါကြောင်း၊ မတွေ့ရဟုမဆိုလိုဘဲ ကြိုတင်အသိပေးပြီး ခွင့်ပြုချက်အရ ဆောင်ရွက်ရန်၊ ကော်မရှင်ကလည်း စိစစ်ပြီး   သင့်တော်သည့် အစီအစဉ်ဖြင့် ခွင့်ပြုပေးမည်ဟု ပါရှိပါကြောင်း၊ အဘယ်ကြောင့်လုပ်ရသည်ကို သာဓကဖြင့် ပြောရမည်ဆိုပါက   ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် ဒေါ်လာ ၄၆ သန်း ရွေးကောက်ပွဲအတွက်  ကူညီထောက်ပံ့သည်ဟူ၍ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်များ ရှိပါကြောင်း၊     မိမိတို့ကော်မရှင်ကမသိပါကြောင်း၊ တချို့ရသော်လည်း တချို့   မရသည့်အပိုင်းများ ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ UEC အသစ်ရောက်ရှိချိန်တွင်   IRI က ငွေလွှဲပေးကြောင်း၊ မိမိတို့နိုင်ငံ ဘဏ်ကို ရောက်ရှိပါကြောင်း၊ ပါတီများနှင့်သက်ဆိုင်သည် UEC ဖြစ်သည့်အတွက် UEC ကို ငွေထုတ်ပေးရမည်လားဟု မေးခဲ့သည်များရှိခဲ့ပါကြောင်း၊ ပါတီများကို ထောက်ပံ့ခြင်းသည်လည်း    မည်သည့်ပါတီကိုထောက်ပံ့သည် မပါရှိခြင်း၊ ပါတီကလည်း အထောက်အပံ့များရယူပါက အထက်ပါ ဥပဒေများနှင့်လည်း    ငြိစွန်းနိုင်သည့်အတွက် မိမိတို့ Recommend မပေးခဲ့ပါကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ရပ်များ ရှိခဲ့ကြောင်း၊ လိုအပ်ချက်အရ   တွေ့သည့်နေရာတွင် တွေ့ဆုံမှုအရ ပါတီ ၈၀ ရှိလျှင် ၈၀ လုံးဖြင့်တွေ့ခြင်း မဟုတ်ပါကြောင်း၊ ပါတီ ၃/၄ ပါတီနှင့်သာတွေ့သည့်အတွက် ယင်းပါတီများသည် အထက်ပါပြဋ္ဌာန်းချက်များနှင့် ငြိစွန်းဖွယ်ရာ အကြောင်းခြင်းရာများကို    သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်  ယင်းကိစ္စများကို မျှော်ကိုးပြီး နိုင်ငံရေးပါတီများအတွက်  Save ဖြစ်ရန်၊ ပိုပြီးစနစ်တကျဖြစ်ရန်၊ နိုင်ငံတော်အတွက်လည်း ဥပဒေ/ နည်းဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်ရန်၊   ကော်မရှင်အနေဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ရန် ယင်းညွှန်ကြားချက်ကို  ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဂျာနယ်မှ CEO ဦးမိုးဟိန်းက မိမိအနေဖြင့် အပိုင်း (၃)ပိုင်းဖြင့် မေးလိုကြောင်း၊ ပထမဆုံးမေးလိုသည်မှာ PDF အပါအဝင် မြန်မာလူငယ် ထုကြီးတစ်ရပ်လုံးနှင့် ပတ်သက်၍ မေးလိုကြောင်း၊ ထိုသို့ဆိုရာတွင် PDF အားလုံးကို မိမိမဆိုလိုဘဲ PDF အသုံးချခံလူငယ်များမှာ လူတစ်ရာတွင် သုံးယောက်ခန့်သာရှိကြောင်း၊ ကျန်ရှိသည့် ၉၇ ယောက်ခန့်သောလူငယ်များမှာ ရန်ကုန်၊  မန္တလေး၊ စင်ကာပူ၊ ထိုင်းမြေပေါ်တွင် အခြေအနေအားလုံးကို စောင့်ကြည့်နေကြောင်း၊ မြန်မာလူငယ်များ မည်သို့ဆက်လက် လုပ်ဆောင်ရမည် ဆိုသည်ကို လမ်းပျောက်နေကြောင်း၊ PDF မှာ သုံးရာခိုင်နှုန်းထက် မပိုကြောင်း၊ မိမိအနေဖြင့်     မြန်မာလူငယ်များကို Message ပေးလိုသည်မှာ ၁၉၈၈ အရေးတော်ပုံတွင် ကျောင်းသားလူငယ်၊ မြန်မာလူငယ်များကို NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က မည်သို့အသုံးချခဲ့သည်ကို မိမိကိုယ်တွေ့ဖြစ်ရပ်များကို    အခြေခံ၍ ဖွင့်ချပြောကြားလိုကြောင်း၊  ၈၈ အရေးတော်ပုံဖြစ်နေသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံကို ပြန်ရောက်လာသည့်အချိန် မိမိအပါအဝင် ကျောင်းသားများဆင်နွှဲနေသည့် ကျောင်းသားသပိတ်နှင့် ၈၈ အရေးတော်ပုံကြီးတို့ဖြင့်  တည့်တည့်တိုးသွားပြီး မိမိတို့က ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ခဲ့ကြောင်း၊ ထိုသို့ ခေါင်းဆောင်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း၊  ၎င်းင်း၏အရည်အချင်းရှိခြင်းတို့ကြောင့်  မိမိတို့ ကျောင်းသား၊ ရဟန်းရှင်လူများက ဝိုင်းဝန်းတင်မြှောက်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဆိုတာ ဖြစ်လာခဲ့ရကြောင်း၊    ထိုအချိန်ကာလတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးအောင်၊   ဗိုလ်ရဲထွဋ်၊ ဝိဓူရသခင်ချစ်မောင်၊    ဦးသုဝေတို့ရှိကြောင်း၊   တိုင်းပြည်၏ အနာဂတ်ကို မျှော်မှန်းနိုင်သည့်    ခေါင်းဆောင်များရှိပါလျက်  ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သာလျှင်    ကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်သင့်သည်ဟု ယုံကြည်ကာ မိမိအပါအဝင်  အားလုံးက ဝိုင်းဝန်း ထမ်းတင်ခဲ့ကြောင်း၊   ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်    NLD ပေါ်ပေါက်လာပြီး ၈၈ အရေးတော်ပုံနှင့်ဒီမိုကရေစီတော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့်  NLD ပါတီကမောင်ပိုင်စီးပြီး မိမိတို့အားလုံး မှေးမှိန်ပျောက်ကွယ်သွားကာ မိမိတို့အားလုံး အရှင်းခံခဲ့ရကြောင်း၊ ၎င်းတို့အစိုးရဖြစ်ချိန်တွင်   သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောကြားခဲ့သည်မှာ အခုအချိန်ကျွန်မတို့ လိုနေတာက ပန်းပုဆရာတွေပါ။ သစ်ခုတ်သမားတွေ မလိုအပ်တော့ဘူး ဟုပြောခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သူရိယနေဝန်းဂျာနယ်တွင် သစ်ခုတ်သမားငခါး ဆိုသည်နှင့် ဆောင်းပါးများစွာ ရေးသားခဲ့ကြောင်း၊ မိမိတို့ကို မည်သို့အသုံးချခံခဲ့ရသည်ကို ပြောလိုကြောင်း၊ ၈၈ အရေးတော်ပုံဖြစ်ပြီး    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က  နိုင်ငံရေးပါတီ ထူထောင်ခွင့်ပေးသည့်အချိန်တွင်  ြီူ ပါတီသည်   အကြီးဆုံးပါတီ ဖြစ်လာပြီး ဒုတိယအကြီးဆုံးပါတီမှာ မိမိတို့လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီဖြစ်ကြောင်း၊ NLD ပါတီအင်အားသည် ငါးသန်းကျော်ခန့်ရှိပြီး မိမိတို့ပါတီမှာ အင်အားတစ်သန်းကျော်ခန့် ရှိကြောင်း၊ မိမိတို့ ပါတီအနေဖြင့် ပါတီရုံး ခန်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိုးသီးဇွန်တို့ပြဿနာတက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိအား ၎င်း၏နေအိမ်တွင် မိုးသီးဇွန်နှင့် ပတ်သက်သည့် စာတစ်စောင်ထုတ်ရန် တာဝန်ပေးခဲ့ကြောင်း၊ မိမိတို့ပါတီဥက္ကဋ္ဌအား အထွေထွေ အတွင်းရေးမှူးမိမိက ပြန်ပြီးရှင်းရမည့် ပွဲဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသည့်အတွက် ၎င်း၏ညွှန်ကြားချက်အရ   စာအုပ်တစ်အုပ်ထုတ်ခဲ့ကြောင်း၊ မိုးသီးဇွန် (သို့မဟုတ်) ကြိုးမဲ့လေတံခွန် ဆိုသည့်စာတမ်းကို ရေးသားခဲ့ကြောင်း၊ ၎င်းစာတမ်းကြောင့် မိမိတို့ပါတီနှစ်ခြမ်းကွဲခဲ့ရပြီး ပါတီမှာ ယနေ့အချိန်အထိ ပျောက်ကွယ်ခဲ့ရကြောင်း၊   ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့အချိန်တွင် မိမိအနေဖြင့် ယခုအချိန်တွင် ဖွင့်ချပြသင့်သည်ဟုထင်၍ ဖွင့်ချခဲ့ရခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏    ကြိုးကိုင်စွက်ဖက်မှုကြောင့် မိမိတို့ပါတီ ပြိုကွဲခဲ့ရကြောင်း၊ မိမိတို့ပါတီ မြေပေါ်တွင်မရှိတော့သည့်အတွက်NLD ပါတီသည် ပြိုင်ဘက်မရှိသည်အထိ အင်အားကြီးခဲ့ပြီး တစ်ခုတည်းသော ပါတီဖြစ်လာခဲ့ကြောင်း၊    ထို့ပြင် NLD သည် လူထောက်ခံမှုများသည့် ပါတီလည်း ဖြစ်ခဲ့ကြောင်း၊   ပါဂျောင်တွင် ထွန်းအောင်ကျော်အပါအဝင်  တောခို သွားသည့်ကျောင်းသားများ  အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ မိမိတို့တင်ပြခဲ့ သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ အလားတူ ဦးနုမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းပေးရန်  မိမိအား ဦးမျိုးညွန့်၏ ရှေ့တွင်   ပြောကြားပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ဦးနုကို လက်မခံခဲ့ကြောင်း၊ ထို့အတူ ဦးသုဝေ၊ ဝိဓူရ သခင် ချစ်မောင်၊     ဗိုလ်ရဲထွဋ်တို့ အားလုံးကို မည်သူ့ကိုမှလက်မခံဘဲ ငါတကောကော လာသည့်အချိန်တွင် ၈၈ တစ်ခုလုံးကို ငါတကောကောပြီး အကုန်လုံးကိုဖယ်ရှား သောကြောင့် မိမိတို့အနေဖြင့် ဘုရားပြီး၍ ငြမ်းဖျက် ခံခဲ့ရသည့်ဘဝကို ရောက်ခဲ့ကြရ ကြောင်း၊    ဗိုလ်မှူးကြီးဟောင်းချစ်ခိုင် နေအိမ်တွင် မိမိအပါအဝင် သခင်တင်မြ၊ ဗိုလ်ရဲထွဋ်၊   ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဦးလွင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထိန်းကြမလဲ၊ ဒေါ်အောင်ဆန်းစုကြည်က ငါတကောကောပြီး ဆက်သွားရင် တိုင်းပြည်ဒုက္ခရောက်တော့မယ်ဆိုတာကို လျှို့ဝှက် အစည်းအဝေးလုပ်ကြကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လက်ရှိသက်ရှိ ထင်ရှားရှိနေသည့်   သူရဦးတင်ဦးအား မေးကြည့်၍ရကြောင်း၊ မိမိကို ထောက်လှမ်းရေးမှ  မှားယွင်းဖမ်းဆီးသည့်အချိန်တွင် မိမိအားထောင်မှ လွှတ်ပေးရန် ဗိုလ်ချုပ် အောင်ရွှေမှ ဗိုလ်ချုပ်ခင်ညွန့်ကိုတင်ပြရာ တွင် အကြောင်းအမျိုးမျိုးကြောင့် ထောင်မှ မလွှတ်ခဲ့သည့်အတွက်   မိမိတို့ပါတီကို ပြန်လည်မထိန်းနိုင်တော့ဘဲ NLD ကိုထိန်းနိုင်သည့် တစ်ခုတည်းသော ကျောင်းသား ပါတီပျောက်ကွယ်ခဲ့ရကြောင်း၊ ထိုအချက်များသည် မိမိတို့ကို အသုံးချခံခဲ့ရသည့် အချက်များသာ ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ ပြည်ပသို့    ထွက်သွားမည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တိုင်ပင်ရာတွင် မထွက်သွားဘဲ မြန်မာပြည် အတွင်းနေ၍   အဖမ်းခံရန်ညွှန်ကြားခဲ့ကြောင်း၊ မိမိတို့ကိုမည်သည့် ခေါင်းဆောင်မှုမျှမပေးနိုင်ဘဲ မိမိတို့ ၈၈ တစ်ခုလုံး ကြေမွပျောက်ကွယ်သွားပြီး အားလုံး သစ်ခုတ်သမားများ ဖြစ်ခဲ့ခြင်းကြောင့် ၈၈ မျိုးဆက်များအားလုံးကိုယ်စား ယခုကဲ့သို့ မိမိအနေဖြင့် ဖွင့်ချပြခြင်းဖြစ်ကြောင်း၊ NLD အာဏာရလာသည့်အချိန်တွင်   ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တစ်ဆုပ်စာလူတစ်စုမှ NLD နှစ်ပေါင်း ၅၀/၁၀၀ အထိ ဆက်လက်အာဏာရရှိရေးဆိုသည့် မဟာဗျူဟာချမှတ်ပြီးသည့်အခါတွင် လုပ်သင့်လုပ်နိုင်သည့် အရည်အချင်းရှိသည့် ရဟန်းရှင်လူ ကျောင်းသားများအားလုံးသည် ဘေးရောက်၊ တောထဲရောက်ပြီး ပြည်ပြေးများ ဖြစ်ကာ သေသူသေ၊ ကိုယ်ဖြစ်ကိုယ်ခံအဖြစ်နှင့် တစ်ဖန်ပြန်ဖြစ်လာပြီး NUG ပြန်ဖြစ်လာကြောင်း၊ NUG ၏ကြိုးကိုင်မှု၊ NLD အစွန်းရောက်များ၏ ကြိုးကိုင်မှုကြောင့် PDF လူငယ်များနှင့် မြန်မာလူငယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NUG Virus ထိနေသည်ဟုပြောလိုကြောင်း၊ ထို Virus ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တစ်နိုင်ငံလုံးရှိလူငယ်များသည်   ကျော်မကောင်း၊ ကြားမကောင်းအောင် စစ်ကိုင်း  တံတားထိပ်တွင် ရုပ်ရှင်ထဲကကဲ့သို့ သေနတ်ဖြင့် ခံပစ်မှုများဖြစ်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်  NUG? NLD Virus ၏ Effect များသာဖြစ်ကြောင်း၊ ထို့ကြောင့် ထို Virus ကိုချေမှုန်းရန် Virus ကို virus နှင့် တူသည့်အရာကို ပြန်လည်ဖန်တီးပြီး Anti NLD ၊ Anti NUG၊ Anti Virus တစ်ခုပြန်လည် တည်ဆောက်ရန်လိုမည်ဟု မိမိအနေဖြင့်အကြံပြုလိုကြောင်း၊ ဖိတ်ခေါ်နေရုံမျှဖြင့် မရနိုင်ကြောင်း၊ မောင်မောင်ခေါ်၍ ဗျာမထူးလျှင် အောင်ကျော်ခေါ်ရန်လိုမည် ဖြစ်ကြောင်း၊  ထို့ကြောင့် Anti Virus ပြန်လည်ဖန်တီးရန်လိုမည်ဖြစ်ကြောင်း၊ မိမိတို့ ၈၈ မျိုးဆက်သစ်ကြီးတစ်ခုလုံး အသုံးချခံခဲ့ရသကဲ့သို့ ယနေ့ကာလ၌ မြန်မာလူငယ်များအနေဖြင့်  တောထဲတွင် ဘာလုပ်ရမည်ကိုမသိဖြစ်နေကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် Virus ၊ NUG ၊ NLD Virus ကို ပျောက်ကွယ်သွားစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူငယ်ထုကို ပြန်လည်စည်းရုံးကာ လူငယ်ထုကိုအားကိုယူပြီး ယင်း Virus များကို ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းတစ်ခုလိုအပ်နေသည်ကို အကြံပြုလိုကြောင်း၊ ထို့ကြောင့် နောင်တွင် မိမိတို့ကို ၈၈ တွင် အသုံးချခံခဲ့ရသကဲ့သို့ လက်ရှိမြန်မာလူငယ်များ   အသုံးချခံရမည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူငယ်ကွန်ဗင်းရှင်းများ၊ လူငယ်ညီလာခံများ၊ လူငယ်တွေ့ဆုံပွဲများ၊   လူငယ်နိုင်ငံရေး ပါတီများ   ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လူငယ်များနှင့်ပတ်သက်ပြီး ၈၈ အရေးအခင်းကာလတွင် ကျောင်းသားများကို အသုံးချခံခဲ့ရသည်များနှင့်ပတ်သက်၍ ကိုယ်တွေ့အတွေ့အကြုံများကို ပြောပြခဲ့သည့်အတွက် ကျေးဇူးတင်ရှိသည်ကို ပြောလိုကြောင်း၊ NLD ပါတီအထဲတွင်   လက်ရှိအချိန်အထိ စေ့စပ်ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းကို သွားလိုသူများရှိနေကြောင်း၊ ၎င်းတို့ကိုယ်တိုင် ၈၈ မျိုးဆက်သစ်က ကျန်ရစ်ခဲ့သူများ ဖြစ်ကြောင်း၊ ၎င်းတို့ပြောကြားချက်အရ NLD ပါတီအထဲတွင် ဖေဖော်ဝါရီ  ၁ ရက်နေ့နောက်ပိုင်း NLD ပါတီအတွင်းမှ တောထဲရောက်သွားသူများ၊ အစိုးရဆန့်ကျင်နေသူများမှ ၈၀ ရာခိုင်နှုန်းခန့်သည်  ၂၀၁၂ နောက်ပိုင်းတွင်  NLD ပါတီအတွင်းရောက်ရှိလာသူများဖြစ်သည်ဟုသိရကြောင်း၊ NLD ပါတီမှ ယခင်ကတည်းက သန္ဓေပါတီဝင်အများစုသည် ပြည်တွင်းမှာသာရှိနေကြပြီး ၎င်းတို့အနေဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး လမ်းကြောင်းကိုသာ ယခင်ကတည်းကယုံကြည်ခဲ့ပြီး  လက်ရှိအချိန်အထိ ကိုင်စွဲနေကြသူများဖြစ်သည်ဟု သိရကြောင်း၊ ကိုယ်စားလှယ်များ၏ လေးပုံသုံးပုံခန့်သည် ငြိမ်းချမ်းစွာနေလိုသည်ဟု လက်မှတ်ရေးထိုးပြီး  ကျန်ခဲ့သူများဖြစ်ကြောင်း၊ ထိုသို့ပြောရခြင်းသည် ဦးမိုးဟိန်းပြောသည့်     အချက်အလက်များမှာ မှန်ကန်သည် ကို မိမိအနေဖြင့် ထောက်ခံထောက်ပြသည့် အကြောင်းအရာများကို ပြောခြင်းဖြစ်ကြောင်း၊ လူငယ်များနှင့် ပတ်သက်၍ နိုင်ငံရေးအပိုင်းထက် ပညာရေးပိုင်းနှင့် အသိပညာတိုးတက်ရေးအပိုင်းတို့တွင် လက်တွေ့ လုပ်ဆောင် နေကြောင်း၊ ကျောင်းသားလူငယ်များနှင့်ပတ်သက်ပြီး   ပညာရေးသာမက အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊  စက်မှုလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ နိုင်ငံ့အရေးပိုင်း အပိုင်းတွင် လုပ်ဆောင်မှုအားနည်းသည်ကို မိမိအနေဖြင့်ဝန်ခံကြောင်း၊  ယင်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၊ လူငယ်ရေးရာကို ကိုင်တွယ်သည့်အဖွဲ့အစည်း အဆင့်ဆင့်တို့ကလည်း မှန်ကန်သည့် နိုင်ငံ့အရေး၊ မှန်ကန်သည့် အမျိုးသားရေးတို့တွင် မှန်ကန်သောလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန်   ဆက်လက် တိုက်တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဂျာနယ်မှ CEO ဦးမိုးဟိန်းက လက်ရှိ တိုင်းပြည်ကိုဆူပူအုံကြွစေရန်လုပ်ဆောင်နေသည့် NUG မှ ဦးဆောင်သူများဖြစ်သည့် ရည်မွန်၊ ဆာဆာ၊ ဇော်ဝေစိုး၊ ပန်ဆယ်လို၊ မျိုးရန်နောင်သိန်း၊ မင်းမော်ကွန်း  အစရှိသည့်သူများသည် ပြည်ပတွင်ရောက်ရှိနေပြီး   ၎င်းတို့၏မိသားစုဝင်   သားသမီးများမှာလည်း ပြည်ပတွင်  ကျောင်းတက်နေကြကြောင်း၊  သို့သော် ပြည်တွင်းတွင် ကျောင်းတက်နေသည့်ကလေးများအား ကျောင်းမတက်ရန်၊ ကျောင်းများပိတ်ရန်  ဝါဒဖြန့်လှုံ့ဆော်နေကြကြောင်း၊ ထို့အတူ ခေတ်အဆက်ဆက် NLD နှင့် လက်ရှိ NUG ခေါင်းဆောင်များ၏ သားသမီးများသည်   ပြည်ပတွင် ကောင်းစားနေပြီး မည်သူ၏သားသမီးသည် မည်သည့်နိုင်ငံ၊ မည်သည့်ကျောင်းတွင် တက်နေသည်ကို ပြည်သူများသိရှိစေရန် ဓာတ်ပုံနှင့်တကွ  ဖော်ပြထုတ်ပြန်ပေးစေလိုကြောင်းဖြင့်    အကြံပြုပြောကြားသည်။

Bullet News ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက    ပန်းခင်းစီမံချက်ဖြင့် တစ်နိုင်ငံလုံးတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)များကို စီမံချက်ဖြင့် ပြုလုပ်ပေးနေသည်မှာ အောင်မြင်နေသည်ဟုကြားသိရကြောင်း၊ အလားတူ လယ်ယာမြေနှင့် ပတ်သက်ပြီး ပုံစံ-၇ မရရှိသေးသည့် ပြည်သူများစွာရှိသည်ဟုသိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပုံစံ-၇ မရသေးသည့် တောင်သူများကို ပုံစံ-၇ ထုတ်ပေးရန် စီမံချက်တစ်ခုချမှတ်၍ လုပ်ဆောင်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းလိုကြောင်းနှင့် နောက်ထပ်မေးခွန်းတစ်ခုမှာ နေပြည်တော်ကောင်စီနယ်မြေ   ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ သီရိမင်္ဂလာကျေးရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကတည်းက တည်ထားသည့်ကျေးရွာဖြစ်သည်ဟု သိရကြောင်း၊ ယင်းကျေးရွာတွင် အိမ်ခြေ အများအပြားရှိပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများလည်းရှိကြောင်း၊ ယင်းကျေးရွာသည် လက်ရှိတွင် သစ်တောကျူးအနေဖြင့်သာရှိနေပြီး  ကျေးရွာအဖြစ် သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊  ထိုကျေးရွာနှင့်ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ခံတင်ပြထားကြောင်း၊   အဆိုပါ ကျေးရွာအား ကျေးရွာအဖြစ်သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုကြောင်း၊ အလားတူ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများနေထိုင်ရန်အတွက် ဆောက်လုပ်ပြီးရောင်းချပေးနေသည့် သုခဝတီအိမ်ရာသည် လက်ရှိတွင် လေးထပ်၊ ငါးထပ် တိုက်အလုံး ၂၀/၃၀ ခန့်ဆောက်လုပ်ပြီး လူဦးရေ ၇၀၀ ခန့် လက်ရှိနေထိုင်လျက်ရှိကာ နောက်ထပ်လူဦးရေ ၁၀၀၀ ခန့် ထပ်မံရောက်ရှိနေထိုင်လာနိုင်သည်ဟုသိရကြောင်း၊ လက်ရှိတွင် ယင်းအိမ်ရာတွင် နေထိုင်သူများ၏ အုပ်ချုပ်မှုနှင့်ပတ်သက်ပြီး အမြန်လမ်းအနောက်ဘက်ရှိ ဒိုးနွယ်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာများ ပြုလုပ်ခြင်းများ လုပ်ဆောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ  သုခဝတီအိမ်ရာအား ရပ်ကွက်အဖြစ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်းနှင့်    နောက်ဆုံးမေးခွန်းတစ်ခုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးရမိ လက်နက်များသည် KIA ထုတ်များဖြစ်နေခြင်း၊ အလားတူ သြဂုတ်လ   ၁၆ ရက်နေ့၌ KIO အတွင်းရေးမှူးက အင်တာဗျူးတစ်ခုတွင် ၎င်းတို့အနေဖြင့်  နိုင်ငံတော်အစိုးရကို ပုန်ကန်တိုက်ခိုက် နေသူအားလုံးကို ၎င်းတို့အနေဖြင့် ထောက်ပံ့ရန် မူဝါဒချထားကြောင်း၊ နည်းမျိုးစုံနှင့်ထောက်ပံ့မည်ဖြစ်ကြောင်း၊ ယခင်ကတည်းကလည်း   ထောက်ပံ့နေကြောင်း   ဝန်ခံပြောကြားသွားသည်ကို ကြားသိခဲ့ရကြောင်း၊ လက်ရှိ ဖမ်းဆီးရမိလက်နက်များမှာ KIA ထုတ်လက်နက်များဖြစ်ကြောင်း၊  ထို့ကြောင့်    KIA လိုင်ဇာဌာနချုပ်ကို     မတိုက်သေးဘူးဆိုလျှင်ပင်  ၎င်းတို့၏လက်နက်စက်ရုံအား ဗုံးကြဲသင့်သည်ဟု    မိမိထင်မြင်ကြောင်း၊ ထို့ကြောင့် ဗုံးကြဲတိုက်ခိုက်ရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပုံစံ-၇ နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေနှင့်ပတ်သက်၍ ဦးစွာပြော ကြားလိုကြောင်း၊ ၂၀၁၃ ခုနှစ်မှ စတင်၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ထုတ်ပေး နိုင်ရေး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင်   စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် မြို့နယ်ပေါင်း ၃၀၁ မြို့နယ်၊ တောင်သူ လယ်သမား ၆ ဒသမ ၁၉ သန်းကျော်နှင့် ဦးပိုင် ၁၀ ဒသမ ၀၈ သန်းကျော်လျာထား ခဲ့ကြောင်း၊ စတင်ဆောင်ရွက်ခဲ့ချိန်တွင် လျှောက်လွှာပုံစံ(၁)ဖြင့်  တောင်သူများ ကိုယ်တိုင်လာရောက်ထုတ်ယူခဲ့ရာ ၆ ဒသမ  ၄၂ သန်းအထိဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပုံစံ-၇  ပြန်လည်ထုတ်ပေးပြီးစီးမှုမှာ တောင်သူပေါင်း ၆ ဒသမ ၁၄ သန်း၊ ဦးပိုင်ပေါင်း ၁၀ ဒသမ ၁၁ သန်း၊ ရာခိုင်နှုန်းအား ဖြင့် ၉၉ ဒသမ ၂၇ ရာခိုင်နှုန်းအထိ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့်တောင်သူ များမှာ ငါးသောင်းကျော်ခန့်ကျန်ရှိခဲ့ပြီး ဦးပိုင်ပေါင်း ခုနစ်သောင်းခန့်ကျန်ရှိခဲ့သဖြင့် ကျန်ရှိမှုအနေဖြင့် သုည ဒသမ ၇၃ ရာခိုင် နှုန်းကျန်ရှိကြောင်း၊ ကျန်ရှိခဲ့သူများသည် နယ်မြေဒေသအခြေအနေအရသွားရောက် ရန်မရခြင်း၊ ခက်ခဲခြင်း၊ မြေယာအငြင်းပွားမှု များရှိခြင်း၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံ သားခွင့်ပြုကတ် မရရှိခြင်းများ၊ လယ်ယာ မြေပိုင်ဆိုင်ထားသည့် အိမ်ထောင်သားစု အကြီးအကဲမှာ မြေတည်ရှိရာဒေသတွင် နေထိုင်မှုမရှိဘဲ အခြားဒေသတွင်ရောက်ရှိ နေပြီး ယခုအချိန်တိုင် လာရောက်၍ လျှောက်ထားမှုမရှိခြင်း စသည်ဖြင့်စစ်ဆေး

တွေ့ရှိရကြောင်း၊ ပုံစံ-၇သည် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံပါ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ  အပ်နှင်းထားသော လုပ်ငန်းတာဝန်မဟုတ် ကြောင်း၊ သို့သော် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေအရအပ်နှင်းထားသည့် လုပ်ငန်းတာဝန်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပုံစံ-၇ ထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းခြင်းအပါအဝင် စုံညီအဖွဲ့ အစည်းများနှင့် လုပ်ဆောင်ရသည့်လုပ်ငန်း ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းသည် ပန်းခင်းစီမံချက်နှင့် သဘော သဘာဝမတူညီကြောင်း၊ ပုံစံ-၇ နှင့်ပတ်သက်၍ ပွင့်လင်းစွာပြောရ လျှင် တချို့ကိစ္စများတွင်  မသမာမှုများ ရှိနေသည်ဟု သိရှိရကြောင်း၊ ယင်းမသမာမှုဟုဆိုရာတွင် လျှောက်ထားသူနှင့် ချပေးပိုင်ခွင့်ရှိသူတို့ နှစ်ဖက်စလုံးတွင် မသမာမှုများ ရှိနေသည်ဟုသိရကြောင်း၊ ယင်းကိစ္စ များကို စစ်ဆေးနေရသည့်အတွက် ကြန့်ကြာမှုများရှိနေခြင်း ဖြစ်ကြောင်း၊ စီမံချက်အနေ ဖြင့် လောလောဆယ်လုပ်ဆောင်ရန် အစီ အစဉ် မရှိသေးကြောင်း၊ သို့သော် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပေါ် လာသည့်အခြေအနေပေါ်မူတည်ပြီး ထည့် သွင်းစဉ်းစားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ဒက္ခိဏ သီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စုမှ ကျေးရွာအဖြစ် သတ်မှတ်ပေးရန်အဆိုပြုထားသည့် နေရာသည် ယခင်ကတည်းက သစ်တော မြေအထဲတွင် ပါဝင်ကြောင်း၊ ဘုရားတည် ထားသည်ဆိုသည့် အထောက်အထားများ ရှိသည်ဆိုသော်လည်း ယင်းဘုရားသည် သစ်တောအထဲတွင် တည်ထားသည့်ဘုရား (သို့မဟုတ်)နောက်မှရွာပေါ်လာသည်လား ဆိုသည်ကို မိမိအနေဖြင့်မသိနိုင်ကြောင်း၊ နေပြည်တော်နယ်မြေတစ်ဝိုက်တွင် ထိုသို့သစ်တောမြေတွင် တည်ထားသည့်ရွာများရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  ယင်းတစ်ရွာတည်းကို  ဦးစားပေး ဆောင်ရွက်မည်ဆိုပါက အလားတူရွာများ မြောက်မြားစွာရှိကြောင်း၊ နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ    ယခင်ကတည်းက နေပြည်တော်ကို   တည်ဆောက်ရာတွင် စနစ်တကျမြို့ကွက်ချ တည်ဆောက်ခဲ့ကြောင်း၊ သို့သော်လည်း သစ်တောမြေများအတွင်း ဝင်ရောက်နေထိုင်သည်များလည်းရှိကြောင်း၊ မကွေး-ကံပြားဘက်သွားသည့်    လမ်းတစ်လျှောက်တွင်လည်းကောင်း၊ ပင်လောင်းဘက်သွားသည့် လမ်းတစ်လျှောက်တွင် လည်းကောင်း၊ အလားတူ   တပ်ကုန်းဘက်သွားသည့် လမ်းတစ်လျှောက်တို့ရှိ  ရွာများလည်း ရှိကြောင်း၊ ထို့ကြောင့် တစ်ရွာတည်း ဦးစားပေးဆောင်ရွက်၍မရကြောင်း၊ မြေပြင် အခြေအနေနှင့် ပတ်သက်ပြီး  ဆက်လက် သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ သုခဝတီအိမ်ရာအား သုခ ဝတီရပ်ကွက်အဖြစ် သတ်မှတ်ပေးနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ   တွေ့ဆုံညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း     ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်။