(၂ဝ၂၁)ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာ သင်တန်းသား ရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဇွန်  ၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့်(၂ဝ၂၁) ပညာသင်နှစ်  ဘွဲ့လွန်ဆေးပညာ သင်တန်းသား ရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက (၂ဝ၂၁)ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဖွင့်လှစ်ရေး ကိစ္စနှင့်ပတ်သက်၍ ဘွဲ့လွန်သင်တန်းသို့ တက်ရောက်ရန် လျှောက်ထားသူဦးရေ များပြားသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူလူထု၏   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  စဉ်ဆက်မပြတ် ရရှိစေရေး အတွက် နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(ခ)(နောက်ဆက်တွဲ) သင်တန်းများနှင့် ပုံမှန် သင်တန်းများကိုလည်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သူနာပြုနှင့်  သားဖွား သင်တန်းကျောင်းများ၏ နောက်ဆုံးနှစ် အတန်းများကိုလည်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက  ယခုအချိန်တွင် ကျန်းမာရေး ဝန်ထမ်းများ၏ ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ရေး ကိစ္စမှာ အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းသားမိဘများမှလည်း   ဘွဲ့ကြိုသင်တန်းများ ပြန်လည် ဖွင့်လှစ်ကြစေလိုကြောင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့မှ တက္ကသိုလ် တက်ရောက်ရန် ရွေးချယ်ခံရမည့်သူများအတွက် အဆင်သင့်ဖြစ်စေရန် ဆရာ၊ဆရာမများမှလည်း ကြိုတင်စီစဉ်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၌   ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲများကို ဇွန်လနောက်ဆုံးပတ်တွင် ဆောင်ရွက်ကျင်းပရန် စီစဉ်ထားရှိကြောင်းနှင့် (၂ဝ၂၁) ပညာသင်နှစ် ဘွဲ့လွန်သင်တန်းများကို  သြဂုတ်လပထမပတ်တွင် စတင်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။