၂ဝ၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂ဝ၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ  ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန  ပညာရေးဝန်ကြီးဌာနနှင့် ကွေ့ကျိုးပြည်နယ်တို့ ပူးပေါင်း၍  တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှုရက်သတ္တပတ် (၂ဝ၂၁) ဖွင့်ပွဲ အခမ်းအနားကို ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးကော်မတီ ဒုတိယ အထွေထွေ အတွင်းရေးမှူး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပညာရေးဝန်ကြီးတို့က ဖွင့်ပွဲမိန့်ခွန်း ပြောကြားကြကာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် သံအမတ်ကြီးများ၊ အာဆီယံ အထွေထွေ   အတွင်းရေးမှူးချုပ်တို့က Online  မှ Video Message  ဖြင့် ဂုဏ်ပြုမိန့်ခွန်း ပြောကြားကြပြီး ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူးက ၂ဝ၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်ကို ဖွင့်လှစ်ပေးသည်။

မြန်မာနိုင်ငံ   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေတို့က ၂ဝ၂၁ ခုနှစ် တရုတ်-အာဆီယံ  ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်  အခမ်းအနားအတွက် ဂုဏ်ပြုမိန့်ခွန်းများကို Video  Message ဖြင့် ပြောကြားကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ Video Conferencing  စနစ်ဖြင့်    တက်ရောက်ခဲ့ကြသည်။

၂ဝ၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်တွင် တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်ရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအဖြစ် ဆေးပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေးပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ ဆန်းသစ်တီထွင်မှုနှင့်  စက်မှုနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများနှင့်အတူ အခြေခံပညာ ကျောင်းအုပ်ကြီးများ၏  စကားဝိုင်း ဆွေးနွေးပွဲများကို စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ Online ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။