၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် ကာလကိုထုတ်ပြန် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၁  ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲကို ဧပြီလအတွင်း ကျင်းပရန် စီစဉ်

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် ကာလကိုထုတ်ပြန် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၁  ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲကို ဧပြီလအတွင်း ကျင်းပရန် စီစဉ်

ကာတာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမည့် ကာလကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်ကာ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဧပြီလအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

၂ဝ၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲကို  ကာတာနိုင်ငံရှိ အားကစားကွင်း ရှစ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ၂ဝဝ၂ ခုနှစ်က တောင်ကိုရီးယားနှင့်  ဂျပန်နိုင်ငံတို့  ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် အာရှဒေသတွင်း၌ ကျင်းပခြင်းဖြစ်သည်။

၂ဝ၂၂   ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း   ပြိုင်ပွဲဝင် အသင်း ၃၂ သင်းဖြင့်ပင်  ကျင်းပမည်ဖြစ်ပြီး ဝင်ခွင့်ရရှိမှု အများဆုံးအဖြစ် ဥရောပဇုန်က အသင်း ၁၃ သင်းအထိ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၂ ရက်တွင် အုပ်စုပွဲစဉ် အားလုံး ပြီးစီးမည်ဖြစ်သည်။  ၁၆ သင်းရှုံးထွက် အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အထိလည်းကောင်း၊ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၉ ရက် နှင့် ဒီဇင်ဘာ ၁ဝ ရက်တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် လည်းကောင်း၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင်  ပရိသတ်ဦးရေ  ၈ဝဝဝဝ  ဝင်ဆံ့သည့်  လူဆယ်အိုင်ကွန်နစ် အားကစားကွင်း၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက်   ဇုန်အလိုက်ခြေစစ်ပွဲစဉ်များ ကစားနေပြီး ခြေစစ်ပွဲစဉ်များကို ယခုနှစ် အောက်တိုဘာလအတွင်း ကျင်းပပြီးစီးမည်ဖြစ်သည်။

လက်ရှိခြေစစ်ပွဲစဉ်များ   မပြီးဆုံးမီကတည်းက ချန်ပီယံဆုအတွက် ရေပန်းစားမှု စာရင်းတွင် ဘရာဇီး အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဘရာဇီးအသင်း ၏နောက်တွင်  လက်ရှိချန်ပီယံ  ပြင်သစ်အသင်း၊ အင်္ဂလန်အသင်း၊ စပိန်အသင်း၊ ဂျာမနီအသင်း၊ ယူရို ၂ဝ၂ဝ ချန်ပီယံ အီတလီအသင်း၊ ကမ္ဘာ့အဆင့်(၁) ဘယ်လ်ဂျီယံအသင်း၊ ကိုပါအမေရိကဖလား ချန်ပီယံ အာဂျင်တီးနားအသင်း၊ ပေါ်တူဂီအသင်း၊ နယ်သာလန် အသင်းတို့က ထိပ်ဆုံး ၁ဝ သင်းစာရင်းတွင် ရပ်တည် နေပြီး ၎င်းနောက်တွင် ဥရုဂွေးအသင်း၊ ကိုလံဘီယာ အသင်း၊ ခရိုအေးရှားအသင်းနှင့် ဒိန်းမတ်အသင်းတို့ ကလည်း ရေပန်းစားမှု စာရင်းတွင် ပါဝင်ခဲ့သည်။

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းက ခရိုအေးရှား အသင်းကို ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ကာ နောက်ဆုံးနှစ်ပေါင်း ၂ဝ  အတွင်း ဂိုးအပြတ်ဆုံး ဗိုလ်လုပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref;Transfer Market