၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှစတင်ပြီး နောက်ဆုံး ၁၀ နှစ်အတွင်း ကစားသမား ရောင်းချရမှုမှ ဝင်ငွေအများဆုံးရရှိသည့် အသင်းစာရင်းတွင် ဘင်ဖီကာအသင်းက ထိပ်ဆုံးမှရပ်တည်

၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှစတင်ပြီး နောက်ဆုံး ၁၀ နှစ်အတွင်း ကစားသမား ရောင်းချရမှုမှ ဝင်ငွေအများဆုံးရရှိသည့် အသင်းစာရင်းတွင် ဘင်ဖီကာအသင်းက ထိပ်ဆုံးမှရပ်တည်

၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှစတင်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအထိ နောက်ဆုံး ၁၀ နှစ်အတွင်း ကစားသမားရောင်းချရမှုမှ ဝင်ငွေအများဆုံး ရရှိသည့်အသင်း ၁၀ သင်းစာရင်းတွင် ဘင်ဖီကာအသင်းက ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းနှစ်များတွင် လူငယ်ကစားသမားများ ကိုခေါ်ယူပြီး ထိပ်တန်းအဆင့် ကစားသမားများဖြစ်စေရန် ပြုစုပျိုးထောင်ကာ ထိပ်တန်းအသင်းကြီးများ ထံသို့  အပြောင်းအရွှေ့များစွာ  ပြုလုပ်နိုင်ခဲ့သည့် ဒေါ့မွန်အသင်းက ကစားသမားရောင်းချရမှုမှ ဝင်ငွေ များစွာရရှိနေသော်လည်း   Transfer   Market ၏ စစ်တမ်းကောက်ယူဖော်ပြမှုအရ ကစားသမား ရောင်းချရမှုမှ    ဝင်ငွေအများဆုံးရရှိသည့်အသင်း စာရင်းတွင် အဆင့် (၇) နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

အဆိုပါစာရင်း၌  ဥရောပထိပ်တန်းလိဂ်များမှ ထိပ်တန်းအပြောင်းအရွှေ့များဖြင့် ပရီးမီးယားလိဂ်မှ ချယ်လ်ဆီးအသင်းတစ်သင်းသာ ပါဝင်ခဲ့သည်။

ဘင်ဖီကာအသင်းသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ကစားသမား အပြောင်းအရွှေ့ ကာလတွင် အသင်း အကယ်ဒမီမှထွက်ပေါ်ခဲ့သော ကစားသမားများကို ထိပ်တန်းအဆင့် ကစားသမားများဖြစ်စေရန် ပြုစုပေးနိုင်ခဲ့ပြီး ဂျာအိုဖီးလစ်၊ ရူဘင်ဒီယက်စ်၊ ဟီမင်နက်၊ ဆီမီဒို၊  ဗစ်ဆဲလ်၊  ဂိုးသမား  အီဒါဆန်၊  ရီနာတို ဆန်းချက်၊ လင်ဒီလော့ဖ်၊ ကွန်ထရာအို၊ ကယ်ဒက်စ်နှင့်  ရိုဒရီဂို စသည့်ကစားသမားများကို ဥရောပထိပ်တန်း အသင်းကြီးများထံ   မြင့်မားသည့်ပြောင်းရွှေ့ကြေးများဖြင့် ရောင်းချခဲ့ရာမှ ဝင်ငွေများစွာရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Transfer   Market  ၏ဖော်ပြချက်အရ ကစားသမားရောင်းချရမှုမှ ဝင်ငွေအများဆုံး ရရှိသည့်အသင်းစာရင်းတွင်  ဘင်ဖီကာအသင်းက  စတာလင်ပေါင်  ၁ ဒသမ ၀၅ ဘီလီယံဖြင့် အဆင့်(၁)၊  အက်သလက် တီကိုအသင်းက   စတာလင်ပေါင်   ၁  ဒသမ   ၀၂  ဘီလီယံဖြင့်   အဆင့်(၂)၊   ချယ်လ်ဆီးအသင်းက စတာလင်ပေါင်  ၁  ဘီလီယံဖြင့် အဆင့်(၃)၊ မိုနာကို အသင်းက စတာလင်ပေါင် ၉၆၈ ဒသမ၂ သန်းဖြင့် အဆင့်(၄)၊ ဂျူဗင်တပ်စ်အသင်းက စတာလင်ပေါင်  ၉၆၃ ဒသမ ၁ သန်းဖြင့် အဆင့်(၅)၊ ဘာစီလိုနာအသင်းက စတာလင်ပေါင် ၉၂၅ ဒသမ ၄ သန်းဖြင့် အဆင့်(၆)၊ ဒေါ့မွန်အသင်းက စတာလင်ပေါင် ၈၇၆ ဒသမ ၅ သန်းဖြင့် အဆင့်(၇)၊ ရိုးမားအသင်းက စတာလင်ပေါင် ၈၄၈ ဒသမ ၅ သန်းဖြင့် အဆင့်(၈)၊ ရီးယဲလ်မက်ဒရစ်အသင်းက စတာလင်ပေါင်  ၈၂၉ ဒသမ ၅ သန်းဖြင့် အဆင့်(၉)နှင့် ပေါ်တိုအသင်းက စတာလင်ပေါင် ၇၇၂ ဒသမ ၁ သန်းဖြင့် အဆင့်(၁၀) နေရာ၌ အသီးသီးရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Ref:Transfer Market