၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်- ၃၀
    
၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး  အမှူးပြု သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့်သံဃာတော် ၃၆ ပါး ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ  တက်ရောက်ကြသည်။
    
အခမ်းအနားမစတင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အနော်ရထာခန်းမရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြသည်။
    
အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ကြီးထံမှ  ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။ 
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
     
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
    
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက အနုမောဒနာ တရားဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက် လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဘုရား ကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
    
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော်ကြီးကို ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ် နိုင်ရေးအတွက်  စကျင်ကျောက်တော်ကြီးအား တူးဖော်ခြင်း၊ ထုဆစ်ခြင်း၊ နေပြည်တော် သို့ ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူခြင်းနှင့် တည်ထားကိုးကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဥယျာဉ်တော်ပုံစံငယ်များ၊ ရုပ်ပွားတော်ပုံစံငယ်များဖြင့် တင်ပြလျှောက်ထားပြီး ဆရာတော်ကြီးများထံမှ သြဝါဒကိုခံယူခဲ့ကြောင်း သတင်းရရှိသည်။