၂၀၂၁ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲနှင့် ယူရို ၂၀၂၀ ပြိုင်ပွဲတို့တွင်ပါဝင်မည့် ကစားသမား များ၏ ခြေစွမ်းကိုစောင့်ကြည့်နေ

နီယွန်၊ ဘောလုံး

၂၀၂၁ ကမ္ဘာ့အကောင်းဆုံး  ကစားသမားဆု (Ballon d’Or) အတွက်  မကြာမီကျင်းပတော့မည့် ယူရို ၂၀၂၀ ပြိုင်ပွဲနှင့် ကိုပါ အမေရိကဖလားပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများ၏ခြေစွမ်းကို စောင့်ကြည့်နေကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d’Or) ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပြင်သစ်မဂ္ဂဇင်းတို့က ပူးပေါင်းကျင်းပ ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က COVID- 19 ရောဂါကြောင့် မပေးအပ်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင်  ပြန်လည်ပေးအပ် မည်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballon d’Or)ကို ကလပ်အသင်းများနှင့် နိုင်ငံ့လက်ရွေးစင် အသင်းတို့တွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့မှုများ ပေါ်မူတည်ပြီး  ရမှတ်များ သတ်မှတ်ပေးအပ်ခြင်းဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d’Or) ကို ပြီးခဲ့သည့်  ၁၂  နှစ်တာကာလအတွင်း ဘာစီလိုနာအသင်းမှ မက်ဆီနှင့် ဂျူဗင်တပ်စ်အသင်းမှ စီရော်နယ်ဒိုတို့က ဆွတ်ခူးခဲ့ကြသော်လည်း ၂၀၁၈ ခုနှစ်က ခရိုအေးရှားအသင်းနှင့် ကမ္ဘာ့ဖလားဗိုလ်လု ပွဲတက်ရောက်ခဲ့သကဲ့သို့   ရီးယဲလ်မက်ဒရစ်အသင်း တွင်လည်း အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့်အတွက် မိုဒရစ်ကရရှိခဲ့သည်။

ယခုဘောလုံးရာသီ လိဂ်ပြိုင်ပွဲအားလုံးပြီးဆုံးချိန် ဥရောပသွင်းဂိုးအများဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်အသင်းမှ   တိုက်စစ်မှူး  လီဝန်ဒေါစကီးက စုစုပေါင်းသွင်းဂိုး ၄၁ ဂိုးဖြင့်ရရှိခဲ့ပြီး ကမ္ဘာ့အကောင်း ဆုံးကစားသမားဆု (Ballon d’Or) အတွက် လည်း ထိပ်ဆုံးမှရေပန်းစားနေသူဖြစ်သည်။

ယူရို ၂၀၂၀ ပြိုင်ပွဲနှင့် ကိုပါအမေရိကဖလားပြိုင်ပွဲ များမစတင်မီ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballon d’Or)အတွက်  စောင့်ကြည့်ရမည့်ကစား သမားစာရင်းတွင် ပိုလန်အသင်းမှ လီဝန်ဒေါစကီး၊ ပြင်သစ်အသင်းမှ အမ်ဘတ်ပီ၊ ဘင်ဇီမာ၊ ကန်တီ၊ အာဂျင်တီးနားအသင်းမှ မက်ဆီ၊ ပေါ်တူဂီအသင်းမှ စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ဒီယက်စ်၊ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်း၊ ဖိုဒန်၊ ဂျာမနီအသင်းမှ ဂမ်ဒိုဂန်၊ ဘယ်လ် ဂျီယံအသင်းမှ  ဒီဘရိုင်း၊  လူကာကူ၊  ဘရာဇီးလ်အသင်းမှ နေမာ၊ ဥရုဂွေးအသင်းမှ ဆွာရက်ဇ်တို့ ပါဝင် နေခဲ့သည်။

အဆိုပါကစားသမားများမှ ပြီးခဲ့သည့်ဘောလုံးရာသီက သက်ဆိုင်ရာကလပ်အသင်းများတွင် ခြေစွမ်းပြသနိုင်ခဲ့ကြပြီး လီဝန်ဒေါစကီး၊ ကန်တီနှင့် ဒီဘရိုင်းတို့ က ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။ ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးနိုင်ငံ၌ ဇွန် ၁၄ ရက်မှ  ဇူလိုင် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲကို ဥရောပတစ်ဝန်းရှိ နိုင်ငံ ၁၂ နိုင်ငံ၌  ဇွန် ၁၂  ရက်မှ ဇူလိုင်  ၁၂  ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ref;90MIN