၂၀၂၁ ခုနှစ်မှာထွက်ပေါ်လာမယ့် နည်းပညာမြင့်အသုံးအဆောင်များ(၁)

 

အခုဆိုရင် ၂၀၂၀ ပြည့်နှစ်ကုန်လို့ ၂၀၂၁ ခုနှစ်ထဲကို ချင်းနင်းဝင်ရောက်လာပါပြီ။ CES 2021 ကလည်း သိပ်မကြာတော့တဲ့ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မှာပါ။ CES ဆိုတာကတော့ သုံးစွဲသူနည်းပညာ အဖွဲ့အစည်းက နှစ်စဉ်ဇန်နဝါရီလတိုင်းမှာ ကျင်းပလေ့ရှိတဲ့ နည်းပညာမြင့်ပစ္စည်းတွေကို ထုတ်ဖော်ပြသ ရောင်းချတဲ့ပွဲပဲဖြစ်ပါတယ်။  တကယ်တော့ CES ဆိုတာ နည်းပညာချစ်သူတွေ အမြဲတစေစောင့်စားရတဲ့ နာမည်ကျော်ကုန်စည်ပြပွဲဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက်ပွဲကတော့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၄ ရက်အထိ လုပ်သွားမှာပါ။

ဒီလိုနာမည်ဂုဏ်ရှိန်ကြီးလှတဲ့ CES 2021 ပွဲမှာ ဘယ်လိုနည်းပညာမြင့် အသုံးအဆောင်ပစ္စည်းတွေ မြင်တွေ့ရမလဲဆိုတာကို ဖောက်သည်ချပေးပါရစေ။ အခုဖော်ပြမယ့်ပစ္စည်းတွေက အဲဒီပွဲမှာ ပါဝင်ပြသမယ့် ကုန်ပစ္စည်းတွေထဲက တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး တကယ်တမ်းပွဲကျင်းပချိန်မှာတော့ အခုထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ကုန်ပစ္စည်းတွေလည်း ပါဝင်လာနိုင်ပါတယ်။ တချို့ဆိုရင် ၂၀၂၀ ပြည့်နှစ်ထဲမှာ မိတ်ဆက်ပြသခဲ့တဲ့ပစ္စည်းတွေပါ။ ဒါပေမဲ့ လူသိပ်မသိသေးတဲ့ ပစ္စည်းတွေများပါတယ်။ ဒီတော့ အခုတင်ပြပေးမယ့် ပစ္စည်းတွေထဲမှာ ဘာတွေပါဝင်မလဲဆိုတာကို အောက်မှာဆက်ပြီး ကြည့်လိုက်ရအောင်။

Zoox မောင်းသူမဲ့ကား

ယနေ့ကမ္ဘာ့စင်မြင့်ထက်မှာ မောင်းသူမဲ့ကားဆိုတာကတော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ အရည်အသွေးတွေကတော့ တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာနေပါတယ်။

အခု Zoox မောင်းသူမဲ့ကားဆိုရင်လည်း သာမန်မောင်းသူမဲ့ကားနဲ့မတူဘဲ တစ်မျိုးတစ်ဖုံဆန်းသစ် ထားတာကိုတွေ့ရပါတယ်။

သူ့ရဲ့ပုံစံက ကျစ်ကျစ်လျစ်လျစ်ရှိတယ်။ စီးနင်းသူတွေအတွက် ပိုပြီးစိတ်ချရတယ်။ သန့်ရှင်းသပ်ရပ်မှု လည်းရှိတယ်။ အကောင်းဆုံးကတော့ တစ်ဦးနဲ့တစ်ဦး နေရာလုစရာမလိုလောက်အောင်ကို အတွင်းခန်းက ကျယ်ဝန်းပါတယ်။

ဒီလိုကားပုံစံတွေကို အသုံးပြုသူတွေက တောင်းဆိုနေခဲ့တာဆိုရင် မမှားနိုင်ပါဘူး။ ဒါ့အပြင် ခရီးလမ်း တစ်လျှောက်ကိုလည်း စိတ်လက်ချမ်းသာစွာနဲ့သွားလာနိုင်မယ်။ အတွင်းထဲမှာ ထိုင်ခုံနှစ်တန်းပါပါတယ်။ ပါတဲ့ထိုင်ခုံနှစ်တန်းကလည်း မျက်နှာချင်းဆိုင်ဖြစ်တဲ့အတွက် ကားစီးရင်း စိတ်အေးလက်အေးနဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စကားပြောနိုင်ဦးမှာပါ။

LG အလိုအလျောက်ပိုးသတ်စက်ရုပ်

ဒီကနေ့လို ရောဂါဘယတွေထူပြောတဲ့အချိန်မှာ နေရာတကာကိုပိုးသတ်မှုတွေလုပ်ဆောင်ဖို့လိုလာပါပြီ။ အထူးသဖြင့်တော့ ဆေးရုံလိုနေရာမျိုးတွေမှာပါ။

ဒါပေမဲ့လည်း ပိုးသတ်လုပ်ငန်းကိုလူနဲ့လုပ်ဆောင်တာဟာ ထိရောက်မှုနည်းနိုင်သလို အန္တရာယ်လည်းရှိ ပါတယ်။ ဒီအတွက်ကြောင့် လူတွေနေရာမှာ စက်ရုပ်တွေကိုအစားထိုးလာကြပါပြီ။

ကမ္ဘာကျော်နည်းပညာကုမ္ပဏီဖြစ်တဲ့ LG ကုမ္ပဏီကထုတ်လုပ်ထားတဲ့ အလိုအလျောက်ပိုးသတ် စက်ရုပ်ဟာ ဆေးရုံ၊ ကျောင်း၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင် အစရှိတဲ့လူအများအပြား စုဝေးရာနေရာ တွေမှာ ပိုးသတ်မှုတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

တချို့စက်ရုပ်တွေက ဒီလိုနေရာတွေမှာ ပိုးသတ်လုပ်ငန်းကို ထိထိရောက်ရောက် မလုပ်နိုင်တာကို တွေ့ရပါတယ်။ တချို့ကျတော့လည်း အချိန်များစွာကြာမြင့်ပါတယ်။

LG ပိုးသတ်စက်ရုပ်ကတော့ လူထူထပ်တဲ့နေရာတွေကို ခရမ်းလွန်ရောင်ခြည်လွှတ်ပြီး ပိုးသတ်တာဖြစ်တဲ့ အတွက် ပိုးသတ်လုပ်ငန်းကို ထိရောက်မှုရှိစေပါတယ်။

ဒါ့အပြင် စားပွဲတွေ၊ ကုလားထိုင်တွေကိုလည်း ကွေ့ပတ်ရှောင်ရှားသွားနိုင်တဲ့အတွက် ထိခိုက်ပျက်စီး နိုင်ခြေကတော့ နည်းပါတယ်။

LG ပိုးသတ်စက်ရုပ်ရဲ့ ပိုးသတ်လုပ်ငန်းကြာမြင့်ချိန်ကတော့ တစ်ကြိမ်အားသွင်းထားပြီးတာနဲ့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိရှိပြီး သူ့ရဲ့ပတ်ဝန်းကျင်အနှံ့ကို အောင်မြင်စွာပိုးသတ်ပေးပါလိမ့်မယ်။

 ဆမ်ဆောင်းရဲ့ လက်မ ၁၁၀ MicroLED တီဗွီ

ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တဲ့ခေတ်ကို မေ့လိုက်လို့ရပြီ။ ဒီအတိုင်းတော့မဟုတ်ဘူး။ ဆမ်ဆောင်းရဲ့ လက်မ ၁၁၀ ရှိတဲ့ MicroLED တီဗွီနဲ့မှရမှာပါ။

ကြီးမားလှတဲ့ ဒီလိုဖန်သားပြင်ကိုနံရံမှာကပ်ပြီး ရုပ်ရှင်တွေကြည့်မယ်ဆိုရင် တကယ်ကို ရုပ်ရှင်ရုံ သွားစရာလိုတော့မှာမဟုတ်ပါဘူး။ သူ့ရဲ့အကောင်းဆုံးထူးခြားချက်က ဖန်သားပြင်လေးပိုင်းခွဲလို့ ရတာပါပဲ။ ဒီလိုလေးပိုင်းခွဲလို့ရတဲ့အတွက် မတူညီတဲ့ ဇာတ်ကားလေးကားစလုံးကို ဖန်သားပြင် တစ်ခုတည်းမှာ ကြည့်နိုင်မှာဖြစ်တာကြောင့် အိမ်သူအိမ်သားတွေကြားမှာလည်း အငြင်းပွားစရာ မလိုတော့ပါဘူး။

ရုပ်ထွက်အရည်အသွေးကတော့ 4k HDR ဖြစ်တဲ့အတွက် တစ်နည်းပြောရရင် ကြည်တောက်ရှင်း ဖြစ်နေမှာပါ။ ဒီလိုဖြစ်လာစေဖို့အတွက် အသုံးပြုထားတဲ့ Pixel အရေအတွက်က ရှစ်သန်းတောင်မှ ရှိပါတယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ရုပ်ထွက်ကြီးသလို သူပေးစွမ်းနိုင်တဲ့ အသံထွက် အရည်အသွေး ကလည်း မယုံကြည်လောက်အောင်ကို ကောင်းမွန်နေပြန်ပါသေးတယ်။

Nike Air Jordan ရှူးဖိနပ်

ရှူးဖိနပ်က ဘယ်လိုကြောင့် နည်းပညာမြင့် အသုံးအဆောင်ပစ္စည်းစာရင်းထဲ ဝင်လာတာလဲဆိုတာ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီရှူးဖိနပ်အကြောင်းသိသွားရင်တော့ ထူးဆန်းတော့မှာမဟုတ်ပါဘူး။

လွန်ခဲ့တဲ့ဆယ်စုနှစ် များစွာတုန်းကတည်းက နာမည်ကြီးခဲ့တဲ့ Nike Air Jordan ရှူးဖိနပ်ဟာ ဒီဘက်ခေတ်မှာတော့ အရင်ပုံစံအတိုင်းကိုပဲ ခေတ်ရှေ့ပြေးလွန်းတဲ့ လုပ်ဆောင်ချက်တွေပါဝင်လာပါပြီ။

သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ ဖိနပ်ကြိုးကို ကိုယ်တိုင်ချည်စရာမလိုဘဲ ကိုယ့်ခြေထောက် အနေအထားအပေါ် မူတည်ပြီး သူ့ဘာသာသူ အလိုအလျောက်ချည်သွားပါလိမ့်မယ်။ သူ့ကို Nike Adapt အပလီကေးရှင်းနဲ့ ချိတ်ဆက်နိုင်တဲ့အတွက်လည်း ဖိနပ်ကြိုးကိုတင်းမလား၊ လျှော့မလားဆိုတာကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လုပ်ဆောင်နိုင်ပါပြီ။

ဖိနပ်ကထွက်တဲ့ အလင်းရောင်ကိုလည်း ဘယ်လိုအရောင်ထွက်စေချင်လည်း ဆိုတာကအစ ရွေးချယ်လို့ရပါတယ်။ ဒီတော့ Nike Air Jordan ရှူးဖိနပ်ဟာ အလွန်ကို သက်တောင့်သက်သာရှိပြီး တစ်ခါဝတ်ထားပြီးရင် ဘယ်တော့မှ မချွတ်ချင်လောက်အောင်ဖြစ်သွားနိုင်ပါတယ်။