၂၀၂၁ ခုနှစ်မှာထွက်ပေါ်လာမယ့် နည်းပညာမြင့်အသုံးအဆောင်များ (၂)

 

အကောင်သေးပေမယ့်အစွမ်းထက်တဲ့ အဝေးကြည့်မှန်ပြောင်း

ဗာအိုနစ်ဗက်စပီရာအမည်ရှိတဲ့ အပေါ့စားအဝေးကြည့်မှန်ပြောင်းက နက္ခတ်တာရာကြည့်ဝါသနာရှင်တွေ အားလုံးအတွက် အသင့်တော်ဆုံးအဝေးကြည့်မှန်ပြောင်းပါပဲ။ ဘယ်လိုအတွက်ကြောင့်သင့်တော်တယ်လို့ ပြောရတာလဲဆိုရင် သူ့မှာ အဝေးကြည့်မှန်ပြောင်းသာမက ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ထားတာ ကြောင့်ပါ။

ဒါကြောင့် ကြယ်တွေကိုကြည့်တာမျိုး၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကိုကြည့်တာမျိုးအပြင် ကိုယ်ကဘာကို မြင်ရလဲဆိုတာတွေကိုပါ ဓာတ်ပုံရိုက်ပြီး မိတ်ဆွေသူငယ်ချင်းတွေဆီကို မျှဝေပေးလို့ရပါလိမ့်မယ်။ ဒီလိုအရာတွေကို လုပ်ဆောင်ဖို့အတွက်ကတော့ အဝေးကြည့်မှန်ပြောင်းနဲ့ချိတ်ဆက်ထားတဲ့ အပလီ ကေးရှင်း တစ်ခုသာလိုပါလိမ့်မယ်။ အဝေးကြည့်မှန်ပြောင်းလေးက ဘယ်လောက်အထိသေးလဲဆိုရင် အမြင့် ၁၅ လက်မနဲ့ အလေးချိန် ၁၀ ပေါင်မျှသာရှိတဲ့အတွက် ကျောပိုးအိတ်ထဲကို အလွယ်တကူ ထည့်ပြီးသယ်သွားနိုင်မှာပါ။

သူ့ရဲ့အမြင်စွမ်းအားကတော့ မကြည်မလင်ဝေဝါးတဲ့ပုံရိပ်တွေလုံးဝမရှိတဲ့အထိပါပဲ။ ဒါ့အပြင် ကင်မရာက လည်း ဆိုနီကုမ္ပဏီထုတ် အာရုံခံကိရိယာ တပ်ဆင်ထားတဲ့အတွက် အထူးသဖြင့် ညဘက် ဓာတ်ပုံရိုက်ကူးမှု တွေကို အကြည်လင်ဆုံးဖြစ်နေစေမှာပါ။

အသုံးပြုပုံကတော့သိပ်မခက်ပါဘူး။ အဝေးကြည့်မှန်ပြောင်းကို သုံးချောင်းထောက်ပေါ်မှာ တင်လိုက်ယုံ ပါပဲ။ ကျန်တာကတော့ ကိုယ်သတ်မှတ်ပေးထားတဲ့ ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း သူက ဂျီပီအက်(စ်) ကိုသုံးပြီး အလိုအလျောက် လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ကိုယ်ကဘယ်အရာကိုကြည့်ချင်တယ်။ ဥပမာ လကို ကြည့်ချင်တယ်၊ အင်္ဂါဂြိုဟ်ကိုကြည့်ချင်တယ်ဆိုရင် ဖုန်းမှာရှိတဲ့ အပလီကေးရှင်းကနေ သတ်မှတ်ပေးလိုက်ရုံပါပဲ။

ဒီလိုသတ်မှတ်ပေးပြီးပြီဆိုတာနဲ့ အဝေးကြည့်မှန်ပြောင်းက အလိုအလျောက်လမ်းကြောင်းပြောင်းလဲပြီး ကိုယ်ကြည့်ချင်တဲ့အရာကိုရှာဖွေပေးပါလိမ့်မယ်။  

ဂိမ်းဆော့သူများအကြိုက် ကွေးညွတ်နိုင်မယ့် တီဗွီ ဖန်သားပြင်

မကြာခင်ကျင်းပတော့မယ့် CES 2021 မှာ ဂိမ်းဆော့သူတွေစိတ်ကြိုက်တွေ့စေမယ့် ပစ္စည်းတစ်မျိုး လည်းပါဝင်လာပါတယ်။ အဲဒီပစ္စည်းကတော့ ဖန်သားပြင်ကိုအပြားလိုက်ပဲထားမလား၊ ကွေးညွတ်မလား ကိုယ့်စိတ်ကြိုက်ထားနိုင်တဲ့ ၄၈ လက်မတီဗွီဖန်သားပြင်ပါပဲ။

ထုတ်လုပ်ထားတဲ့ကုမ္ပဏီကတော့ LG ကုမ္ပဏီဖြစ်ပြီး သူတို့အခေါ်အရတော့ အဲဒီတီဗွီဖန်သားပြင်ဟာ ရုပ်ရှင်ရုံအသံထွက်ကို ပေးစွမ်းနိုင်တဲ့ OLED အမျိုးအစားတီဗွီဖြစ်တယ်လို့ဆိုပါတယ်။

ထွက်လာမယ့် ရုပ်ရှင်ရုံအသံထွက်အရသာက ဘယ်ကမှမဟုတ်ပါဘူး။ ဖန်သားပြင်ကနေပဲ ထွက်လာမှာပါ။ ဆိုလိုတာက ဖန်သားပြင်ဟာ တစ်ချိန်တည်းမှာပဲစပီကာဖြစ်သွားတဲ့သဘောပါ။ ဒီအတွက်ကြောင့် ဖန်သားပြင်ကလည်း ဖန်သားပြင်ပဲ။ စပီကာကလည်း ဖန်သားပြင်ပဲဖြစ်တဲ့အတွက် သိပ်ကိုဆွဲဆောင်မှု ရှိလွန်းပါတယ်။

ရုပ်ထွက်အရည်အသွေးကတော့ 4k အရည်အသွေးအထိ ပေးစွမ်းနိုင်မှာဖြစ်တဲ့အတွက် ရုပ်ရှင်ပဲ ကြည့်ကြည့်၊ ဂိမ်းပဲဆော့ဆော့ အကောင်းဆုံးသောရုပ်ထွက်ကိုပေးစွမ်းနိုင်မှာအသေအချာပါပဲ။

ဒီဖန်သားပြင်က ကမ္ဘာ့ပထမဆုံးဖန်သားပြင်အမျိုးအစားဖြစ်တဲ့အပြင်   ပွဲမစခင်ကတည်းက CES ရဲ့  အကောင်းဆုံး တီထွင်ဖန်တီးမှုဆုကိုရရှိထားတာဖြစ်ပါတယ်။

ဂိမ်းသမားများအတွက် စိတ်ကူးယဉ်သိပ္ပံဒီဇိုင်းနဲ့ ကွန်ပျူတာ

ဂိမ်းဆော့သူတွေအတွက် CES 2021 မှာနောက်ထပ်ပါဝင်လာမယ့်ပစ္စည်းတစ်ခုကတော့ ကွန်ပျူတာ ဖြစ်ပါတယ်။ ရိုးရိုးရုံးသုံးကွန်ပျူတာ ပုံစံတော့မဟုတ်ပါဘူး။ တကယ့်ကိုစိတ်ကူးယဉ် သိပ္ပံဒီဇိုင်းနဲ့ ကွန်ပျူတာပါ။

ထုတ်လုပ်သူကတော့ MSI ဖြစ်ပြီး MSI ဆိုတာနဲ့ ဂိမ်းဆော့နိုင်တဲ့ကွန်ပျူတာနယ်ပယ်မှာ နေရာတစ်ခုကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ကုမ္ပဏီဖြစ်မယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။

အခုကွန်ပျူတာအတွက်ပေးထားတဲ့နာမည်ကတော့ MEG Aegis Ti5 ဖြစ်ပြီး စက်ရုပ်ပုံစံခေါင်းရှိတဲ့ ဒီဇိုင်းက ဂိမ်းဆော့သူတွေရဲ့စိတ်ကြိုက်ပုံစံဖြစ်စေမှာပါ။

တကယ်တမ်းသူ့ရဲ့ အလှအပက အပြင်ဘက်ပုံစံမှာသာ တည်ရှိတာမဟုတ်ပါဘူး။ ပါဝင်တဲ့ လုပ်ဆောင်ချက် တွေမှာ လည်းတည်ရှိနေပါတယ်။

ဂိမ်းသမားတွေအတွက်ဖြစ်တာကြောင့် ထည့်ပေးထားတဲ့ဂရပ်ဖစ်ကတ်က ြှုဠှီုှုဗ ျွှဌ ၃၀၈၀ ဖြစ်ပြီးအဲဒီကတ်ရဲ့ စွမ်းဆောင်ရည်ကြောင့် ဂိမ်းထဲကအရာဝတ္ထုတွေက ကိုယ့်ရှေ့မှာတကယ်ဖြစ်နေသလို ခံစားရစေမယ်လို့ ဆိုထားပါတယ်။

နောက်ထပ်ထူးခြားတဲ့အချက်က ပြင်ပအသံဆူညံမှုကိုအလိုအလျောက်လျှော့ချပေးတာဖြစ်ပါတယ်။ ဒီတော့ ဂိမ်းထဲမှာပဲ အာရုံစိုက်ထားနိုင်စေမှာပါ။

သူ့ရဲ့အမြန်နှုန်းကတော့ တစ်စက္ကန့်ကို 40GB အထိရှိတဲ့အတွက် လက်ရှိမှာ အချက်အလက်ကူးပြောင်းမှု အမြန်ဆုံးလို့ဆိုတဲ့ USB 3.2 ထက်အမြန်နှုန်း ရှစ်ဆပိုများပါတယ်။

အနုစိတ်လက်ရာဒီဇိုင်းနဲ့ ဘူဂါဒီအန်ထိုက်ဒယ် စပီကာ

ဘူဂါဒီဆိုတာကတော့ ကားချစ်သူတိုင်းသိကြမယ့် တံဆိပ်တစ်ခုဖြစ်သလို ကမ္ဘာကျော်ဇိမ်ခံကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

ထိုက်ဒယ်ကတော့ ကမ္ဘာ့ပထမဆုံး အွန်လိုင်းသီချင်းထုတ်လွှင့်ရေး ကုမ္ပဏီဖြစ်ပြီး ဘယ်မှာမှမရနိုင်တဲ့ အကောင်းဆုံး အသံအရည်အသွေးတွေနဲ့ သီချင်းတွေကိုထုတ်လွှင့်ပေးနေတာပါ။

အဲဒီထိပ်တန်းကုမ္ပဏီနှစ်ခု ပေါင်းစည်းလိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ရလဒ်ကတော့ ဘူဂါဒီအန်ထိုက် ဒယ်စပီကာပဲဖြစ်ပါတယ်။

စပီကာကကြီးမားသလို ဘယ်လိုအရာဝတ္ထုတွေနဲ့ ဖန်တီးပေးရမလဲဆိုတာကိုလည်း ကိုယ့်စိတ်ကြိုက် ရွေးနိုင် ပါသေးတယ်။

ဒါပေမဲ့ ဇိမ်ခံပစ္စည်းဖြစ်တဲ့အတွက် အရေအတွက် အများကြီးတော့ ထုတ်လုပ်မှာမဟုတ်ပါဘူး။ အရေအတွက် အကန့်အသတ်နဲ့သာထုတ်လုပ်မှာပါ။ လက်ရှိထုတ်လုပ်ထားတဲ့ပုံစံနှစ်မျိုးကတော့ Edition Blane နဲ့ Edition Noir တို့ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ၁၅ စုံစီပဲထုတ်လုပ်ထား တယ်လို့လည်း သိရပါတယ်။