၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်ထုတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Politic Magazine တွင် ခေါင်းစီးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အင်တာဗျူးအစီအစ

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်ထုတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Politic Magazine တွင် ခေါင်းစီးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အင်တာဗျူးအစီအစဉ်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင်ထုတ်ဝေခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နာမည်ကြီးနိုင်ငံရေးမဂ္ဂဇင်းတစ်ခုဖြစ်သော Politic Magazine အမှတ်စဉ်(၁၂၀)ကို “ကမ္ဘာမြေငြိမ်းချမ်းရေးသည် ကမ္ဘာသူကမ္ဘာသားအားလုံး၏ တာဝန်ဖြစ်သည်” အမည်ဖြင့် ထုတ်ဝေ ခဲ့ပါသည်။ အဆိုပါ Politic Magazine ၌ ခေါင်းစီးဆောင်းပါးအဖြစ် ရုရှားနိုင်ငံစာပေပညာရှင် အသင်းဝင် Mrs. Tatiyana GROZMANI ရေးသားသည့် “အမိနိုင်ငံ  ပြည်သူပြည်သားတို့အတွက် ရည်ရွယ်ကာဆောင်ကြဉ်းခဲ့သည်” အမည်ရှိ အင်တာဗျူး ဆောင်းပါးကို ထည့်သွင်း ဖော်ပြခဲ့ပါသည်။ (၎င်းဆောင်းပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၁၁-၈-၂၀၂၁ ရက်နေ့တွင် ၎င်းမဂ္ဂဇင်း၏ အင်တာဗျူး မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။)

  • ယမန်နေ့မှအဆက်

မေး။ ရုရှားနှင့် မြန်မာနှစ်နိုင်ငံအကြား နယ်ပယ်ကဏ္ဍပေါင်းစုံမှာ  တက်ကြွစွာ တိုးမြှင့်ဆောင်ရွက်လာဖို့  နှစ်ဦးနှစ်ဖက် ဆန္ဒရှိတာနဲ့ ပတ်သက်ပြီး  အပြည့်အ၀ ယုံကြည်ထောက်ခံမိပါတယ်။ ဒီနေရာမှာ အားမလိုအားမရဖြစ်စရာလေးတွေရှိနေပြီး ဥပမာအနေဖြင့် ဆိုရရင် မြန်မာနိုင်ငံဟာ အပြည့်အဝဖွင့်လှစ်ထားခြင်းမရှိသေးသည့်အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ထင်သလောက် ခရီးမရောက်ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးပြောသွားတဲ့ အရေးကြီးလှတဲ့ ပထမခြေလှမ်းဟာ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတိုး တက်ရေးအတွက်  အဓိကသော့ချက်ဟာ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့် ဆောင်ရွက်ပေးခြင်း  ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။   ရုရှားလူမျိုးတို့အနေဖြင့် အလည်အပတ်သွားရောက်ရန်အတွက်ရော  ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက်ပါ မြန်မာနိုင်ငံကို အမှန်တကယ် နှစ်ခြိုက် သဘောကျကြပါတယ်။ ဒါပေမဲ့  ဗီဇာလျှောက်ထားဖို့ လိုအပ်လာတဲ့ အခက်အခဲများကြားမှာ သူတို့အနေနဲ့ နှစ်ပေါင်းကြာမြင့်စွာ သီးခြားပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ မလိုအပ်တဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ များကိုသာ ရွေးချယ် သွားလာနေကြတာကို တွေ့မြင်နေရပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ပြည်ဝင်ခွင့် ဗီဇာ မလိုအပ်တဲ့ နှစ်နိုင်ငံသဘောတူညီချက် မျိုးရရှိနိုင်ရေး ဆန္ဒပြုဆောင်ရွက်ပေးနိုင်ပါသလား။ ရုရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကို  ချိတ်ဆက်ပြီး  အဆိုပါညှိနှိုင်း ဆောင်ရွက်မှုမျိုးပြုလုပ်သွားဖို့ အစီအစဉ်ရှိပါသလား။ ဒီလိုပြုလုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူနှစ်ရပ်လုံးအတွက် အမှန်တကယ် အကျိုးကျေးဇူးဖြစ်ထွန်းစေမှာပဲ ဖြစ်ပါတယ်။

ဖြေ။ ဒီလိုအကြံပြုတာကို ကျေးဇူးတင်ပါတယ်။ အတတ်နိုင်ဆုံး ဆောင်ရွက်ပေး ပါမယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွား အရင်းအမြစ်တွေကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတွေ၊ ဗုဒ္ဓဘာသာဆိုင်ရာစာသင်တိုက်တွေ၊ တရားစခန်းတွေ၊ လှပတဲ့ပင်လယ်ကမ်းခြေတွေ၊ ရေခဲတောင်တွေ၊ တောတောင်ရေမြေရှုခင်းတွေရှိပါတယ်။ ရုရှားနိုင်ငံသားတွေ အနေနဲ့ မတူညီတဲ့  ရှုခင်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊  ဓလေ့ထုံးစံတွေနဲ့ အစားအသောက်တွေကို လေ့လာနိုင်ဖို့အတွက် ဖိတ်ခေါ် လိုပါတယ်။ ယခုလိုဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားမှုကို အလေးထားတဲ့အနေနဲ့ ကျွန်မကိုယ်တိုင် ဒီလိုသာယာ လှပပြီး  ပြီးပြည့်စုံလှတဲ့  မြန်မာနိုင်ငံကိုလာလည်ချင်ပါတယ်။ လာခဲ့ပါဗျာ။ ဆွေမျိုးမိတ်ဆွေအရင်းအချာများလို ဝမ်းမြောက်ဝမ်းသာစွာ စောင့်ကြိုနေပါ့မယ်။

မေး။ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား အရပ်ဘက်နယ်ပယ်တွေထက်   သိသိသာသာ  သာလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ နယ်ပယ်ကိုပြပါဆိုရင် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ပြရမှာပဲဖြစ်ပါတယ်။ ဒီစစ်မှန်သော အောင်မြင်မှုတွေ ကြောင့်ပဲ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကောင်းစွာ ကာကွယ် စောင့်ရှောက်နိုင်ပြီး အကြမ်းဖက်သမားများရဲ့ရန်မှ ကာကွယ်ပေး နိုင်မယ့် ခေတ်မီတိုးတက်သော အဆင့်မြင့်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်လာနိုင်ခြင်းဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့တွေဟာဆိုရင် International Army Games ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ KAVKAZ-2020 မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခြင်းတို့ကိုလည်း တက်တက်ကြွကြွ ဆောင်ရွက်လျက် ရှိနေပါ တယ်။ အနာဂတ်မှာရော ဘယ်လိုနယ်ပယ်သစ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။

ဖြေ။ ဒီ International Army Games ပြိုင်ပွဲ၊ KAVKAZ-2020 မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်းတွေမှာ ပါဝင်ယှဉ်ပြိုင် လေ့ကျင့်ခဲ့ရတာဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မီတပ်မတော်တည်ဆောက်ရေးမှာ များစွာအထောက်အကူ ပြုခဲ့ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့တပ်မတော်ရဲ့ တစ်ဦးချင်း၊ အဖွဲ့လိုက်၊ စစ်လက်ရုံးအလိုက်နဲ့ တပ်မတော်တစ်ရပ်လုံး စွမ်းရည် မြှင့်တင်နိုင်ရေးအတွက် အကျိုးရှိမယ့်၊ အထောက်အကူပြုမယ့်လုပ်ငန်းမှန်သမျှကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

မေး။  သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မြန်မာ့တပ်မတော်မှ လေ့လာသူကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှား-ဘီလာရုစ် နှစ်နိုင်ငံပူးပေါင်းစစ်ရေး လေ့ကျင့်ခန်း ZAPAD-2021 သို့ တက်ရောက်လာနိုင်ဖွယ်ရှိကြောင်း ကြားသိရပါတယ်။  ဒီသတင်းဟာ  မြန်မာ့တပ်မတော်အနေဖြင့် ရုရှားနိုင်ငံနဲ့သာမက မော်စကိုအတွက် အိမ်နီးနားချင်းမိတ်ဖက်နိုင်ငံများနဲ့ပါ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောသက်ရောက်ပါသလား။ စစ်ဘက်နိုင်ငံရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့  Collective Security Treaty Organization (CSTO) ပူးပေါင်းလုံခြုံရေးဆောင်ရွက်မှု သဘောတူညီချက်စာချုပ် အဖွဲ့ဝင် နိုင်ငံများအပေါ် ဘယ်လိုသဘောထားရှိပါသလဲ။ အနာဂတ်မှာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များအနေနဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနဲ့အတူ အခြားမဟာမိတ်နိုင်ငံများနဲ့ပါ စစ်ဘက်ပူးပေါင်းလေ့ကျင့်ခန်းတွေမှာ ပါဝင်လေ့ကျင့် ဆောင်ရွက်သွား ဖို့ရော အစီအစဉ်ရှိပါသလား။

ဖြေ။ ZAPAD-2021 ကို တက်ရောက်ဖို့ အလားအလာရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပိုမိုလုံခြုံတဲ့၊ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်လာဖို့ မိတ်ဆွေနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေကို ဆက်လက်တိုးမြှင့်သွားပါမယ်။ အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံနဲ့ လေ့လာသူ နိုင်ငံ ၂ နိုင်ငံပါဝင်တဲ့ CSTO အဖွဲ့ဟာ ဒေသတွင်းနဲ့ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူပြုနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။   ဒေသတွင်းနဲ့ ကမ္ဘာမှာ မလိုလားအပ်တဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ ဗိုလ်ကျစိုးမိုးမှုတွေကို ကာကွယ်နိုင်မယ့်   အဖွဲ့အဖြစ်လည်း မျှော်လင့်ပါတယ်။

မေး။ ဗိုလ်ချုပ်မှူးကြီးဟာဆိုရင် အာရှတိုက် မျက်မှောက်ခေတ်သမိုင်းသစ်မှာ ပေါ်ထွက်လာတဲ့ ခေတ်မီနိုင်ငံ့ခေါင်းဆောင်တစ်ဦးလို့ တင်စားချင်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၅၅  ခုနှစ်က  ကျင်းပပြုလုပ်ခဲ့တဲ့ Bandung ညီလာခံမှ ချမှတ်ခဲ့သော ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး  ၅  ရပ်ကို လေးစားလိုက်နာစေရေး   ကိုယ်တိုင် စံပြပုဂ္ဂိုလ်အဖြစ် မားမားမတ်မတ် ရပ်တည်ကာ နိုင်ငံတကာ အပေါ်ကိုလည်း မှန်မှန် ကန်ကန် ပြန်လည်အသိပေးတိုက်တွန်းနိုင်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီညီလာခံကို ကျင်းပပြုလုပ်ဖို့ အစပြုခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ နှစ် ၃၀ ကျော်ကာလအတွင်းမှာ အဲ့ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်များဟာ “အနောက်နိုင်ငံများရဲ့စံနှုန်းများ”၊ “ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်များအောက်မှာ တဖြည်းဖြည်း မသိမသာ အစားထိုးခံခဲ့ရပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံရေးအတွက် တန်ဖိုးရှိလှတဲ့ အခြေခံမူကြီးတွေကို ပြန်လည် အမှတ်ရ အသက်ဝင် လာအောင် ဘယ်လိုဆောင်ရွက်သွားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ(၅)ချက်ဟာ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံ ရေသောက်မြစ် ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၅၄ ခုနှစ်မှာ လက်မှတ်ရေးထိုးစတင်ခဲ့ပါတယ်။  ဒီမူကြီး ၅ ရပ်ဟာ ယနေ့အထိ နိုင်ငံတကာရဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရာမှာ လက်ကိုင်ထား စံပြုနေရတဲ့မူတွေပဲဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားခြင်း၊ ကျူးကျော်မှုကို  ရှောင်ရှားခြင်း၊ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ တန်းတူရည်တူရှိမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု စတာတွေဟာ ကမ္ဘာ့မိသားစုကြီးအတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေကို စဉ်ဆက်  မပြတ်ဖြစ်စေမယ့် အကြောင်းအရာတွေပါ။ ဒါမတိုင်ခင် ၁၆၄၈ ခုနှစ်ကတည်းက နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာထင်ရှားတဲ့ စာချုပ်တစ်ခုရှိတယ်။ ဒါကတော့ “ဝဘ်စဖေးလီယားစာချုပ်” (Treaty of Westphalia)ပဲ။ စာချုပ်ဖြစ်လာတဲ့ အကြောင်းနဲ့ ရည်ရွယ် ချက်က အမျိုးမျိုးရှိပေမယ့် အနှစ်သာရကတော့ အချုပ်အခြာ အာဏာပိုင်စိုးမှု (Sovereignty)၊ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး (Non Intervention) နဲ့ အင်အားချိန်ခွင်လျှာထိန်းညှိခြင်း(Balance of Power)ပါပဲ။ နောက်ပိုင်း မှာပေါ်လာတဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းဟာလည်း ဒီ Westphalia ရဲ့ အခြေခံမူ ၃ ချက်ကို ဆက်ခံလိုက်တာပါပဲ။ သို့သော် လက်တွေ့ လိုက်နာဆောင်ရွက်မှုမှာ လိုအပ်ချက်တွေရှိပါတယ်။ ခင်ဗျားပြောခဲ့သလို “အနောက်နိုင်ငံများရဲ့စံနှုန်းများ”၊  “ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အစားထိုးခံရတာပေါ့။ သို့သော် အဲဒီ “စံနှုန်း” ဆိုရာမှာလည်း နှစ်မျိုးကျင့်သုံးနေတာ (Double Standard) ဖြစ်နေတာက ပြဿနာပါပဲ။ သူတို့လိုတဲ့သူ၊ လိုတဲ့နိုင်ငံအတွက်က တစ်မျိုး၊ မလိုတဲ့သူ၊ မလိုတဲ့နိုင်ငံ၊ မလိုတဲ့အဖွဲ့အစည်းအတွက်ကျ တစ်မျိုးပေါ့ဗျာ။ အခုပြောခဲ့တဲ့ တန်ဖိုးရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးအတွက် အရေးကြီးတဲ့ ဒီအခြေခံအချက်တွေဟာ ကမ္ဘာ့ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိနေမှ ပိုပြီးအလုပ်ဖြစ်မှာပါ။ ဒါတွေကို နိုင်ငံတွေသာမက နိုင်ငံတကာ အဖွဲ့အစည်း တွေ၊ အစိုးရမဟုတ်တဲ့  အင်အားကြီးအဖွဲ့တွေကတစ်ဆင့် ချို့ယွင်းအားနည်းချက်တွေကို ထောက်ပြမှ၊ ပညာပေးမှ အလုပ်ဖြစ်နိုင် ပါတယ်။

မေး။ အာရှ-ပစိဖိတ်ဒေသနဲ့အရှေ့တောင်အာရှဒေသဟာ ကမ္ဘာ့နိုင်ငံရေးပေါက်ကွဲမှုရဲ့ ဗဟိုချက်မတစ်ခုဖြစ်လာနိုင်ပါတယ်။ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အမေရိကန်အခြေစိုက်စစ်စခန်းများ ရှိနေပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ  နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ကြပြီး ရုရှားနဲ့ဘေးချင်းကပ်လျက်တည်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့များ မလိုလားအပ်တဲ့ စစ်ပွဲများကို ရှောင်ရှားနိုင်မယ့်  ပူးပေါင်းလုံခြုံရေးအစီအမံများကို တည်ဆောက်ထား နိုင်ပါသလဲ။ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ အဓိကမဏ္ဍိုင်တစ်ရပ် ဖြစ်လာနိုင်ပါသလား။

ဖြေ။ ကျွန်တော် နံပါတ် ၂ မေးခွန်းမှာပြောခဲ့သလိုပဲ အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာ့ စီးပွားရေးဗဟိုချက် (World's Economic Centre of Gravity) ဖြစ်လာတဲ့အတွက် အခွင့်အရေး (Opportunity) နဲ့ ခြိမ်းခြောက်မှု (Threat) ဆိုတာ ဒွန်တွဲနေမှာပါပဲ။ ဒါကြောင့် ဒေသတွင်းမှာ ကျယ်ပြန့်စွာဖွဲ့စည်းထားတဲ့ အာဆီယံရဲ့ကဏ္ဍဟာ ပိုအရေးပါလာပါမယ်။ မလိုလားအပ်တဲ့ ပဋိပက္ခတွေမဖြစ်အောင် ထိန်းသိမ်းဖို့အတွက်ကတော့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်တာတွေ၊ လိုက်နာတာတွေနဲ့ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေတိုးမြှင့်ခြင်းအားဖြင့် အပြန်အလှန်နားလည်မှုခိုင်မာအောင် တည်ဆောက်တာမျိုးတွေ လုပ်ရပါမယ်။

မေး။ အားလုံးသိရှိလက်ခံထားပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးဟာဆိုရင် စစ်မှန်သော ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတွေကို လေးစားတန်ဖိုးထား ကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံတိုင်းမှာ   ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ  ဖွဲ့စည်းထားသော နိုင်ငံအမှုထမ်းအဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံအတွက် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့် စစ်မှန်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကို ပြန်လည်ကျင်းပပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ကြားသိရပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်လို အမြင်မျိုးရှိပါသလဲ။ ကာလအပိုင်းအခြားကန့်သတ်ချက်နဲ့ အဆင့်ဆင့်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကိုလည်း သိလိုပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းဆိုင်ရာဥပဒေအနေနဲ့ရော  ပြောင်းလဲသတ်မှတ် တာတွေရှိလာနိုင်ပါသလား။

ဖြေ။ ကျွန်တော်တို့မြန်မာ့တပ်မတော်ရဲ့သမိုင်းဟာ နိုင်ငံတော်သမိုင်းနဲ့ ဆက်စပ်လျက်ရှိပါတယ်။ ခွဲပြောလို့မရပါဘူး။ တပ်မတော် ကပဲ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နိုင်ငံရဲ့ လွတ်လပ်ရေးကိုရအောင်ယူပေးခဲ့တယ်။ လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ ပြည်တွင်း သောင်းကျန်းမှုကို နှိမ်နင်းပေးပြီး နိုင်ငံ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ရဲ့အခန်းကဏ္ဍကို အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနေရာမှာထားခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စတဲ့နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ပါတီစုံဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို   ကာကွယ်ဖို့ အဓိကတာဝန်ရှိကြောင်း အခြေခံဥပဒေမှာ တာဝန်အပ်နှင်းထားပါတယ်။ ဒီတာဝန်တွေကို  ကျွန်တော်တို့အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ လမ်းခင်းပေးခဲ့တာပါ။ ဒီစနစ်ကနေ ဘယ်တော့မှ ရှောင်လွှဲသွားမှာမဟုတ်ဘူးလို့ အာမခံပါတယ်။ အခုအရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်ကို ကျွန်တော်တို့ရယူထားရတယ်။ အခြေခံဥပဒေမှာ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေရှိပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်မှာ လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်လို့ပြီးရင် ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်တယ်။ သို့သော် ဒီပြီးရမယ့်အချိန်ကလည်း အချိန်အကန့်အသတ်ရှိပါတယ်။ တစ်နှစ်အတွင်း  ပြီးအောင် ကြိုးစားရ မယ်။  မပြီးရင်  နောက်ထပ်ခြောက်လ နှစ်ခါတိုးခွင့်ရှိတယ်။ ပြီးရင်တော့ ရွေးကောက်ပွဲလုပ်ရမှာပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းတွေအားလုံးကို စိစစ်ပြီးပါပြီ။ မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိတာကို ခိုင်လုံစွာတွေ့ရပါတယ်။ အဲဒီလူတွေ ကို ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာ လေးသန်းကျော်လောက်က မှတ်ပုံတင် ပေးဖို့ အရေးတကြီးလိုနေပါတယ်။ ဒါကြောင့် စီမံချက်နဲ့မှတ်ပုံတင်တွေလုပ်ပေးနေပါတယ်။ ဒီလုပ်ငန်းစဉ်ကိုက ၁၈ လလောက်ကြာမယ်လို့ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက ခန့်မှန်းပါတယ်။ ၁၈ လကြာမယ်ဆိုတော့ ဒါက သတ်မှတ်တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲ့ ၃၀၀ လုံး မှန်မှန်ကန်ကန်လုပ်မှ ၁၈ လနဲ့ပြီးမှာ။  တကယ်လို့  အဲဒီလို အရေအတွက်အတိုင်း  မလာဘူးဆိုရင် ဒီ့ထက်ပိုကြာဖို့ပဲရှိတော့တာ။ ကျွန်တော်တို့က မဲစာရင်းမှား တာ၊ မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းတွေထည့်တဲ့အတွက်ကြောင့် မှားတာကို ထောက်ပြထားတာ။ အဲဒီတော့ လာမယ့် ရွေးကောက်ပွဲ အသစ်လုပ်လို့ရှိရင် မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းထဲမှာ ပါလာလို့ရှိရင် ကျွန်တော်တို့ ပြောစရာဖြစ်လာမယ်။ ဒါ့ကြောင့် မဲစာရင်းမှန်ကန်မှုကို အဓိကဖြစ်စေတဲ့ မှတ်ပုံတင်က မရှိမဖြစ် ကျွန်တော်တို့ပေးရမယ့် လုပ်ငန်းတစ်ရပ်ဖြစ်တယ်။ ဒီလုပ်ငန်းပြီးမှ ကျွန်တော်တို့က ရွေးကောက်ပွဲကို စာရင်းဇယားမှန်မှန်နဲ့ ရွေးကောက်ပွဲတစ်ခုလုပ်လို့ရမယ်။ ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခု ပေးရလိမ့်မယ်။ ဒါ့ကြောင့် ၂ နှစ်လည်း ဖြစ်ရင်ဖြစ်သွားမယ်လို့ ကျွန်တော်ပြောတာ။ နောက်တစ်ခုရှိသေးတယ်၊ အဲဒါကဘာလဲဆို တော့ ကျွန်တော်တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဆိုတာရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့်ပုဂ္ဂိုလ်တွေစိစစ်ပေးဖို့။ ဒါတွေလည်း ဒီမဲပေးတဲ့ကာလအတွင်းမှာ    မကြာရအောင်လုပ်ဖို့ဆိုပြီးတော့  တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့ သက်ဆိုင် ရာတွေနဲ့ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်းရှိတယ်။ ဒါလည်း နှောင့်နှေးနေလို့မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း  အဲဒီမှာ  ပြဿနာတစ်ခုကလာလိမ့်မယ်။ ဒါလည်း ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော် ပြောချင်တယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေပြောင်းလဲခြင်း ရှိ၊ မရှိဆိုတာ့ UEC က နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးနေပါ တယ်။ သို့သော်  ပါတီစုံဒီမိုကရေစီစနစ်ကနေ ကျွန်တော်တို့ ဘယ်တော့မှ သွေဖည်သွားမှာမဟုတ်ဘူးလို့ ပြောလိုပါတယ်။

မေး။ ဗိုလ်ချုပ်မှူးကြီးဟာ လက်ရှိအချိန်မှ မြန်မာနိုင်ငံအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာမက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်နေရသူတစ်ဦးဖြစ်တဲ့အတွက် ဥပဒေအကြောင်းအရရော လက်တွေ့ အခြေအနေအရပါ နိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ စောင့်ကြည့် လေ့လာသူများအနေဖြင့်လည်း ဗိုလ်ချုပ်မှူးကြီး ဟာ လုပ်ငန်းခွင်မှာ ယခင်ကထက် မြန်မာ့ရိုးရာဝတ်စုံကို ပိုမိုဝတ်ဆင်လာတယ်လို့ဆိုကြပါတယ်။ မြန်မာနိုင်ငံ ပြည်သူများ အကြားမှာလည်း ထင်ပေါ်ကျော်ကြားမှုဟာ ယခင်ကထက် များစွာပိုမိုမြင့်မားလာ ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရအဖွဲ့ရဲ့ ထိရောက်မှန်ကန်သော ဆုံးဖြတ်ချက်များနဲ့ စီစဉ်ဆောင်ရွက်ပေးနေမှုတွေဟာ ပြည်ပနိုင်ငံများရဲ့ ဖိအားပေးမှုတွေ၊ ပြည်တွင်း အဖျက်သမားများရဲ့ နှောင့်ယှက်ဖျက်ဆီးမှုများကိုပင်မမှုဘဲ သိသိသာသာတိုးတက်ကောင်းမွန်လာတာကို တွေ့မြင်နေကြရပါတယ်။ ဒီအကြောင်းအရာတွေနဲ့ဆက်စပ် ပြီးတော့ စာဖတ်သူပရိသတ်အနေဖြင့် စိတ်ဝင်စားလျက်ရှိတဲ့ မေးခွန်းတစ်ခုကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပြန်လည်စတင်လည်ပတ်လာမည့် နိုင်ငံရေးစင်မြင့်ပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်သလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဖြေ။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားချက်က ကျွန်တော်သည် စစ်သားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်ပြီးခဲ့တဲ့ အချိန်ကာလနဲ့အခြေအနေတွေအရ ကျွန်တော်လုပ်ရတဲ့အလုပ်တွေက နိုင်ငံရေးအလုပ်၊  နိုင်ငံရေးသမား (Politican) ဆိုတာ ထက်   နိုင်ငံရဲ့တည်ဆောက်ရေးအလုပ်၊ နိုင်ငံပြုသမား (State Man) အလုပ်ကို လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေး သမားဆိုတာထက် နိုင်ငံတည်ဆောက်သူ (State Man) အလုပ်ကိုပဲ ပိုပြီးစိတ်ဝင်စားပါတယ်။ ပြည်သူနဲ့နိုင်ငံတော်အတွက် ကျွန်တော့် အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးချပြီး နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည် ဆောက်ရေး (Nation Building) လုပ်ငန်းတွေမှာ ကျရာနေရာကနေ ပါဝင်ဆောင်ရွက်သွားပါမယ်။

မေး။ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနှုန်းဟာ တစ်ဖန်ပြန်လည်မြင့်တက်လာလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ လက်ရှိမြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမယ့်အခြေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို သိရှိလိုပါတယ်။ ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံသွားမယ့် အစီအစဉ်တွေရှိပါသလား။  ဒီစီမံကိန်းတွေမှာ ရုရှားနိုင်ငံအနေနဲ့ ဘာများအကူအညီပေးနိုင်ပါမလဲ။

ဖြေ။  ကိုဗစ်-၁၉  တတိယလှိုင်းကတော့ ကမ္ဘာ့နိုင်ငံတော်တော်များများကို ရိုက်ခတ် လျက်ရှိပါတယ်။ ကျွန်တော်တို့ စုပေါင်းစွမ်းအားနဲ့ တော်တော်ကိုကြိုးကြိုးစားစား ရင်ဆိုင်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း ဇွန်လနဲ့ အခုဇူလိုင်လအတွင်းမှာ ကူးစက်မှုနှုန်း တော်တော်လေးမြင့်မားလျက်ရှိပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ပြည်သူ အတူလက်တွဲ ပူးပေါင်းရင်ဆိုင်လျက်ရှိပါတယ်။ အခက်အခဲ ကတော့ရှိပါတယ်။   ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထားမှုတွေရှိပါတယ်။ အိန္ဒိယကနေ ဆေး သန်း ၃၀ မှာခဲ့တယ်။ ၂ သန်းရောက်ပြီး ပြည်သူ ၁ ဒသမ၇ သန်း ဆေးထိုးပြီးပြီ။ သို့သော် သူတို့နိုင်ငံ မှာလည်း  ရောဂါကူးစက် ဖြစ်ပွားမှုတွေမြင့်နေတော့ ဆေးတွေဆက်မပို့နိုင်တော့ဘူး။ မိတ်ဆွေနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကကူညီတဲ့ဆေးတွေ   ထပ်ရောက် လာဖို့ရှိတယ်။ ရုရှားနိုင်ငံခရီးစဉ်မှာ ကျွန်တော်တို့ နောက်ထပ်ဝယ်ဖို့ သဘောတူခဲ့တဲ့ ဆေး ၂ သန်း အသုတ်လိုက်ခွဲပြီး ထပ်ရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေးကို ရုရှားနိုင်ငံရဲ့အကူအညီနဲ့ ထုတ်လုပ်ဖို့ အခြေခံ သဘော တူထားတာရှိပါတယ်။ ဒီကိစ္စက ပိုမိုထိရောက်နိုင်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးရနိုင်သမျှ ရောင်းချပေးဖို့နဲ့ မြန်မာနိုင်ငံ အတွင်းမှာ ကာကွယ်ဆေးထုတ်ဖို့အစီအစဉ်တွေ  ဖြစ်နိုင်သမျှ   မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခြင်းအားဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

ယခုလို အနှစ်သာရရှိတဲ့ အမေးအဖြေတွေကို စိတ်ရှည်လက်ရှည် ထဲထဲဝင်ဝင်ရှင်းလင်းဖြေကြားပေးခဲ့တဲ့အတွက်ရော ကျွန်မတို့ ရုရှားနိုင်ငံအပေါ်ထားရှိတဲ့ ဖြူစင်ရိုးသားချစ်ခင်လေးစားတဲ့ စိတ်ထားတွေအတွက်ရော ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။ ရုရှားနိုင်ငံဟာလည်း မြန်မာနိုင်ငံလို တိုင်းရင်းသား   မျိုးနွယ်စုပေါင်းများစွာ တူယှဉ်တွဲနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ် နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံလည်း အမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဆောလျင်စွာရရှိကာ ရုရှားနိုင်ငံနှင့်လည်း ဆတက်ထမ်းပိုးတိုး၍ ချစ်ကြည်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုပါတယ်။

ယခုလို ကျေးဇူးတင်စကား ဆုတောင်းစကားများကို ကြားရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ ရုရှားနိုင်ငံ အကြောင်း အနည်းငယ်ထပ်လောင်း ပြောကြားလိုပါတယ်။ ရုရှားပြည်သူ၊ ပြည်သားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ် စနစ်ကို ကြံ့ကြံ့ခံတိုက်ဖျက်ခဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေဟာလည်း ဒီလိုပါပဲ။ ၁၉၉၀ ပြည့်နှစ် တစ်ဝိုက် ကာလတွေမှာလည်း ရုရှားပြည်သူလူထုအနေနဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အချို့အင်အားကြီးနိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့စွက်ဖက်မှုကို  ကြံ့ကြံ့ခံရင်း ရုရှားကိုအင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူလူထုလည်း ဒီလိုပါပဲ။ သို့သော် ကျွန်တော်တို့က အခုထိရုန်းကန်တည်ဆောက်နေရဆဲဖြစ်ပါတယ်။ သမိုင်းဖြစ်စဉ်ဖြစ်ရပ်တွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ တွေ၊ ရင်ဆိုင်နေရဆဲ အခက်အခဲတွေ တူညီကြပါတယ်။ ဒါ့ကြောင့် ရုရှားပြည်သူပြည်သားတွေရဲ့စိတ်ဓာတ်နဲ့   လုံ့လဝီရိယတွေကို ချီးကျူးပါတယ်။ မြန်မာနိုင်ငံပြည်သူလူထုနဲ့ ကျွန်တော်တို့အစိုးရရဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်တည် ဆောက်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုတွေမှာလည်း တတ်နိုင်တဲ့ဘက်က အားပေးဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။   ။

အောင်ကျော်မိုး