၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁ နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအား ကစားကွင်း၌ ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ အချိန်ပို မိနစ် ၃၀ ကစားအပြီး တစ်ဖက်၃ ဂိုးစီသရေကျခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအသင်းက အနိုင်ရရှိသွားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာနှင့် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆုရ စောကျော်ခိုင်ဦး(ကရင်ပြည်နယ်အသင်း)ကို ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီကလည်းကောင်း၊ အကောင်းဆုံး နောက်တန်းကစားသမားဆုရ ရန်နိုင်မင်း ထက်(ရန်ကုန်တိုင်းဒေသကြီးအသင်း)ကိုပြည်ထောင်စုဝန်ကြီး ဦးကိုကိုကလည်းကောင်း၊ အကောင်းဆုံး အလယ်တန်းကစားသမားဆုရ ရဲကောင်းဆက်(ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်ကလည်းကောင်း၊ အကောင်းဆုံးရှေ့တန်းကစားသမားဆုရ သိန်းဇော်သီဟ (ရန်ကုန်တိုင်း ဒေသကြီးအသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ စောသန်းကိုသန်း (ကရင်ပြည်နယ်အသင်း)ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ စတုတ္ထဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းအတွက်ငွေသားဆုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကလည်းကောင်း၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ် များနှင့်ငွေသားဆုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်ကလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် ကရင်ပြည်နယ်အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ပေးအပ်ချီး မြှင့်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများ ကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၉ ရက် အထိ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၃ သင်းဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။