၂၀၂၁ ခုနှစ် မိုးနှောင်းကာလနှင့် စက်တင်ဘာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များနှင့် ကြိုတင်သတိပြုဖွယ်ရာများ

 

 မိုးနှောင်းကာလအပိုင်းအခြားကို စက်တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာတစ်ပြည်လုံးကနေ ဆုတ်ခွာသွား တဲ့ရက်အထိကို သတ်မှတ်ထားပါတယ်။ များသောအားဖြင့် စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများက မုတ်သုံလေစတင်ဆုတ်ခွာလေ့ရှိကြောင်း၊ အနောက်တောင်မုတ်သုံလေဆုတ်ခွာချိန်တွင် မုတ်သုံလေဖိအားနည်း မြောင်တန်း ကလည်း တောင်ဘက်ကိုရွေ့လာပြီး ဘင်္ဂလားပင်လယ်အော်ကိုဖြတ်သန်းတဲ့အခါမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများဖြစ်ပေါ်နိုင်ကြောင်း၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်တဲ့မုန်တိုင်းများသည် မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မှု ရာခိုင်နှုန်းနည်းသော်လည်း မုန်တိုင်းရဲ့သက်ရောက်မှုအရှိန်က မိုးလယ်ကာလမှာဖြစ်တဲ့မုန်တိုင်းများထက်ပိုပြီး သက်ရောက်တဲ့ အရှိန်က ပိုနိုင်ကြောင်း၊ မုတ်သုံလေဆုတ်ခွာချိန်မှာ မိုးသတ်လေပြင်းကျရောက်တာတွေ၊ မုတ်သုံလေဆုတ်ခွာချိန်နဲ့ ဆုတ်ခွာသွားပြီး တဲ့အချိန်များမှာဖြစ်ပေါ်လေ့ရှိတဲ့ လေထုမငြိမ်မသက်ဖြစ်မှုများကနေ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ လေပြင်းတိုက်ခြင်း စတဲ့သဘာဝဘေးများကိုသတိထားရန်နှင့် မုတ်သုံအထွက်မှာဖြစ်ပေါ်တဲ့ မိုးတိမ်တောင်များကနေ အချိန်တိုတိုနဲ့ မိုးသည်းထန်နိုင်တဲ့အတွက်လည်း လျှပ်တစ်ပြတ်ရေကြီးမှုတွေကိုသတိထားရန်လိုကြောင်းတို့ကို စာဖတ်သူများ သိရှိ စေရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းနှင့် တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါသည်-

မေး။     မင်္ဂလာပါဆရာ၊  ပထမဆုံးအနေနဲ့ လာမယ့်ရာသီကာလအတွက် မိုးလေဝသနဲ့ဇလဗေဒအခြေအနေတွေကို မဆွေးနွေးခင်  ပြီးခဲ့တဲ့  သြဂုတ်လအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ မိုးရွာသွန်းမှုအခြေအနေနဲ့မြစ်ရေးကြီးမှုအခြေအနေများကို    ပြန်လည်သုံးသပ်ပေးပါဦး ဆရာ။

ဖြေ။      ဟုတ်ကဲ့ပါ- သြဂုတ်လအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသ/ဇလဗေဒအခြေအနေများနဲ့ပတ်သက်ပြီး ရာသီလေဖြစ်တဲ့ မုတ်သုံလေရဲ့အင်အား၊ မိုးရရှိမှုအခြေအနေများကို သုံးသပ်ကြည့်တဲ့အခါမှာယခုနှစ်ရဲ့ မိုးလယ်ကာလ ဒုတိယလဖြစ်တဲ့ သြဂုတ်လမှာတော့ ပထမလဖြစ်တဲ့ ဇူလိုင်လထက် မုတ်သုံလေကအားလျော့တာတွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာလည်း လေဖိအားနည်းရပ်ဝန်း နှစ်ခုလောက်ဖြစ်ခဲ့ပြီး အဲဒီလေဖိအားနည်းရပ်ဝန်းတွေက မုတ်သုံမုန်တိုင်းငယ်အဆင့်ထိတော့ အားကောင်း မလာခဲ့ပေမယ့်လည်းမြန်မာနိုင်ငံအပေါ်မိုးရွာသွန်းမှုကိုတော့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဒီအပြင် တောင်တရုတ် ပင်လယ်ပြင် ဘက်မှာလည်း တိုင်ဖွန်းမုန်တိုင်းဖြစ်ပေါ်မှုတွေများလာပြီး မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များ၊လေပွေလှိုင်းများလည်း မြန်မာနိုင်ငံ ဘက်သို့ ရောက်လာတာတွေရှိပါသည်။ ဒီလိုဖြစ်စဉ်တွေနဲ့ဆက်စပ်ပြီးမုတ်သုံလေဖိအားမြောင်တန်းက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ ဖြတ်သန်းတာတွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့် အလယ်ပိုင်းဒေသတွေအပါအဝင် ဒေသတော်တော်များများမှာ မိုးရွာ သွန်းမှုကများလာခဲ့ပါတယ်။ ဒါပေမဲ့ လကုန်ခါနီးလောက်မှာတော့ မုတ်သုံလေအားပြတ်သလိုဖြစ်သွားခဲ့ပြီး မြောက်ပိုင်းဒေသများမှ လွဲ၍ မိုးရွာသွန်းမှုတွေပြန်လည်လျော့နည်းသွားခဲ့ပါတယ်။

သြဂုတ်လအတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိဒေသအချို့မှာ နေရာကွက်ပြီး မိုးကြီးတာ၊ ဒေသအလိုက်မိုးကြီး တာတွေဖြစ်ခဲ့ သော်လည်း ၂၄ နာရီအတွင်း  မိုးရွာသွန်းမှုစံချိန်တင်ဖြစ်ခဲ့တာကတော့ ၂-၈-၂၀၂၁ ရက်နေ့မှာ မော်လိုက်၊ ၆-၈-၂၀၂၁ရက်နေ့မှာ အောင်လံနဲ့ ၁၆-၈-၂၀၂၁ ရက်နေ့မှာကန့်ဘလူတို့ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လအတွက် မိုးရရှိမှုကို ရွာသွန်းမြဲမိုးရေချိန်နှင့် နှိုင်းယှဉ်ကြည့်ရင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်နှင့်ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့်နဲ့ နေပြည်တော်၊ပဲခူးတိုင်းဒေကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရွာသွန်းမြဲအောက်လျော့နည်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်လရဲ့ မိုးရရှိမှုကို အနီးစပ်ဆုံးနှစ်များဖြစ်တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တို့နဲ့ နှိုင်းယှဉ်ရင် မြောက်ပိုင်းဒေသတွေမှာ အများဆုံးဖြစ်ခဲ့ပြီး ကျန်ဒေသတွေမှာလျော့နည်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ မြစ်ရေအခြေအနေနဲ့ပတ်သက်ပြီး သုံးသပ်ရရင် ဇူလိုင်လအကုန်မှာ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်နဲ့ တောင်ပိုင်းဒေသများမှာ ထူးကဲမိုးရွာသွန်းမှုကြောင့်သြဂုတ်လဆန်းပိုင်းမှာ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဘီးလင်းမြစ်တို့မှာ မြစ်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။ သြဂုတ်လ ဒုတိယ ဆယ်ရက်ပတ်ကနေ လကုန်အထိ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှာ မိုးအဆက်မပြတ်ရွာသွန်းမှု၊မိုးများမှုတွေကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဖျားပိုင်းတို့မှာ မြစ်ရေများတိုးလာခဲ့ပြီး ချင်းတွင်းမြစ်အနေနဲ့မော်လိုက်မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန် ရောက်ရှိခဲ့တာတွေ့ရပါတယ်။ နောက် ဘားအံ့မြို့မှာလည်းသံလွင်မြစ်ရေက စိုးရိမ်ရေမှတ်ကို နောက်တစ်ကြိမ်ပြန်လည် ရောက်ရှိခဲ့ ပါတယ်။ သို့သော်လည်း ဒီနှစ်မှာစစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ချင်းတွင်းမြစ်တို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ခဲ့တဲ့ မြို့များမှ စိုးရိမ်ရေမှတ်အထက်ကို ရက်ကြာကြာတည်ရှိမှုမဖြစ်ခဲ့တာကို တွေ့ရပါတယ်။

မေး။ အခုဆိုရင် မိုးလယ်ကာလလည်း ပြီးဆုံးလို့ မိုးနှောင်းရာသီကိုရောက်လာပြီ    ဖြစ်ပါတယ်။ မိုးနှောင်ရာသီအတွက် ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေ၊   မိုးရွာသွန်းမှုနဲ့မြစ်ရေအခြေအနေများကိုလည်း ပြောပြပေးပါဦးဆရာ။

ဖြေ။      ဟုတ်ပါတယ်။    အခုရာသီကာလဟာမိုးနှောင်းကာလဖြစ်ပါတယ်။ မိုးနှောင်းကာလအပိုင်းအခြားကို စက်တင်ဘာလ ၁ ရက် နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာတစ်ပြည်လုံးကနေ ဆုတ်ခွာသွားတဲ့ရက် အထိကိုသတ်မှတ်ထားပါတယ်။ များသော အားဖြင့်စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများက မုတ်သုံလေစတင် ဆုတ်ခွာလေ့ ရှိပါတယ်။ ဒီနှစ်ရဲ့ မုတ်သုံလေ ဆုတ်ခွာမှုအလားအလာကတော့ စက်တင်ဘာလ ၁၃-၁၈ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ  စက်တင်ဘာလ ၁၉-၂၄ ရက်အတွင်း  မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ စက်တင်ဘာလ၂၅-၃၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများနဲ့ အောက်တိုဘာလ၁-၆ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

အနောက်တောင် မုတ်သုံလေဆုတ်ခွာချိန်မှာ မုတ်သုံလေဖိအားနည်းမြောင်တန်းကလည်း တောင်ဘက်ကိုရွေ့လာပြီး ဘင်္ဂလား ပင်လယ် အော်ကို ဖြတ်သန်းတဲ့အခါမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းများဖြစ်ပေါ်တတ်ပါသည်။ မုန်တိုင်းနဲ့ပတ်သက်လို့ စက်တင်ဘာလ အတွင်းဖြစ်ပေါ်တဲ့ မုန်တိုင်းများဟာမြန်မာနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်မူ ရာခိုင်နှုန်းနည်းသော်လည်း မုန်တိုင်းရဲ့ သက်ရောက်မှုအရှိန်ကမိုးလယ်ကာလမှာဖြစ်တဲ့ မုန်တိုင်းများထက်ပိုပြီးသက်ရောက်တဲ့အရှိန်က ပိုနိုင်ပါတယ်။ ဒီကာလမှာဖြစ်ပေါ် တဲ့မုန်တိုင်းများဟာ ပင်လယ်အတွင်းမှာရက်အတော်ကြာကြာ တည်ရှိနေတတ်တဲ့အတွက်ကုန်းပေါ်ရော ပင်လယ်ပြင်မှာပါ  ရာသီ ဥတု ဆိုးရွားမှုကို ရက်အတော်ကြာကြာဖြစ်နေတတ်ပါတယ်။

မိုးနှောင်းကာလအတွင်းမှာ များသောအားဖြင့်မိုးလျော့နည်းသွားတတ်ပါတယ်။ ဒါပေမဲ့  အခြားသော မိုးလေဝသအချက် အလက်များ ဖြစ်တဲ့ မုတ်သုံလေ ပြန်လည်ဆုတ်ခွာမှုနောက်ကျခြင်း၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်း များ၊ လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းအကြွင်းအကျန်များ မြန်မာနိုင်ငံသို့ ဖြတ်ကျော်ခြင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ဖိအား နည်း ရပ်ဝန်းများ အရှေ့ဘက်သို့ရွေ့လျားခြင်းနဲ့ ဟိမဝန္တာမြောက်ဘက်မှ လေစိုင်ဆုံများ အရှေ့တောင်ဘက်သို့ရွေ့လျားတဲ့အခါမှာ မိုးပိုမိုရရှိစေပါတယ်။ မုတ်သုံဆုတ်ခွာသွားပြီးဖြစ်တဲ့ဒေသများမှာဆိုရင် မုတ်သုံမိုးမဟုတ်ပေမယ့် အထက်မှာတင်ပြခဲ့တဲ့ မိုးလေဝသ ဖြစ်စဉ်တစ်ခုခုကြောင့် မိုးများရရှိနိုင်သေးတဲ့ အနေအထားရှိပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာဆိုရင် အရှေ့ဘက်မှ မုန်တိုင်းအကြွင်းအကျန်များ၊ လေပွေလှိုင်းများ၊ ဖိအားနည်းရပ်ဝန်းများ၊  ဝင်ရောက်ဖြတ်သန်းသွားတတ်ခြင်းတို့ကြောင့်   မိုးများစေပါတယ်။ မှတ်တမ်းများအရဆိုရင် မိုးနှောင်းကာလ အတွင်းရွာသော မိုးရေ ချိန်ဟာ မိုးဦးနဲ့မိုးလယ်ကာလတို့မှာ ရွာသွန်းသော  မိုးရေချိန်တို့ထက်  ပိုများတတ်ပါတယ်။

မေး။     ဟုတ်ကဲ့ပါဆရာ စက်တင်ဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်းဖြစ်ပေါ်မှုအလားအလာ၊ မုတ်သုံလေအခြေအနေ၊ မိုးလေဝသအခြေအနေနဲ့ မြစ်ကြီးများရဲ့    မြစ်ရေအခြေအနေများကိုရော ဘယ်လိုရှိနိုင်တယ်ဆိုတာသုံးသပ်ပေးပါဦးဆရာ။

ဖြေ။      ဟုတ်ကဲ့ပါ။  စက်တင်ဘာလအတွက်  မုန်တိုင်းဖြစ်ပေါ်နိုင်မှုအလားအလာ  ခန့်မှန်းချက်အနေနဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။ မုတ်သုံလေ ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့် အတင့်ရှိနိုင် ပါတယ်။ မိုးရွာသွန်းမှုနဲ့ မိုးရွာရက်များအနေနဲ့ကတော့နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့် မိုးရရှိနိုင် ပါတယ်။

စက်တင်ဘာလအတွင်း မိုးရွာရက်များအလားအလာကတော့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၁ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့ တွင် ၁၆ ရက်မှ၂၀ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၅ ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ပါသည်။

မေး။     မြစ်ကြီးများမှာဖြစ်ပေါ်နိုင်တဲ့ မြစ်ရေအခြေအနေများကိုလည်း ဆွေးနွေးပေးပါဦးဆရာ။

ဖြေ။      ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်၊ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင်တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင်တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည်ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့်စိုးရိမ်ရေမှတ်ကို ရောက်နိုင်ပါတယ်။

မေး။     စက်တင်ဘာလ ပထမ ၁၀ ရက်ပတ်အတွက်  မိုးလေဝသနဲ့  မြစ်ရေအခြေအနေများကိုလည်းပြောပြပေးပါဦး။

ဖြေ။      ၂၀၂၁ ခုနှစ် စက်တင်ဘာလ  ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များ ကတော့

 ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက် တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့် အတင့်ရှိနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

မိုးရွာသွန်းမှုအခြေအနေမှာ ရှမ်းပြည်နယ်တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲ အောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ၉ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်  ၄  ရက်မှ  ၆  ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။  

မြစ်ရေအခြေအနေ

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ချောက်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၁ ပေမှ ၃ ပေခန့်  လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပြီး မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ စစ်တောင်းမြစ်ရေသည်  တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၂ ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၁ ပေခန့်နှင့်  ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါသည်။

မေး။ စက်တင်ဘာလမှာ ကြိုတင်သတိပြုဖွယ်ရာ မိုးလေဝသနဲ့ဇလဗေဒအခြေအနေများကို မိဘပြည်သူတွေ ပိုမိုသိရှိနိုင်အောင် ဆွေးနွေးပေးပါဦးဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ။ ကြိုတင်သတိပြုဖွယ်ရာများအနေနဲ့ကတော့ စက်တင်ဘာလဟာ မိုးနှောင်းကာလဖြစ်ပြီး  မုတ်သုံလေ စတင် ဆုတ်ခွာတော့မယ့် အချိန်ကာလများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် မိုးလေဝသအခြေအနေတွေက အရေးပါ တဲ့ကာ လဖြစ်ပါတယ်။ အထူးသဖြင့် ဆည်မြောင်းတာတမံများမှာ နွေရာသီကာလအတွက် စိုက်ပျိုးရေဖူလုံဖို့ ရေသိုလှောင်မှုကို လုပ်ဆောင်ရာမှာ မိုးနှောင်းကာလမိုးရွာသွန်းမှုအခြေအနေတွေက သတိပြုစရာဖြစ်ပါတယ်။

မိုးနှောင်းကာလမှာဖြစ်ပေါ်တဲ့ မုတ်သုံမုန်တိုင်းငယ်များဟာ အားနည်းနေတဲ့ မုတ်သုံလေအင်အားကို အားကောင်းလာစေပြီး မုန်တိုင်းက ကုန်းတွင်းသို့ဝင်ရောက်သည်အထိ သုံးရက်ခန့် ဆက်၍အားကောင်းနေကာ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများနိုင်တဲ့ အခြေအနေရှိလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် လပတ်နဲ့ ဆယ်ရက်ပတ်အလိုက် ထုတ်ပြန်တဲ့ မိုးလေဝသ အခြေအနေ သတင်းများကိုကြည့်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှုအလားအလာ မိုးရရှိမှုက နည်းမှာလား၊ မိုးများနိုင်သေး လားဆိုတာ ထည့်သွင်းစဉ်း စားပြီးတော့ စိုက်ပျိုးရေးအတွက် အောင်ရေရရှိမှုနဲ့ရေသိုလှောင်မှုကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နောက်ကြိုတင်သတိထားရမယ့် မိုးလေဝသဖြစ်စဉ်တစ်ခုကတော့ မုတ်သုံလေဆုတ်ခွာချိန်မှာ မိုးသက်လေပြင်းကျရောက်တာတွေ၊ မုတ်သုံလေဆုတ်ခွာချိန်နဲ့ ဆုတ်ခွာသွားပြီးတဲ့ အချိန်များမှာ ဖြစ်ပေါ်လေ့ရှိတဲ့ လေထုမငြိမ်မသက်ဖြစ်မှုများကနေ   မိုးတိမ်တောင် များဖြစ်ပေါ်ပြီး မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခြင်း စတဲ့သဘာဝဘေးများကို သတိထားရပါမယ်။ မုတ်သုံ အထွက်မှာဖြစ်ပေါ်တဲ့ မိုးတိမ်တောင်များကနေ အချိန်တိုတိုနဲ့ မိုးသည်းထန်နိုင်တဲ့အတွက်လည်း လျှပ်တစ်ပြက်ရေကြီးမှုတွေကို သတိထားရမှာဖြစ်ပါတယ်။

မြစ်များအတွက်ကတော့ စက်တင်ဘာလဟာ တတိယမြစ်ရေကြီးရာသီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြစ်ချောင်းများမှာ ရေခံကောင်းနေတဲ့အခါ မိုးနှောင်းမိုးရွာသွန်းမှုများနဲ့အတူ မြစ်ရေကြီးမှုများထပ်မံဖြစ်နိုင်သေးလို့ဖြစ်ပါတယ်။ သို့သော်လည်း မြစ်များမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိမှုအခြေအနေဟာ မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်နဲ့သြဂုတ်လတို့ထက်   ရာခိုင်နှုန်း အားဖြင့်တော့ နည်းပါတယ်။ မြစ်ရေကြီးခြင်းသတိပေးချက်နဲ့ မြစ်ရေအခြေအနေသတင်းထုတ်ပြန်မှုများကို အထူးဂရုပြု စေလိုပါ တယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ သဘာဝဘေးများနဲ့ပတ်သက်ပြီး ထူးခြားမိုးလေဝသအခြေအနေများ၊  မုတ်သုံလေ အခြေအနေ၊ မိုးကြီးမည့်သတိပေးချက်များ၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေများ၊ မြစ်များရဲ့စိုးရိမ်ရေမှတ်ကို   ရောက်ရှိနိုင်မယ့် အခြေအနေများ၊ သတိပေးချက်များကို မိဘပြည်သူများထံ ကြိုတင်အသိပေးတင်ပြပေးသွားမှာဖြစ်ပါတယ်။    ။

 

မြဝတီ